မြောက်ကိုရီးယား ရေငုပ်သင်္ဘောကပစ်တဲ့ ဒုံးတစ်စင်း ဂျပန်ပင်လယ်ထဲကျတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, KCNA
မြောက်ကိုရီးယား ရေငုပ်သင်္ဘောကနေ ပစ်လွှတ်လိုက်တယ်လို့ ယူဆရတဲ့ ဒုံးကျည် တစ်စင်း ဂျပန်ကမ်းလွန်ပင်လယ်ထဲကို ကျလာတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
၂၀၂၁ ဇန်နဝါရီအတွင်းက စစ်ရေးပြ အခမ်းအနားတခုမှာ ရေငုပ်သင်္ဘောကတဆင့် ပစ်ခတ်ရတဲ့ (ballistic missile) ဒုံးကျည်အမျိုးအစားအသစ် တမျိုးကို ပြသခဲ့ပြီး "ဒါဟာ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး လက်နက်တခု" ဖြစ်တယ်လို့လည်း မြောက်ကိုရီးယားက ကြေညာခဲ့တာ ရှိပါတယ်။
တောင်ကိုရီးယားက အလားတူလက်နက်မျိုးပိုင်ဆိုင်ထားတယ်လို့ ထုတ်ပြအပြီး သီတင်းပတ်ပိုင်းအကြာမှာ မြောက်ကိုရီးယားဘက်က အခုလို ထုတ်ပြောခဲ့တာပါ။
အဲ့ဒီနောက်ပိုင်းမှာလည်း မြောက်ကိုရီးယားဟာ လက်နက် စမ်းသပ်ပစ်လွှတ်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး အသံထက်မြန်တဲ့ ဒုံးကျည်တွေနဲ့ တာဝေးပစ် လက်နက်တွေ စမ်းသပ်ပစ်လွှတ်တာတွေပါ လတ်တလောမှာ လုပ်ပြခဲ့ပါတယ်။
အဲ့ဒီထဲက တချို့ လက်နက်စမ်းသပ်မှုတွေဟာ နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားတာပါ။
နျူကလီးယားလက်နက်တွေအပါအဝင် ballistic missile ဒုံးကျည်စမ်းသပ်တာတွေ မလုပ်ဖို့ ကုလသမဂ္ဂက မြောက်ကိုရီးယားကို အထူးပိတ်ပင်တားဆီးထားပါတယ်။
ပိုမြန်မြန်၊ ပိုပိုဝေးဝေးနဲ့ အလေးချိန်ပိုသယ်နိုင်တဲ့ ballistic missile ဒုံးကျည်တွေဟာ ခရုဇ်ဒုံးကျည်တွေထက် ပိုခြိမ်းခြောက်နိုင်တယ်လို့ ကုလသမဂ္ဂက လက်ခံထားပါတယ်။
ရေငုပ်သင်္ဘောတွေစုရပ်တစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားအရှေ့ပိုင်း ဆင်ပို ဆိပ်ကမ်းကနေ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယား ဒုကာကွယ်ရေးဦးစီးချုပ်ကလည်း အင်္ဂါနေ့က ပြောခဲ့ပါတယ်။
အဲ့ဒီဒုံးကျည်က ဂျပန်ပင်လယ်လို့ လူသိများတဲ့ အရှေ့ပင်လယ်ထဲကို ကျသွားတာလို့သိရပြီး ရေငုပ်သင်္ဘောကနေ ပစ်လွှတ်လိုက်တာလို့ ယူဆနေကြပါတယ်။
အမြင့် ၃၇ မိုင်ကျော်အထိနဲ့ အကွာအဝေး ၂၈၀ မိုင်ရောက်အောင် ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်ဖြစ်တယ်လို့ တောင်ကိုရီး ယားမီဒီယာကလည်း သတင်းထုတ် ပြန်ထားတာရှိပါတယ်။
မြောက်ကိုရီးယားက ဒုံးကျည် ၂စင်းပစ်လွှတ်လိုက်တဲ့ ကိစ္စဟာ မြောက်ကိုရီးယားအတွက် "အရမ်းနောင်တရစရာ ကောင်းတယ်"လို့ ဂျပန် ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါကလည်း ပြောပါတယ်။
