ဂျပန်ဝန်ကြီးချုပ်နေရာ ယှဥ်ပြိုင်မှု ဖူမီယို ကီရှီဒါ အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန် အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်နေရာကို ဖူမီယို ကီရှီဒါက ယှဥ်ပြိုင်အနိုင်ရခဲ့တဲ့အတွက် သူဟာ နောက်တက်လာမယ့် ဂျပန်ဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။
ဝန်ကြီးချုပ်ရာထူး တစ်နှစ်သာ ထမ်းဆောင်ပြီး ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ထားတဲ့ ယိုရှိဟိဒဲ ဆုဂနေရာကို မစ္စတာ ကီရှီဒါက ဆက်ခံမှာ ဖြစ်ပါတယ်။
မစ္စတာ ကီရှီဒါ ဝန်ကြီးချုပ်အနေနဲ့ လုပ်ဆောင်ရမယ့် ပထမဆုံး တာဝန်ကတော့ LDP ပါတီကို လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဦးဆောင်ဖို့ ဖြစ်ပါတယ်။
ပါတီဟာ လူအများက ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက တိုကျို အိုလံပစ်ကို လက်ခံကျင်းပဖို့ တွန်းအားပေးခဲ့တဲ့နောက်ပိုင်း လူကြိုက်များမှု ကျဆင်းသွားခဲ့ပါတယ်။
မစ္စတာ ကီရှီဒါဟာ အရင်က နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး လူကြိုက်အများဆုံး ယှဥ်ပြိုင်ဘက် တာရို ကိုနိုကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ထဲမှာတော့ LDP ပါတီက အများစု နေရာရထားတာကြောင့် မစ္စတာ ကီရှီဒါ ဝန်ကြီးချုပ် ရထူး ရဖို့က သေချာသလောက်ပဲ ဖြစ်ပါတယ်။
အသက် ၆၄ နှစ်အရွယ် မစ္စတာ ကီရှီဒါဟာ ဝန်ကြီးချုပ်နေရာကို အရင်ကတည်းက မျှော်မှန်းထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတော့ မစ္စတာ ဆုဂကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်သစ်ဟာ ကိုဗစ်ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်နာလန်ထူရေးနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အပါအဝင် ခက်ခဲ့တဲ့ အရေးကိစ္စတွေ တစ်သီတစ်သန်းကြီးကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းဖို့ 'ကျန်းမာရေး အကျပ်အတည်း အရေးပေါ် စီမံခန့်ခွဲမှု အဖွဲ့' ဖွဲ့ဖို့ သူက ပြောထားပြီး တရုတ်နိုင်ငံက ဝီဂါလူနည်းစုတွေကို တရုတ်ရဲ့ ဆက်ဆံပုံကို ရှုတ်ချတဲ့ အဆိုကို ထောက်ခံသူလည်း ဖြစ်ပါတယ်။
"ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုက လူတွေပြောတာကို နားထောင်တာပဲ" လို့ ပါတီခေါင်းဆောင်နေရာကို အနိုင်ရခဲ့ပြီးတဲ့နောက် ပြောပါတယ်။
မစ္စတာ ဆုဂကတော့ ဝန်ကြီးချုပ်ရာထူး တစ်နှစ်ထမ်းဆောင်ပြီးခဲ့ချိန် ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး လူကြိုက်များမှု ထိုးကျသွားတာကြောင့် ရာထူးက ဖယ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။








