အာဖဂန်နစ္စတန် မှာ လူနည်းစု ဟာဇာရာတွေကို တာလီဘန်တွေက ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့

တော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟာဇာရာတွေဟာ ရှီယာ အစ္စလာမ် ဘာသာ ကိုးကွယ်ကြတာကြောင့် ဆွန်နီ အများစု ကြီးစိုးတဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် တို့မှာ ဖိနှိပ် ခံနေရ
ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက မကြာသေးခင်က ဟာဇာရာ လူနည်းစုတွေကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ Amnesty International က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ အစောပိုင်းက ဂါဇနီ ပြည်နယ်ထဲမှာ ဖြစ်ခဲ့တာကို မျက်မြင်သက်သေတွေက ပြောခဲ့ကြပါတယ်။ တနင်္ဂနွေနေ့က မြို့တော် ကာဘူးလ်ကိုသိမ်းပိုက်ပြီး ခဲ့တဲ့ နောက်မှာတော့ တာလီဘန်ဟာ ထိန်းထိန်းသိမ်းသိမ်း ရှိတဲ့ အသွင်မျိုးကို ပြသနေခဲ့ပါတယ်။

ဒါပေမယ့် Amnesty ကတော့ ဂါဇနီ ထဲက သတ်ဖြတ်မှု တွေဟာ တာလီဘန် အုပ်ချုပ်မှုရဲ့ ထိတ်လန့်စရာ ကောင်းပုံတွေကို ပြသနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဟာဇာရာ လူမျိုးတွေဟာ အာဖဂန်နစ္စတန်ထဲမှာ တတိယ အကြီးဆုံး လူမျိုးစု ဖြစ်ပါတယ်။ ရှီယာ အစ္စလာမ် ဘာသာ ကိုးကွယ်ကြတာကြောင့် ဆွန်နီ အများစု ကြီးစိုးတဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် တို့မှာ ကာလရှည် ဖိနှိပ် မှုတွေနဲ့ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

Amnesty ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကနေ ၆ ရက် အတွင်း ဂါဇနီ ပြည်နယ် အရှေ့ပိုင်းက မလီစတန် ခရိုင်ထဲမှာ ဟာဇာရာ အမျိုးသား ၉ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး အဖွဲ့က အဲဒီ သတ်ဖြတ်မှုတွေကို မြင်တွေ့ခဲ့သူတွေနဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့သလို ဓာတ်ပုံ အထောက်အထားတွေကိုလည်း လေ့လာသုံးသပ် တာတွေလုပ်ခဲ့ပါတယ်။

အစိုးရတပ်တွေနဲ့ တာလီဘန်တွေအကြား တိုက်ပွဲတွေ အရှိန်မြင့်လာစဥ်မှာ အဲဒီဒေသက လူတွေ ဘေးလွတ်ဖို့ တောင်တွေဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

အဲဒီ Mundarakht ရွာကနေ ပြေးသွားခဲ့သူတွေထဲက တချို့ အစာရေစာအတွက် ရွာကို ပြန်လာယူကြတဲ့ အခါမှာတော့ တာလီဘန်တွေက သူတို့ အိမ်တွေကို ဝင်မွှေထားပြီး ဖြစ်သလို သူတို့ကိုလည်း စောင့်နေခဲ့ကြပါတယ်။

နောက် တနေရာမှာလည်း Mundarakht ကို ဖြတ်ပြီး သူတို့ အရပ်ကို ပြန်လာနေကြတဲ့ ရွာသားတချို့ကို အငိုက်ဖမ်း တိုက်ခိုက်တာတွေ ကြုံခဲ့ရပါတယ်။ အားလုံး ၆ ယောက် အပစ်ခံခဲ့ရပြီး တချို့ဟာ ခေါင်းကို အပစ်ခံခဲ့ရတာဖြစ်ပါတယ်၊ နောက်ထပ် လူ ၃ ယောက်ကိုတော့ နှိပ်စက် ညှင်းပန်း သတ်ဖြတ် ခဲ့ကြပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ အဲဒီထဲက တယောက်ဆိုရင် သူ့ရဲ့ ခေါင်းစည်းပုဝါနဲ့ပဲ လည်ပင်း အညှစ်ခံရပြီး သေဆုံးခဲ့ရသလို လက်မောင်းသားတွေကိုလည်း လှီးထုတ်တာ ခံခဲ့ရပါတယ်။ ဒီလူတွေက သူတို့အပေါ် ဘာကြောင့် ဒီလောက် ရက်စက်ရသလဲလို့ ပြန်မေးခဲ့ကြတယ်လို့ နောက် မျက်မြင်သက်သေတဦးက ပြောပါတယ်။

