ထိုင်ဝမ်ကို တရုတ်က တိုက်လာရင် အမေရိကန်ကာကွယ်မယ် လို့ ဘိုင်ဒန်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင် အမေရိကန်က ကာကွယ်ပေးမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါဟာ ကာလရှည် ကိုင်စွဲထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒကနေ ခွဲထွက်လာတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့် ရှိသူက မစ္စတာ ဘိုင်ဒန်ရဲ့ ပြောကြားချက်တွေကြောင့် မူဝါဒပိုင်း အပြောင်းအလဲ ဖြစ်လာတယ်လို့ ဆိုလို့မရကြောင်း အမေရိကန် မီဒီယာတွေကို ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ကို ကာကွယ်ပေးဖို့အတွက် လိုအပ်ရင် အကူအညီပေးရမယ်လို့ ဥပဒေ ရှိပါတယ်။
ဒါပေမယ့် တကယ်တမ်း တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဘယ်လို တုံ့ပြန်မယ်ဆိုတာကိုတော့ တိတိကျကျ ပြဆိုထားတာ မရှိဘဲ လိုသလို အဓိပ္ပာယ်ဖွင့်လို့ရတဲ့ မဟာဗျူဟာ မူဝါဒကို ကိုင်ထားတာ ဖြစ်ပါတယ်။
မစ္စတာ ဘိုင်ဒန်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ တရုတ်ဘက်ကတော့ တစုံတရာ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
ဘိုင်ဒန်နဲ့ အိမ်ဖြူတော်က ဘာပြောခဲ့သလဲ
CNN သတင်းဌာနက ကမကထလုပ် ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲတခုမှာ တက်ရောက်လာသူတွေက မကြာသေးခင်က တရုတ်က အသံထက် ငါးဆမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်စမ်းသပ်မှုတွေကို ရည်ညွှန်းပြီး မစ္စတာ ဘိုင်ဒန်ကို ထိုင်ဝမ်ကို ကာကွယ်ဖို့ ရည်ရွယ်ထားသလား၊ တရုတ်ရဲ့ စစ်စွမ်းရည် မြှင့်တင်မှုတွေကို ဘယ်လို တုံ့ပြန်မလဲ လို့ မေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအခါမှာ မစ္စတာ ဘိုင်ဒန်က "ဟုတ်တယ်" လို့ ဖြေခဲ့ပြီး တရုတ်ပိုပြီး အင်အားကြီးလာ မလားဆိုတာကိုလည်း စိတ်ပူစရာ မလိုကြောင်း ပြောခဲ့ပါတယ်။
ဘာကြောင့်လဲ ဆိုရင် အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့သမိုင်းတလျှောက်မှာ စစ်အင်အား အကြီးမားဆုံး နိုင်ငံ ဖြစ်တယ်ဆိုတာကို တရုတ်၊ ရုရှားနဲ့ တကမ္ဘာလုံးက သိထားကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် သူ့ကို CNN သတင်းဌာနရဲ့ သတင်းတင်ဆက်သူ Anderson Cooper က အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင်ရော ကာကွယ်ပေးမှာလားလို့ မေးခဲ့ပါတယ်။ အဲဒီအခါမှာ မစ္စတာ ဘိုင်ဒန်က ဟုတ်တယ်၊ သူတို့မှာ ဒီလို ကာကွယ်ပေးဖို့ ကတိကဝတ်တွေ ရှိပါတယ်လို့ ဖြေခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာပဲ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မစ္စတာ ဘိုင်ဒန်ရဲ့ စကားတွေကို ဖာထေးပြောကြားခဲ့ပြန်ပါတယ်။ သူက အမေရိကန်မီဒီယာတွေကို အမေရိကန်ဘက်က နိုင်ငံခြားရေး မူဝါဒအပြောင်းအလဲဖြစ်တယ်လို့ ကြေညာတာမဟုတ်ကြောင်းနဲ့ ဘာအပြောင်းအလဲမှလည်း မရှိကြောင်း ပြောခဲ့ပါတယ်။
