“ပါကစ္စတန်ရဲ့ နျူကလီးယားဗုံး ဖခင်ကြီး” ဆိုတဲ့ သိပ္ပံပညာရှင် ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Reuters
“ပါကစ္စတန်နိုင်ငံရဲ့ နျူကလီးယားဗုံး ဖခင်ကြီး” ဆိုပြီး မှတ်ယူခံရတဲ့ ဒေါက်တာ အဗ္ဗဒူ ကာဒီးယားခန်းဟာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ ဆေးရုံတက်ရအပြီး အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
ဒေါက်တာ အဗ္ဗဒူ ကာဒီးယားခန်းဟာ ပါကစ္စတန်နိုင်ငံကို ကမ္ဘာပေါ်က အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့ နိုင်ငံတွေထဲမှာ နျူကလီးယားနည်းပညာ ပထမဆုံးရရှိတဲ့ နိုင်ငံဖြစ်အောင် စွမ်းဆောင်ပေးလို့ နိုင်ငံ့သူရဲကောင်းအဖြစ် ချီးကျူးခံရပေမယ့်လည်း အီရန်နဲ့ မြောက်ကိုရီးယားတို့ကိုလည်း နျူကလီးယား လျှို့ဝှက်ချက်တွေ ဝေမျှခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။
ကျူခန်းလို့လည်း အများသိကြတဲ့ ဒီသိပ္ပံပညာရှင်ဟာ အစ္စလာမာဘတ်မြို့အနီး ကဟူတာဒေသမှာ နျူကလီးယားစက်ရုံ ပထမဆုံး ဆောက်လုပ်နိုင်မှုအတွက် အဓိက အရေးပါသူဖြစ်ပြီး ပါကစ္စတန်ဟာ ၁၉၉၈ မှာ ပထမဆုံး နျူးကလီးယား စမ်းသပ်မှုတွေလည်း စလုပ်ခဲ့ပါတယ်။
အဲဒီအချိန်က အိန္ဒိယနိုင်ငံကလည်း အလားတူ နျူကလီးယားစမ်းသပ်အပြီး သိပ်မကြာခင်မှာပဲ ပါကစ္စတန်ကလည်း စမ်းသပ်အောင်မြင်ခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ သတ္တမမြောက် နျူကလီးယားနည်းပညာ ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒေါက်တာ ခန်းဟာ ၂၀ဝ၄ ခုနှစ်မှာတော့ နျူကလီးယားနည်းပညာတွေကို လစ်ဗျား၊ အီရန်၊ မြောက်ကိုရီးယားတို့ကိုလည်း တရားမဝင် ဝေမျှမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ဒီလို သိရှိသွားတဲ့ ပါကစ္စတန်လူထုအတွက် အံ့သြစရာ ဖြစ်ခဲ့ရရာမှာ သူကလည်း ရုပ်မြင်သံကြားကနေ တောင်းပန်ခဲ့ပါတယ်။
အဲဒီကာလက ပါကစ္စတန်သမ္မတ ပါဗက် မူရှာရက်ဖ်က သူ့ကို ထောင်မချပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၂၀ဝ၉ ခုနှစ်အထိ နေအိမ် အကျယ်ချုပ်နဲ့ ထားခဲ့ပါတယ်။
နျူကလီးယားနည်းပညာ အကြီးမားဆုံး ပျံ့နှံ့သွားစေခဲ့သူလို့ အနောက်ကမ္ဘာက သူ့ကို သတ်မှတ်ထားရာမှာ အခုလို လျှော့ပေါ့တဲ့အတွက်ကြောင့် မကျေမနပ် ဖြစ်ခဲ့ကြပေမယ့် ပါကစ္စတန်မှာ သူ့ရဲ့ နိုင်ငံ့သူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ်က ဆက်လက် တည်မြဲနေခဲ့ပါတယ်။
လက်ရှိ ပါကစ္စတန် သမ္မတ အာရစ်ဖ် အယ်လဗီက ဒေါက်တာခန်း အခုလို ကွယ်လွန်ရာမှာ နိုင်ငံကို ကယ်တင်ပေးရာ ရောက်ခဲ့တဲ့ နျူကလီးယားနည်းပညာရဲ့ ကာကွယ်ပေးမှု ဖွံ့ဖြိုးအောင် စွမ်းဆောင်ပေးခဲ့သူကို ပါကစ္စတန်နိုင်ငံက ဘယ်တော့မှ ကျေးဇူးမေ့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။