အဲဒီတော့ တာလီဘန်တယောက်က တိုက်ကြခိုက်ကြတဲ့အခါ လူတွေသေတာပဲ။ သေနတ်နဲ့ အပစ်ခံရလို့ပဲသေသေ ဘယ်ကြောင့်ပဲသေသေ အရေးမကြီးဘူး။ ဒါစစ်ပွဲကာလ ဆိုပြီး ဖြေခဲ့ကြောင်း ပြောပါတယ်။ Amnesty ရဲ့ အတွင်းရေးမှူးချုပ် Agnès Callamard က ဒီလို သွေးအေးအေးနဲ့သတ်ဖြတ်မှုတွေဟာ အရင်က တာလီဘန်တွေရဲ့ လုပ်ရပ်တွေကို ပြန်အမှတ်ရစေတယ်၊ နောက်ပြီး တာလီဘန်တွေ လက်ထက်မှာ ဘာတွေ ကြုံလာရနိုင်တယ်ဆိုတာကို သတိပေးနေတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ တာလီဘန် အောက်မှာ ဘာသာရေး၊ လူမျိုးရေး အရ လူနည်းစုတွေအပေါ် ဘယ်လောက် အန္တရာယ်ရှိနိုင်တယ်ဆိုတာကို ဒီ တိုက်ခိုက် သတ်ဖြတ်မှုတွေက သက်သေပြနေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

နောက်ပြီး တာလီဘန်တွေ သိမ်းပိုက်ထားတဲ့ နေရာဒေသတွေမှာဆိုရင် မိုဘိုင်းလ်ဖုန်း လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်၊ ဒါကြောင့် ဒီလို သတ်ဖြတ်မှုတွေ နဲ့ပတ်သက်တဲ့ သတင်းတွေ ချက်ချင်းထွက်မလာတာ ဖြစ်ပါတယ်။

Amnesty ကတော့ ဒီလို အန္တရာယ်ကြုံနေရသူတွေကို ကာကွယ်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်။

တာလီဘန်တွေဟာ အာဖဂန်နစ္စတန်မှာ သူတို့ အရင်တခါ အုပ်ချုပ်နေစဥ် ကာလအတွင်း အမျိုးသမီးတွေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ချိုးနှိမ်ထားခဲ့သလို ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံစုံ တပ်ဖွဲ့တွေက ဖြုတ်ချပစ်မှသာ ဒါတွေ ရပ်သွားခဲ့တာ ဖြစ်ပါတယ်။

ကာဘူးလ်မြို့ကို သိမ်းပိုက်ပြီးနောက်မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ တာလီဘန်တွေက သူတို့ ဟာ အရင် အမေရိကန်တပ်ဖွဲ့တွေနဲ့ အလုပ်လုပ်ခဲ့ဖူးသူတွေကို လက်စားချေတဲ့ တိုက်ခိုက်မှုမျိုးတွေ လုပ်မှာ မဟုတ်သလို အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကိုလည်း အစ္စလာမ်မစ် ရှရီယာ ဥပဒေနဲ့ အညီ ခွင့်ပြုပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် တာလီဘန်တွေက နေတိုး တပ်တွေအတွက် အလုပ် လုပ်ခဲ့ဖူးသူတွေကို တအိမ်တက်ဆင်း လိုက်ရှာ နေကြတယ်လို့ ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန်ထားပါတယ်။