ကယ်လီဖိုးနီးယားမီးကြောင့် ကမ္ဘာ့အကြီးဆုံးသစ်ပင်ကြီး ဗိုလ်ချုပ်ကြီးရှားမန်းကို ကာကွယ်ထားရ

ဓာတ်ပုံ ရင်းမြစ်, AFP
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းက ကမ္ဘာကျော် ဆီကိုယာ အမျိုးသား ဥယျာဉ်ကြီးထဲက သက်ရင့်ပင်ကြီးတွေကို တောမီးရန်ကနေ ကာကွယ်နိုင်ဖို့ အတွက် ကြိုးစားနေကြပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံး သစ်ပင်ကြီးတွေ ရှိနေတဲ့ ဒီဧရာမတောကြီးဆီကို မကြာမီ နာရီပိုင်းအတွင်းမှာပဲ တောမီးတွေ ကူးစက်လောင်ကျွမ်း လာမှာကို တာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။
ဒီတောကြီးထဲမှာ ဆီကိုယာပင်ကြီး ၂,၀၀၀ လောက်ရှိနေပါတယ်။ အဲဒီထဲမှာ General Sherman လို့ အမည်ပေးထားတဲ့ အမြင့်ပေ ၂၄၅ ပေ သို့မဟုတ် ၈၃ မီတာ မြင့်တဲ့ အပင်ကြီးလည်း ရှိပါတယ်။
အမေရိကန်ပြည်တွင်းစစ်အတွင်းတုန်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးရှားမန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီသစ်ပင်ကြီးကိုလည်း သူ့နာမည်ပေးထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NATIONAL PARK SERVICE
အဲဒီ အပင်ကြီးဟာ ထုထည်အားဖြင့် ကမ္ဘာပေါ်မှာ အကြီးဆုံး ဖြစ်သလို သက်တမ်းအားဖြင့်တော့ နှစ်ပေါင်း ၂,၅၀၀ ကျော်သက်တမ်း ရှိပြီ ဖြစ်ပါတယ်။
အမျိုးသားဥယျာဉ်ထဲက Colony နဲ့ Paradise နေရာတွေမှာ တောမီးတွေ လောင်နေခဲ့တာဟာ သီတင်း တပတ်လောက် ရှိနေပြီ ဖြစ်ပါတယ်။
အဲဒီတောမီးတွေကို မီးသတ်သမား ၃၅၀ ကျော် အပြင် မီးသတ်ရဟတ်ယာဥ်တွေနဲ့ မီးသတ် လေယာဥ်တွေပါ သုံးပြီး မီးကို ထိန်းနိုင်ဖို့အတွက် ကြိုစားနေကြပါတယ်။
ဆီကိုယာ တောကြီးထဲက ကမ္ဘာ့အကြီးဆုံးသစ်ပင်ကြီး General Sherman အပါအဝင် သက်ရင့် သစ်ပင်ကြီးတွေကိုတော့ တောမီးရန်က ကာကွယ်နိုင်ဖို့ အတွက် အလျူမီနီယံ သတ္တုလွှာတွေနဲ့ ပတ်ပေးထားကြပါတယ်။
ဆီကိုယာနဲ့ ကီးစ်ကင်ယွန်အမျိုးသားဥယျာဉ်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ရီဘက်ကာ ပက်တာဆန်က ဒီဒေသက လူတော်တော်များများအတွက် အင်မတန် အရေးကြီးတဲ့ အတွက် တောမီးရန်က ကာကွယ်ဖို့ အထူးကြိုးစားဆောင်ရွက်နေကြပါတယ် လို့ ပြောပါတယ်။
General Sherman အပင်ကြီးဟာ ပင်စည် တစ်ဖြောင့်တည်း တက်တဲ့ အပင်တွေထဲမှာတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး သစ်ပင်ကြီး ဖြစ်ပြီး သက်တမ်းအားဖြင့်လည်း နှစ်ပေါင်း ၂,၃၀၀ နဲ့ ၂,၇၀၀ ကြားမှာ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဆီကိုယာ သစ်ပင်တွေဟာ မီးဒဏ်ကို ခံနိုင်ကြောင်းနဲ့ မီးလျှံတွေကို ခံနိုင်တဲ့ အထိ အဆင့်ဆင့် ပြောင်းလဲ လာကြပြီး ဖြစ်တယ်လို့ ဆိုကြပါတယ်။
Paradise နဲ့ Colony နေရာတွေက တောမီးတွေဟာ မိုးကြိုးပစ်တာကနေ တစ်ဆင့်တောမီးတွေ စလောင်ခဲ့တာ ဖြစ်ပြီး ဆီယဲရာ နီဗားဒါးထဲက ခြုံထူထဲတဲ့ ဒေသတွေမှာ တစစနဲ့ ကြီးလာခဲ့တာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်မှာ နွေရာသီတလျှောက် တောမီးတွေ တော်တော်များများ လောင်နေခဲ့ပါတယ်။ ဒီနှစ်ထဲမှာ လောင်ခဲ့တဲ့ တောမီးပေါင်း ၇,၄၀၀ ရှိပြီး ဧက ၂.၂ သန်း ကျော် မီးလောင် ပျက်စီး ခဲ့ရပြီး ဖြစ်ပါတယ်။
အပူချိန်မြင့်မားလွန်းတာနဲ့ အလွန်အကျွံ မိုးခေါင် ရေရှားမှုတွေကလည်း တောမီးတွေကို ပိုအားကောင်းစေခဲ့ ပါတယ်။ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် အပူချိန် ပိုမြင့်လာသလို ခြောက်သွေ့မှုတွေလည်း ပိုများလာနေတာကြောင့် တောမီးလောင်ဖို့ ဖြစ်နိုင်ခြေတွေ ပိုများလာနေပါတယ်။
ကယ်လီဖိုးနီးယား သမိုင်းမှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ Dixie တောမီးကိုတော့ နေရာတော်တော်များများမှာ ထိန်းထားနိုင်ပြီ ဖြစ်ပါတယ်။









