ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိုဆာကာမြို့က အဆောက်အအုံမီးလောင်လို့ အနည်းဆုံး လူ ၂၇ ဦး သေဆုံး
ဂျပန်နိုင်ငံ အိုဆာကာမြို့လယ်က အဆောက်အအုံတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၇ ဦး အသက် ဆုံးရှုံးခဲ့ပါတယ်။
ဒီမီးကို တစ်ဦးတစ်ယောက်က တမင်ရှို့ခဲ့တာလားဆိုတာကို ရဲတွေက စုံစမ်းနေတယ်လို့ ဂျပန် ရုပ်သံလွှင့်ဌာန NHK က ထုတ်လွှင့်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် အဆောက်အအုံမှာရှိနေကြတဲ့လူတွေ မီးခိုးတွေရှူမိလို့ မွန်းကြပ်တာနဲ့ နှလုံးခုန်ရပ်တန့်တဲ့ ဝေဒနာတွေခံစားခဲ့ကြရတယ်လို့ သတင်းက ဆိုပါတယ်။
အဆောက်အအုံရဲ့ လေးထပ်မှာ လောင်တဲ့မီးကို မီးသတ်သမားတွေ ငြှိမ်းသတ်ပြီးချိန်မှာ အဲဒီအထပ်က ပြတင်းပေါက်တွေ မီးလောင်ထားလို့ မည်းနက်နေတာကို ဗီဒီယိုတွေမှာ တွေ့ရပါတယ်။
သေဆုံးသွားကြသူ အားလုံးလိုလိုဟာ အဲဒီအထပ်မှာ ရှိတဲ့ စိတ်ရောဂါကုသရေးဆေးခန်းမှာ ရှိနေကြသူတွေဖြစ်ပါတယ်။ ဒီအဆောက်အအုံရှိတဲ့ အရပ်ကလည်း အိုဆာကာမြို့လယ်က လူစည်ကားတဲ့ ရပ်ကွက်ဖြစ်ပါတယ်။
ဒေသအချိန် မနက် ၁၀ နာရီလောက်မှာ မီးလောင်ကျွမ်းနေမှု သတင်းကို မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာနတွေ ရခဲ့ပါတယ်။
မီးခိုးမည်းတွေ အများကြီးထွက်နေတယ်၊ အနံ့ဆိုးဆိုးကြီးလည်း ရတယ်လို့ မျက်မြင်တစ်ဦးက NHK ကို ပြောပါတယ်။
နောက်ထပ်မျက်မြင်တစ်ဦးကတော့ အဲဒီအဆောက်အအုံထဲကနေ အမျိုးသမီးတစ်ယောက်က ကယ်ပါလို့ အော်နေတာ သူမြင်ရတယ်လို့ ဆိုပါတယ်။
"ကျွန်မအပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ လေးထပ်က ပြတင်းပေါက်တစ်ခုကနေ မီးညွန့်တွေထွက်နေတာတွေ့တယ်။ အပေါ်ထပ် ခြောက်ထပ်ကလည်း အမျိုးသမီးတစ်ယောက်က သူ့ကို ကယ်ဖို့ လက်ဝှေ့ယမ်းပြနေတာတွေ့ရတယ်" လို့ သူကဆက်ပြောပါတယ်။
အဲဒီ အဆောက်အအုံက လူတချို့ကိုတော့ မီးသတ်သမားတွေက လှေကားတွေထောင်ပြီး ကယ်ထုတ်ပေးခဲ့ပါတယ်။
မီးကို နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့ကြပါတယ်။ အထဲမှာတော့ မီတာ ၂၀ ပတ်လည်လောက်ရှိမယ့် နေရာ မီးလောင်ကျွမ်းသွားတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
တခြားအထပ်တွေကို မီးကူးပျက်စီးတာ၊ ပတ်ဝန်းကျင်က အဆောက်အအုံတွေကို မီးလောင်တာမျိုးတော့ မရှိခဲ့ပါဘူး။၂၀၁၉ တုန်းက ကျိုတိုမြို့မှာ လူတစ်ယောက်က ရုပ်ရှင်စတူဒီယိုတစ်ခုကို မီးရှို့ခဲ့လို့ လူ ၃၆ ယောက် အသက်ဆုံးခဲ့ရဖူးပါတယ်။