ရေငုပ်သင်္ဘောကနေ ပစ်တာ ဘာလို့ ထူးသလဲ
၂၀၁၉ အောက်တိုဘာလတုန်းကလည်း ရေအောက်ကပစ်လွှတ်တဲ့ ဖူကူဆောင်-၃ ဒုံးကျည်ကို ရေငုပ်သင်္ဘောကနေ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
အဲဒီတုန်းက စမ်းသပ်မှုကို ပြင်ပကိုအထိအခိုက်နည်းအောင် ခပ်မြင့်မြင့်ချိန်ပြီး ပစ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA သတင်းအေဂျင်စီက ရေးခဲ့သေးတယ်။
ဒါပေမဲ့ တကယ်လို့သာ အဲ့ဒီဒုံးကျည်ကို စံသတ်မှတ် လမ်းကြောင်းအတိုင်းသာ ပစ်မယ်ဆိုရင် အကွာအဝေးက ကီလိုမီတာ တစ်ထောင့်ကိုးရာပတ်ဝန်းကျင် အထိပစ်နိုင်တဲ့ အတွက် တောင်ကိုရီးယားနဲ့ ဂျပန်အထိရောက်နိုင်တဲ့ အနေအထားရှိပါတယ်။
ပြီးတော့ ရေငုပ်သင်္ဘောကနေပစ်တဲ့ ဒုံးကျည်က ထောက်လှမ်းဖို့ ပိုခက်ခဲပြီး ပစ်တဲ့ပစ်မှတ်ကိုလည်း ပိုပြီး အနီးစပ်ဆုံး ထိနိုင်ပါတယ်။

တောင်ကိုရီးယားဘက်ကလည်း မြောက်ကိုရီးယားလိုမျိုး လက်နက်စမ်းသပ်နေတာ တွေရှိနေတာကြောင့် ကိုရီးယားကျွန်းဆွယ်ပေါ်မှာ လက် နက်ပြိုင် ဆိုင်မှုတွေပြင်းထန်လာလိမ့်မယ်လို့ လေ့လာသူတွေက ပြောနေကြပါတယ်။
ဒီတစ်ပတ်ထဲမှာ တောင်ကိုရီးယားရဲ့ အကြီးဆုံးကာကွယ်ရေး ပြပွဲတစ်ခုလို့ပြောလို့ရတဲ့ ပြပွဲတစ်ခုကို ဆိုးလ်မြို့မှာကျင်းပဖို့ ရှိပါတယ်။
အဲ့ဒီမှာ ပဲ့ထိန်းဒုံးကျည်တွေအပါအ၀င် တိုက်လေယာဉ် အသစ်တွေကိုလည်း အဲ့ဒီပြပွဲမှာ ထုတ်ပြဖို့ အစီအစဉ် ရှိပါတယ်။
၁၉၅၃ ခုနှစ်မှာ စစ်ပွဲ အဆုံးသတ်ခဲ့ပေမဲ့ တရားဝင်ငြိမ်း ချမ်းရေးစာချုပ်ချုပ် ဆိုထားတာမရှိသေးတဲ့အတွက် မြောက်ကိုရီးယားနဲ့ အမေရိကန်ထောက်ခံထားတဲ့ တောင်ကိုရီးယားဟာ လက်ရှိအချိန်ထိ စစ်ဖြစ်နေဆဲ နိုင်ငံတွေလို့ ပြောလို့ရပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်းကလည်း စစ်ထပ်ဖြစ်ချင်တဲ့ ဆန္ဒ သူ့မှာမရှိဘူးလို့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ပြောထားပါတယ်။
တစ်ဖက်မှာလဲ အမေရိကန်နိုင်ငံကို ရန်လိုတဲ့နိုင်ငံလို့ စွပ်စွဲပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ် ဖို့ အတွက် မြောက်ကိုရီးယားက လက်နက်တွေတိုး ထုတ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။


မြောက်ကိုရီးယားရဲ့ မရှင်းလင်းတဲ့ သဘောထား
တောင်ကိုရီးယား သတင်းထောက်၊ လော်ရာ ဘစ်ကာရဲ့ သုံးသပ်ချက်
မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေပစ်လွှတ်နိုင်တဲ့ နျူကလီးယား ဒုံးကျည်တွေ စမ်းသပ်တာတွေနဲ့ လက်နက်တိုးထုတ်တာကို နှစ်ပေါင်းများစွာ ကြိုးစားထုတ်လုပ်နေပါတယ်။
