တရုတ် ရုပ်သံတွေမှာ အနောက်အုပ်စု နာမည်ကြီးကုမ္ပဏီတွေရဲ့ တံဆိပ်တွေကို ဆင်ဆာဖြတ်

တရုတ်၊ ရှင်ဂျန်း၊ ဝိဂါ၊ အနောက်အုပ်စု ကုမ္ပဏီ

ဓာတ်ပုံ ရင်းမြစ်, Tencent

ဓာတ်ပုံ ပုံစာ, Chuang 2021 ရုပ်သံအစီအစဉ်မှာ ကပြဖျော်ဖြေသူတွေ ဝတ်ထားတဲ့ အဝတ်တွေပေါ်က အနောက်နိုင်ငံ နာမည်ကြီးကုမ္ပဏီ တံဆိပ်တွေကို မှုန်ဝါးထားတဲ့အတွက် သူတို့တစ်ကိုယ်လုံးပါ ဝါးနေ
ရေးသားခဲ့သည်။

တရုတ်နိုင်ငံမှာ ရှင်ဂျန်းပြည်နယ်ထွက် ချည်ထည်တွေကို အားပေးကြဖို့ မြှင့်တင်ကြော်ငြာတဲ့ လှုပ်ရှားမှုတွေကို ထောက်ခံတဲ့အနေနဲ့ တရုတ် ရုပ်မြင်သံကြားဌာနတွေက သူတို့ရဲ့ အစီအစဉ်တွေမှာ အနောက်အုပ်စု နိုင်ငံတွေက ဘရန်းတံဆိပ်တွေကို မမြင်ရအောင် မှုန်ဝါးထားကြတာ တွေ့ရပါတယ်။

တီရှပ်တွေကအစ ဖိနပ်အဆုံး ပစ္စည်း တစ်ခုချင်းစီမှာ ပေါ်နေတဲ့ ဘရန်းတံဆိပ်တွေကို အစီအစဉ် ထုတ်လုပ်သူ အယ်ဒီတာတွေက ဆင်ဆာဖြတ် မှုန်ဝါးအောင် လုပ်နေတဲ့အတွက် ထုတ်လွှင့်မှုတချို့ နှောင့်နှေးမှုတွေ ဖြစ်ခဲ့ရပါတယ်။

တရုတ်နိုင်ငံ ရှင်ဂျန်းပြည်နယ်က ချည်ထည် ထုတ်လုပ်မှုတွေမှာ လူနည်းစု ဝိဂါ မွတ်ဆလင်တွေကို အဓမ္မ လုပ်အားပေး ခိုင်းစေနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ထုတ်ဖော်ပြောခဲ့ကြတဲ့ အနောက်အုပ်စု အဝတ်အထည်လုပ်ငန်းရှင်တွေဟာ တရုတ်နိုင်ငံတွင်းက ဒီလိုတုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဝိဂါတွေကို မတရား ခိုင်းစေနေတယ် ဆိုတာကို တရုတ်အစိုးရက ငြင်းဆိုနေပြီး အခုရက်ပိုင်းအတွင်း နာမည်ကြီး ဘရန်းကုမ္ပဏီအတော်များများ သပိတ်မှောက်ခံခဲ့ရပါတယ်။

အွန်လိုင်းတွေပေါ်မှာ ဒေါသတကြီး ထုတ်ဖော်ရေးသားမှုတွေ အများအပြား ရှိနေပြီး တရုတ် နာမည်ကြီး အနုပညာရှင်တွေကလည်း ရှင်ဂျန်းပြည်နယ်ထုတ် ချည်ထည်တွေကို အားပေးကြောင်း ပြတဲ့အနေနဲ့ အနောက်နိုင်ငံက နာမည်ကျော် ကုမ္ပဏီကြီးတွေနဲ့ လူသိရှင်ကြား အဆက်ဖြတ် ခဲ့ကြပါတယ်။

အခုတော့ လူကြိုက်များတဲ့ ရုပ်သံ အစီအစဉ်တွေကလည်း ဒီအထဲမှာ ပါလာကြပါပြီ။ ဒါပေမဲ့လည်း သူတို့ရဲ့ လုပ်ရပ်က မရည်ရွယ်ဘဲ ရယ်စရာတွေ ဖြစ်ခဲ့ရပါတယ်။

Sisters Who Make Waves လို နာမည်ကြီး ရုပ်သံ ဇာတ်လမ်းတွဲမျိုးတွေမှာ ပါတဲ့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေဆိုရင် သူတို့စီးထားတဲ့ ဖိနပ်ပေါ်က တံဆိပ်တွေကို မှုန်ဝါးထားတာကြောင့် အောက်ပိုင်းကို မမြင်ရတော့ဘဲ လေပေါ်မှာ မျောနေသလိုမျိုး ဖြစ်နေပါတယ်။