ဒီလို ဖြစ်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သြဂုတ်လကလည်း ABC News သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာ ဘိုင်ဒန်က အမေရိကန်ဟာ ထိုင်ဝမ်နဲ့ ပတ်သက်လို့ အခုလို ပုံစံမျိုးကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ အိမ်ဖြူတော်က အမေရိကန်ရဲ့ ထိုင်ဝမ်ဆိုင်ရာ မူဝါဒ အပြောင်းအလဲ မရှိကြောင်းပြောခဲ့ရပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန် ဆက်သွယ်မှုမျိုး မရှိပါဘူး။ ဒါပေမယ့် အမေရိကန်ဟာ ထိုင်ဝမ်ကာကွယ်ရေး အတွက် အကူအညီတွေ ပေးရမယ်ဆိုတဲ့ ထိုင်ဝမ်ဆက်ဆံရေးဆိုင်ရာ အက်ဥပဒေအရ ထိုင်ဝမ်ကို လက်နက်ရောင်းပါတယ်။
- တရုတ်နဲ့ထိုင်ဝမ် တင်းမာမှု နှစ် ၄၀ အတွင်း အဆိုးဆုံး အခြေအနေရောက်
- တရုတ်-ထိုင်ဝမ် ခြားနားမှု သမိုင်းကြောင်းနဲ့ အလားအလာ
- တရုတ်စစ်လေယာဥ်တွေ အလုံးအရင်းနဲ့ ထိုင်၀မ်ဇုံထဲ ၀င်ရောက်ပြ
- ထိုင်ဝမ် လွတ်လပ်ရေးတောင်းတာဟာ 'စစ်ပွဲ' လို့ တရုတ်က သတိပေး
- ထိုင်ဝမ်နဲ့“ပြန်လည်ပေါင်းစည်းရေး” ဖြစ်အောင်လုပ်ရမယ်လို့ တရုတ်သမ္မတ အခိုင်အမာပြော
တဖက်မှာ အမေရိကန်ဟာ တရုတ်နဲ့ သံတမန်ရေးအရ တရားဝင် ဆက်ဆံရေး ရှိပါတယ်။ တရုတ်ရဲ့ တရုတ်အစိုးရ တခုတည်းရှိတယ်ဆိုတဲ့ ရပ်တည်မှုကို အသိအမှတ် ပြုပေးထားပါတယ်။
ထိုင်ဝမ်နဲ့ တရုတ်က ဘယ်လို တုံ့ပြန်ကြသလဲ
ထိုင်ဝမ်သမ္မတရုံးကတော့ ဖိအားတွေကို အလျှော့ပေးမှာ မဟုတ်သလို ဒီလို အကူအညီရလည်း အလောတကြီးလည်း ရှေ့တိုးမှာ မဟုတ်ကြောင်း ပြောပါတယ်။
သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Xavier Cheng က ထိုင်ဝမ်ဟာ ကိုယ့်ဘာသာ ကာကွယ်နိုင်တယ်ဆိုတာကို ပြသမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး သူက ဘိုင်ဒန်အစိုးရရဲ့ ထိုင်ဝမ်အပေါ် မယိမ်းမယိုင် ထောက်ခံ ရပ်တည်ပေးမှုကိုလည်း အသိအမှတ်ပြုကြောင်း ပြောခဲ့ပါတယ်။
တရုတ်ကတော့ ဒီအပေါ်မှာ ဘာမှ တုံ့ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ကြာသပတေးနေ့ အစောပိုင်း မစ္စတာ ဘိုင်ဒန်ရဲ့ တွေ့ဆုံပွဲ မတိုင်ခင်မှာပဲ တရုတ်ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်က အမေရိကန်ဟာ အန္တရာယ်များတဲ့ အပြုအမူတွေကို လုပ်နေတယ်၊ ထိုင်ဝမ်ရေလက်ကြားက အခြေအနေတွေကို ပိုပြီး အန္တရာယ်များတဲ့ ဘက်ဆီကို ဆွဲခေါ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
မကြာသေးခင် သီတင်းပတ်တွေက စပြီး ဘေကျင်းက သူတို့ရဲ့ စစ်လေယာဥ် ဒါဇင်များစွာကို ထိုင်ဝမ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးဇုန်ထဲကို ဖြတ်ပြီးပြန်သန်းစေခဲ့တာကြောင့် ထိုင်ဝမ်နဲ့ တရုတ်တို့ အကြားမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

