အရေးပေါ် ဖြစ်လာခဲ့ရင် ဆိုပြီး ပစ္စည်းတွေ စုဆောင်းထားဖို့ ပြည်သူတွေကို တရုတ်အစိုးရ တိုက်တွန်း

တရုတ်၊ ကိုဗစ်၊ ဟင်းသီးဟင်းရွက်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာလ ၂ ရက်နေ့က ဘေဂျင်းမြို့ စူပါမားကက် တစ်ခုမှာ လိုအပ်တဲ့ ပစ္စည်းတွေ အပြေးအလွှား ဝယ်နေကြပုံ
ရေးသားခဲ့သည်။

တရုတ်နိုင်ငံမှာ တကယ်လို့များ အရေးပေါ် ဖြစ်လာခဲ့သော် ဆိုပြီး မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ စုဆောင်း ထားကြဖို့ တရုတ်မိသားစုတွေကို အစိုးရက တိုက်တွန်းထားပါတယ်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အသိပေး ကြေညာချက်ထဲမှာ အကြောင်းပြချက် တစုံတရာ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ ကိုဗစ် လော့ခ်ဒေါင်းတွေ ဆက်ချမှတ်ထားသလို မကြုံစဖူး မိုးသည်းထန်မှုတွေကြောင့် စိုက်ခင်းတွေ ပျက်စီးခဲ့ရပြီး ဟင်းသီးဟင်းရွက်တွေ ရရှိနိုင်မှုအပေါ် စိုးရိမ်မှုတွေ ပေါ်ထွက်နေချိန်မှာပဲ ဒီအသိပေး ကြေညာချက် ထွက်ပေါ်လာတာပါ။

ဒါ့အပြင် ကုန်စည်ပစ္စည်း သယ်ယူပို့ဆောင်မှုတွေ ဆက်အဆင်ပြေ ချောမွေ့စေဖို့နဲ့ စျေးနှုန်းတွေ ဆက်တည်ငြိမ်နေအောင် လုပ်ဆောင်ကြဖို့ကိုလည်း ဒေသန္တရ အာဏာပိုင်တွေကို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

တရုတ်၊ ကိုဗစ်၊ ဟင်းသီးဟင်းရွက်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကြေညာချက် ထွက်အပြီး လူတွေ အလုအယက် စျေးပြေးဝယ်ကုန်ကြ

အဲဒီနောက်မှာ လူတွေ အထိတ်တလန့်နဲ့ ပစ္စည်းတွေ အလုအယက် ဝယ်ယူ စုဆောင်းနေကြတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာတဲ့အခါမှာတော့ လူထုကို မစိုးရိမ်ကြဖို့ အစိုးရ သတင်းမီဒီယာကနေ တိုက်တွန်းခဲ့ပါတယ်။

"ဒီ အသိပေး ညွှန်ကြားချက် ထွက်လာတာနဲ့ တပြိုင်နက် ကျွန်တော့်အိမ်နားမှာ နေတဲ့ သက်ကြီးရွယ်အိုတွေ အားလုံး အလန့်တကြား ဖြစ်ကုန်ကြပြီး စူပါမားကက်မှာ ပစ္စည်းတွေ အလုအယက် ပြေးဝယ်ကြတော့တာပါပဲ" လို့ တစ်ယောက်က ဝေဘို တရုတ် လူမှုကွန်ရက် မီဒီယာပေါ်မှာ ရေးထားတာ တွေ့ရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ထောက်ခံအားပေးတဲ့ သတင်းစာတစ်စောင် ဖြစ်တဲ့ The Economic Daily သတင်းစာထဲမှာ လူတွေကို အထိတ်တလန့် မဖြစ်ကြဖို့ တိုက်တွန်းထားပြီး အစိုးရရဲ့ ဒီ အသိပေး ကြေညာချက်ဟာ တကယ်လို့ လော့ခ်ဒေါင်း ကြေညာခဲ့ရင် အိမ်ထောင်စုတွေ အဆင်သင့် ပြင်ထားနိုင်အောင် လုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

The People's Daily သတင်းစာကြီးမှာလည်း ဒီလို အသိပေးကြေညာချက်မျိုးက မထူးဆန်းကြောင်း၊ ဒါပေမဲ့ ဟင်းရွက်စျေးတွေ တက်တာ၊ ကိုဗစ်ရောဂါတွေ ဖြစ်နေတာတွေ အပါအဝင် လတ်တလော ပြဿနာမျိုးတွေကြောင့် ဒီလိုအချိန်မျိုးမှာ ထုတ်ပြန်ကြေညာရတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ ဆောင်းရာသီ နီးလာရင် စားသောက်ကုန် စျေးနှုန်းတွေ တက်လေ့ ရှိပါတယ်။ ဒါပေမဲ့ ရာသီဥတု ထူးကဲ ဖောက်ပြန်မှုကြောင့် လတ်တလော သီတင်းပတ်တွေအတွင်း ဟင်းသီးဟင်းရွက်စျေးတွေ အဆမတန် ထိုးတက်သွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ လော့ခ်ဒေါင်းစည်းမျဉ်းတွေ တင်းတင်းကျပ်ကျပ် ဆက်ချထားပါတယ်။ တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဖေဖော်ဝါရီလကျရင် ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲ မတိုင်ခင် တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု လုံးဝ ကင်းစင်သွားဖို့ တရုတ်အစိုးရက ကြိုးစား လုပ်ဆောင်နေတာပါ။

တနင်္လာနေ့တုန်းက တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုသစ် ၉၂ ခု ရှိခဲ့တယ်လို့ သိရပြီး ရှန်ဟိုင်း ဒစ္စနီလန်း အပန်းဖြေဥယျာဉ်မှာ သီတင်းပတ်ကုန်ရက်ပိုင်း သွားရောက် လည်ပတ်ခဲ့သူတစ်ဦး အိမ်ပြန်အလာမှာ ကိုဗစ်ရောဂါ ရှိနေကြောင်း အတည်ပြု စစ်ဆေးတွေ့ခဲ့အပြီးမှာ အပန်းဖြေ ဥယျာဉ်ကို အနည်းဆုံး နှစ်ရက်ကြာ ပိတ်ထားလိုက်ပါတယ်။