တရုတ်၊ ရှင်ဂျန်း၊ ဝိဂါ၊ အနောက်အုပ်စု ကုမ္ပဏီ

ဓာတ်ပုံ ရင်းမြစ်, Weibo

ဓာတ်ပုံ ပုံစာ, Sisters Who Make Waves ရုပ်သံဇာတ်လမ်းတွဲမှာဆိုရင် လူတွေ လေထဲ မျောနေသလိုပုံမျိုး ဖြစ်နေ

Chuang 2021 လို ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲ အစီအစဉ်ဆိုရင် ကြည့်ရ အတော့်ကို ဆိုးပါတယ်။ အဲဒီအစီအစဉ်မှာ ပါဝင်သူတွေအားလုံးဟာ အနောက်နိုင်ငံက နာမည်ကြီး ဘရန်းတံဆိပ်ပါတဲ့ အဝတ်တွေကို ခြေဆုံးခေါင်းဆုံး ဝတ်ထားကြတာပါ။

ဒါပေမဲ့လည်း ဒီလို ဆင်ဆာဖြတ်ဖို့ ပိုခက်တဲ့ အစီအစဉ်တွေထဲက တစ်ခုကတော့ ပြိုင်ပွဲဝင်တွေ အများကြီးပါတဲ့ Youth With You ဆိုတဲ့ ဖြစ်ရပ်မှန် ပြိုင်ပွဲ အစီအစဉ် ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ထုတ်လုပ်တဲ့ အီကီယီ ကုမ္ပဏီက ဇာတ်လမ်းတွဲသစ် တစ်ခုကို မထုတ်သေးဘဲ ဆိုင်းငံ့ထားတယ်လို့ မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။

ဒါပေမဲ့ ၂ ရက်အကြာမှာတော့ အဲဒီအစီအစဉ်မှာ လူ ၅၀ ကျော်ရဲ့ တီရှပ်တွေပေါ်က တံဆိပ်တွေ မှုန်ဝါးထားတာကို ရုပ်မြင်သံကြား ပရိသတ်တွေက ချက်ချင်း သတိပြုမိခဲ့ကြပါတယ်။

တရုတ်၊ ရှင်ဂျန်း၊ ဝိဂါ၊ အနောက်အုပ်စု ကုမ္ပဏီ

ဓာတ်ပုံ ရင်းမြစ်, Mango TV

ဓာတ်ပုံ ပုံစာ, အနောက်အုပ်စု ကုမ္ပဏီအမှတ်တံဆိပ်ပါအင်္ကျီတွေ ဝတ်ထားကြတဲ့ အဆိုတော်တချို့
တရုတ်၊ ရှင်ဂျန်း၊ ဝိဂါ၊ အနောက်အုပ်စု ကုမ္ပဏီ

ဓာတ်ပုံ ရင်းမြစ်, IQIYI

ဓာတ်ပုံ ပုံစာ, Youth With You ရုပ်သံဇာတ်လမ်းတွဲမှာ လူ ၅၀ ကျော်ရဲ့ တီရှပ်ပေါ်က အမှတ်တံဆိပ်တွေကို မှုန်ဝါးအောင် လုပ်ပြီး ဆင်ဆာဖြတ်ထား

အခုလို ဖြစ်လာရတဲ့ နောက်ကြောင်း ရာဇဝင်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ဂျန်းပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေကြောင့် တရုတ်အပေါ် အမေရိကန်နဲ့ တခြား အနောက်အုပ်စုနိုင်ငံ ခေါင်းဆောင်တွေက ဖိအားပေးမှုတွေ တိုးမြှင့်လုပ်လာခဲ့အပြီးမှာပဲ ဒီချည်ထည်ကိစ္စ အငြင်းပွားမှု ပေါ်ပေါက်လာခဲ့တာပါ။

မနှစ်တုန်းက ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့တဲ့ H&M အဝတ်ကုမ္ပဏီကြီးကို တရုတ်အစိုးရ သတင်းမီဒီယာတွေနဲ့ အင်တာနက် သုံးသူတွေက ပထမဆုံး သပိတ်မှောက်ခဲ့ပြီး အဲဒီနောက်မှာ ကျန်တဲ့ ကုမ္ပဏီကြီး အတော်များများကိုပါ သပိတ်မှောက်ခဲ့ရာကနေ ရှင်ဂျန်းပြည်နယ်ထွက် ချည်ထည်တွေကို အားပေးကြဖို့ ဆိုတဲ့ လှုပ်ရှားမှုကို ပြီးခဲ့တဲ့ လက တရုတ်နိုင်ငံမှာ စခဲ့ကြပါတယ်။