ဒါပေမယ့်ရေငုပ်သင်္ဘောကနေ ပစ်ခတ်တာ တွေ သူတို့ တကယ်လုပ်လာနိုင်ပြီလား။ ထွက်လာတဲ့ ပုံတွေနဲ့ မြောက်ကိုရီးယားရဲ့စမ်းသပ်မှု ဘယ်အဆင့်ထိအောင်မြင်နေလဲဆိုတာ ဝေဖန်ဆန်းစစ်သူတွေရဲ့အပြောကို စောင့်ကြည့်ရပါဦးမယ်။
သေသေချာဆန်းစစ်လေ့လာကြည့်ရင် မြောက်ကိုရီးယားရေငုပ်သင်္ဘောတွေက အသံဆူပီး ခြေရာခံဖို့ လည်းလွယ်ပါတယ်။
ဒါကြောင့် ဒါတွေဟာ လူအထင်ကြီးအောင်ပြတဲ့ အနေအထားတွေလို့လည်း ပြောနိုင်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက သူတို့ကိုယ်ပိုင် ရေငုပ်သင်္ဘောကနေ ဒုံးကျည်တစ်ခုကို တောင်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ဒါကို မြောက်ကိုရီးယားက မမှုပါဘူး။
ဒါကြောင့် သူတို့ ၂ နိုင်ငံကြားမှာ ဒေသတွင်းလက်နက်ပြိုင်ဆိုင်မှုကပြင်းထန်လာနေချိန်မှာ ဆွေနွေးညှိနှိုင်းပြီး ပြေလည်သွားမယ်လို့လည်း မျှော်လင့်နိုင်ပါသေးသလား။
တွေ့ဆုံ စကားပြောနိုင်ဖို့ တောင်ကိုရီးယားဘက်ကမျှော်လင့်ထားပေမယ့် ကင်ဂျုံအွန်းဘက်က အကွဲကွဲအပြားပြား သတင်းစကားတွေ ပေးနေပါတယ်။ ဒုံးကျည်ပစ်လွှတ်တာတွေလုပ်လိုက် ၊ နောက်ကျရင် ခြိမ်းချမ်းရေးဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ ပြောလိုက်နဲ့ ရှုပ်ထွေးနေပါတယ်။
ထုံးစံအတိုင်းပါပဲ မြောက်ကိုရီးယားရဲ့ အခြေအနေကတော့ ခန့်မှန်းရခက်ပါတယ်။

လတ်တလောမှာလည်း မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး တောင်ကိုရီး ယား၊ဂျပန်၊အမေရိကန်နိုင်ငံတို့က ထောက်လှမ်းရေးအကြီးအကဲတွေ ဆိုးလ်မြို့မှာ ဆွေးနွေးနေကြပါတယ်။
ကိုရီးယားစစ်ပွဲပြီးဆုံးသွားပြီဆိုတာ တရားဝင်ကြေညာသင့်လားဆိုတဲ့ ကိစ္စနဲ့ မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးရေး ဘယ်လိုပြန်စရမလဲကိစ္စတွေဆွေးနွေးဖို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဆွန်ကင်လည်း ဆိုးလ်ကို လာနေပါပြီ။
ကြိုတင်သတ်မှတ်ထားတွေမပါတဲ့ မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးမယ့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အစိုးရရဲ့ ရပ်တည်ချက်သဘောထားကိုလည်း ပြီးခဲ့တဲ့ ၂၄နာရီအတွင်းမှာ သူ ထုတ်ပြောခဲ့ပြီးပါပြီ။
အရင်က အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆွေးနွေးမှုတွေဟာလည်း နျူကလီးယား လက်နက်ဖျက် သိမ်းရေးဆိုင်ရာ ကြီးကြီးမားမား သဘောမတူမှုတွေကြောင့် ပျက်ခဲ့ပါတယ်။
ပိတ်ဆို့မှုတွေ မဖြေလျှော့ခင် မြောက်ကိုရီးယားဘက်က နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အမေရိကန်က လိုလားနေတာပါ။