တရုတ်အရေး သတင်းထောက် စတီဗင် မက်ဒေါ်နယ်ရဲ့ သုံးသပ်ချက်
မကြာသေးခင်က စပြီး ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ စကားစစ်ထိုးမှုတွေ ဖြစ်လာခဲ့ပါတယ်။
တကယ်လို့ ဘေကျင်းက ထိုင်ဝမ်ကို ပြန်လည်သိမ်းပိုက်ဖို့ အင်အားသုံးမယ် ဆိုရင် ထိတ်လန့်စရာကောင်းမှာ ဖြစ်သလို ခက်ခဲမယ့် ကိစ္စလည်း ဖြစ်ပါတယ်။
ဆိုတော့ ဒီလို ဖြစ်မလာနိုင်ဘူးလို့လည်း တထစ်ချ မှတ်ယူလို့ မရနိုင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ အမိန့်ပေးတဲ့ တရုတ်ခေါင်းဆောင်ဟာ မတူညီတဲ့ ခံယူချက်တွေအတွက် နည်းပညာပိုင်း မြင့်မားတဲ့ လက်နက်တွေသုံးပြီး ဟန် တရုတ်တွေ အချင်းချင်း တိုက်ခိုက်ပြီး သွေးချောင်းစီးစေသူ ဖြစ်သွားမှာပါ။
တရုတ် အစိုးရက ဒီလို တိုက်ကြခိုက်ကြ ဖြစ်လာရင် လူထုထောက်ခံမှု ရဖို့ အတွက် ထိုင်ဝမ်က ခွဲထွက်ရေး သမားတွေအကြောင်း ပြည်မက ပြည်သူလူထုအကြား ဝါဒဖြန့် ရိုက်သွင်းထားပေမယ့် တကယ်တမ်းမှာ လွယ်ကူမှာ မဟုတ်ပါဘူး။
Global Times သတင်းစာက ဘယ်လောက်ပဲ စစ်ရေး အောင်မြင်မှုတွေရှိပါတယ်ဆို ဝေဝေဆာဆာ တင်နေလည်း ဆွေမကင်း မျိုးမကင်း ဖြစ်ကောင်း ဖြစ်နေမယ့် လူမျိုးတူတဲ့ ရန်သူ့စစ်သားတွေ ကန်တင်းကမ်းခြေမှာ လဲကျသေဆုံးနေတဲ့ ပုံတွေကို မြင်ရတဲ့အခါ ဖုံးဖိဖို့ ခက်တဲ့ အမှားအယွင်းတခုလို ဖြစ်လာမှာ ဖြစ်ပါတယ်။
ထိုင်ဝမ်ကို ရပြီပဲ ထားဦး၊ ထိုင်ဝမ်လူဦးရေ ၂၄ သန်းထဲက အများစုက ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုကို မလိုချင်တဲ့ ဒါကို ဆန့်ကျင်တဲ့ လူတွေ ဖြစ်ပါတယ်။ ဒီလို လူတွေနဲ့ ဒီနယ်မြေကို ထိန်းချုပ်နိုင်ဖို့ ဆိုတာမျိုးကလည်း ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်လာနိုင်ပါတယ်။
ဒီလို စစ်ပွဲကို စတင်ဖို့ အတွက် အမိန့်ပေးခဲ့သူဟာ ဒီကိစ္စ တခုတည်းအတွက် တာဝန်ရှိသူ ဖြစ်လာမှာ မဟုတ်ပါဘူး။ နောက်ဆက်တွဲ ဖြစ်လာမယ့် ဒေသတွင်း မတည်ငြိမ်မှုတွေ အတွက်ပါ တာဝန်ရှိသူ ဖြစ်လာမှာပါ။ နောက်ပြီး အမေရိကန်ရဲ့ စစ်တပ်ကြီးကို ဖိတ်ခေါ်လိုက်ရုံသာမက၊ သြစတေးလျနဲ့ ဂျပန်တို့ပါ စစ်ပွဲထဲ ပါဝင်လာနိုင်ပါတယ်။
ရှီကျင့်ဖျင်ဟာ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကို သူ့ခေါင်းဆောင်မှု သက်တမ်းအတွင်း ပေါင်းစည်းချင်မှာပါ။ ဒါပေမယ့် အထက်မှာ ဆိုခဲ့တဲ့ အချက်တွေကို ထည့်စဥ်းစားရင်း ဒီကိစ္စက တော်တော်ကို ပြဿနာ ရှိပါတယ်။
တရုတ် ပြည်မက တချို့ မီဒီယာတွေက ရဲရဲတောက် လေလုံးကြီးကြီးနဲ့ မြှောက်ပင့်တာတွေ ဘယ်လိုပဲ လုပ်လုပ် တရုတ်အစိုးရထဲက ခေါင်းအေးအေးနဲ့ စဥ်းစားတတ်သူတွေကတော့ လတ်တလောမှာတော့ တိုက်ဖို့ ခိုက်ဖို့ကို စဥ်းစားကြဦးမှာ မဟုတ်ပါဘူး။
ဒါပေမယ့် တဘက်မှာ တရုတ်ရဲ့ စစ်ရေး စွမ်းရည်က တက်လာနေပြန်တော့ အထက်က ခန့်မှန်းချက်တွေကလည်း နှစ်ပိုင်းအတွင်းမှာပဲ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