အဲဒီကုမ္ပဏီတချို့ရဲ့ အွန်လိုင်းဆိုင်တွေ တရုတ်နိုင်ငံမှာ အပိတ်ခံခဲ့ရပြီး သူတို့ရဲ့ စတိုးဆိုင်ကြီးတွေလည်း ဒစ်ဂျစ်တယ် မြေပုံတချို့ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒီပြဿနာမှာ ပါနေတဲ့ Nike၊ Adidas နဲ့ Puma အပါအဝင် နာမည်ကြီး ကုမ္ပဏီတချို့ဟာ လူမှုစီးပွားဘဝ မထိခိုက်စေဘဲ ချည်ထည် ရေရှည်ထုတ်လုပ်နိုင်ရေးကို အားပေး မြှင့်တင်နေတဲ့ Better Cotton Initiative (BCI)အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ရှင်ဂျန်းပြည်နယ်မှာ အဓမ္မ ခိုင်းစေမှု အန္တရာယ်တွေ ပိုများလာနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အဲဒီက လုပ်ငန်းတွေနဲ့ အဲဒီဒေသထွက် ချည်ထည်တွေဝယ်ဖို့ လိုင်စင်ကို ဆိုင်းငံ့ လိုက်ပြီ ဖြစ်လို့ (BCI)အဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလက ပြောပါတယ်။

ရှင်ဂျန်းပြည်နယ်က ဝါခင်းတွေမှာ တရုတ်အစိုးရက ဝိဂါမွတ်ဆလင်တွေ အပါအဝင် လူနည်းစု လူမျိုးဝင် သိန်းပေါင်းများစွာကို အလုပ်ကြမ်းတွေ အဓမ္မ လုပ်ခိုင်းနေတယ် ဆိုတဲ့ စုံစမ်း လေ့လာချက်သစ် တစ်ခုကို ဘီဘီစီက ဒီဇင်ဘာလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

သနားစရာ ဗီဒီယို တည်းဖြတ်ရသူများ

လူမှုကွန်ရက်တွေပေါ်မှာ ဟာသလုပ် ပြောနေကြတာတွေ ရှိနေပေမဲ့ အစီအစဉ် တည်းဖြတ်ရသူ ဝန်ထမ်းတွေကို ကိုယ်ချင်းစာ သနားမိတယ်လို့ အွန်လိုင်းပေါ်က လူအတော်များများက ထုတ်ဖော် ရေးခဲ့ကြတာ တွေ့ရပါတယ်။

ဝေဘို လူမှုကွန်ရက်ပေါ်က တစ်ယောက်ဆိုရင် "အဲဒီလူတွေက အတော့်ကို ပင်ပင်ပန်းပန်း လုပ်ကြရတာ။ သူတို့ ညဖက် အိပ်ရမယ်တောင် မထင်ဘူး" လို့ ရေးထားပါတယ်။ ဒီလို အနောက်နိုင်ငံကုမ္ပဏီတွေရဲ့ နာမည်ကြီးတံဆိပ်တွေကို မှုန်ဝါးအောင် လုပ်ထားတာကို တချို့ကလည်း လူမှုကွန်ရက်ပေါ်မှာ သူတို့ကိုယ်ပိုင်ဟန်နဲ့ ရီစရာ ပုံတူဆွဲ ဖော်ပြခဲ့ကြပါတယ်။

အခုလို ရုပ်မြင်သံကြား အစီအစဉ်တွေမှာ အနောက်နိုင်ငံ ကုမ္ပဏီတွေရဲ့ တံဆိပ်တွေကို မှုန်ဝါးအောင်လုပ် ဆင်ဆာဖြတ်တာတွေ မတိုင်ခင် အရင်တုန်းကလည်း တရုတ်နိုင်ငံမှာ ဟစ်ပ်ဟော့ပ် တေးဂီတ၊ ဆေးမင်ကြောင်ထိုးတာ၊ ရင်ဘတ်ပေါ်တာတွေကို ဆင်ဆာဖြတ် ပိတ်ပင်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက တရုတ်အစိုးရက လူကြိုက်များတဲ့ တရုတ်ဗီဒီယိုတစ်ခုမှာ နားကပ်ဝတ်ထားတဲ့ အမျိုးသား သရုပ်ဆောင်တစ်ဦးရဲ့ နားရွက်ကို မှုန်ဝါးအောင် လုပ်ပြီး ဆင်ဆာဖြတ်ခဲ့တဲ့ အတွက် အွန်လိုင်းပေါ်မှာ အချေအတင် အငြင်းပွားစရာ ဖြစ်ခဲ့ရပါတယ်။

အဲဒီတုန်းက ဒီလို ဆင်ဆာ ဖြတ်ရတာဟာ ရိုးရာယဉ်ကျေးမှုထုံးစံအရ အမျိုးသားတွေရဲ့ ကဏ္ဍကို ထိန်းသိမ်းကာကွယ်ဖို့ လုပ်ခဲ့တာ ဆိုတဲ့အချက်အပေါ် လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် ကန့်ကွက် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။