ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒိုနီးရှားမှာ ကိုဗစ်ပိုးရှိသူက ဇနီးဟန်ဆောင်ပြီး လေယာဥ်စီး ခရီးသွား
အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ပိုးတွေ့ထားတဲ့ အမျိုးသား တယောက်က သူ့ဇနီးသည်ဟန်ဆောင်ပြီး ပြည်တွင်း လေကြောင်းခရီးနှင်လာခဲ့တာမှာ လေယာဥ်ပျံတက် လေထဲရောက်ပြီးမှ သိခဲ့ကြရပါတယ်။
အဲဒီလူက နစ်ခါး niqab လို့ခေါ်တဲ့ မျက်နှာကာနဲ့ လေယာဥ်ပေါ် တက်လာခဲ့တာဖြစ်ပါတယ်။ သူဘယ်သူဆိုတာကို တော့ သူ့နာမည်ရဲ့ အစစာလုံးတွေနဲ့ DW လို့ပဲ ဖော်ပြထားပါတယ်။
သူက ဇနီးသည်ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ကိုဗစ်ပိုး မရှိကြောင်း ဆေးစစ်ထားတဲ့ အဖြေကို ကိုင်ပြီး ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလူက လမ်းမှာ ပုံမှန် ဝတ်နေကျ အဝတ်တွေကို လဲခဲ့တာကြောင့် လေယာဥ်မယ်က သတိပြုမိပြီး သူ့ကို မိခဲ့ကြတာပါ။ တကယ်လို့သာ သူဟာ ပြောင်းမဝတ်ခဲ့ရင် သူ့ကို မိခဲ့ကြမှာ မဟုတ်ပါဘူး။
ဇူလိုင် ၁၉ ရက်မှာ စတင်တဲ့ အီးဒ် အားလပ်ရက် ကာလအတွင်းမှာ လေကြောင်းလိုင်း တော်တော်များများက ခရီးသွားလာရေးနဲ့ ပတ်သက်လို့ စည်းမျဥ်းစည်းကမ်းတွေ တင်းကြပ်ထားခဲ့ပါတယ်။
အဲဒီလူကို လေယာဥ်ဆင်းသက်ခဲ့ပြီးတာနဲ့ ဖမ်းဆီးခဲ့ပြီး ဆေးလည်း စစ်ခဲ့ပြီး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့မှာ ပိုးရှိနေတာကို သိရပြီးနောက်မှာ အိမ်ထဲမှာပဲ သီးခြားခွဲနေခိုင်းထားတာပါတယ်။ ရဲက သူ့ရဲ့ သီးခြားခွဲနေရတဲ့ ကာလပြီးတာနဲ့ အရေးယူမယ်လို့ ပြောပါတယ်။
အာရှရဲ့ ကိုဗစ် ဗဟိုချက်လို ဖြစ်လာနေတဲ့ အင်ဒိုနီးရှားမှာ ခရီးသွားလာမှုနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ထားပါတယ်။ အင်ဒိုနီးရှားမှာ တနေ့ကို ကိုဗစ်ကူးစက်မှုပေါင်း ၅၀,၀၀၀ နီးပါးတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက စပြီး ဆေးရုံတွေမှာလည်း လူနာတွေ တအားများလာသလို အောက်ဆီဂျင် မလောင်ငမှုတွေနဲ့ မနိုင်မနင်း ဖြစ်လာနေပါတယ်။
အင်ဒိုနီးရှားမှာ ကိုဗစ် ကူးစက်ခံထားသူပေါင်း ၃ သန်း နီးပါး ရှိနေပြီး လူပေါင်း ၇၂,၀၀၀ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးနှံပေးရာမှာ နှေးကွေးနေတာနဲ့ ကူးစက်မှုနှုန်း မြင့်မားတဲ့ ဒဲလ်တာ ဗီဇကွဲ မျိုးသစ်ကြောင့် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေရတာ ဖြစ်ပါတယ်။