အင်ဒိုနီးရှား ကိုဗစ်တိုက်ပွဲအတွင်းက အထီးကျန်စွာ သေဆုံးရသူများ

ရေးသားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ကူးစက်မှုတွေ အဆိုးဆုံး ဖြစ်ပွားနေပါတယ်။ နေအိမ်တွေအတွင်းက အောက်ဆီဂျင် ပြတ်သွားလို့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို မီးသတ်သမားတွေ သယ်ထုတ်နေတာတွေကို တွေ့နေရသလို တဘက်မှာလည်း ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ကပ်ဆိုးကြီးကို ရင်ဆိုင်နေကြတာလည်း တွေ့နေရပါတယ်။

လတ်တလောမှာ ကူးစက်ခံရသူ ၂.၇ သန်းရှိပြီး အခုသီတင်းပတ် အတွင်းမှာတင် နေ့စဥ် ကူးစက်မှု စံချိန်တင်ပြီး တနေ့ကို ကူးစက်မှုပေါင်း ၅၀,၀၀၀ ကျော်ရှိပါတယ်။ အင်ဒိုနီးရှားဟာ အာရှရဲ့ ကိုဗစ် ဗဟိုချက်သစ် ဖြစ်လာပါတယ်။

ကူးစက်မှုနှုန်း မြင့်မားတဲ့ Delta ဗီဇကွဲ ဗိုင်းရပ်စ် မျိုးသစ် နိုင်ငံတဝန်းမှာ ကူးစက်လာနေပြီ ဖြစ်လို့ အင်ဒိုနီးရှားမှာ အခြေအနေတွေ တစစနဲ့ ပိုဆိုးလာနေပါတယ်။

ကိုဗစ် ရှေ့တန်းက မီးသတ်သမား

ဝီရာဝန်ဟာ ဂျကာတာမြို့က မီးသတ်သမား တယောက်ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ သူ့တာဝန်က မီးသတ်ဖို့မဟုတ်ပါဘူး။ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ အလောင်းတွေကို သယ်ဆောင်ပေးနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က စပြီး သူနဲ့သူ့ အဖွဲ့သား ၇ ယောက်ဟာ ကာကွယ်ဝတ်စုံ ပီပီအီးတွေ ဝတ်ပြီး နေအိမ်တွေထဲမှာ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို သယ်ထုတ်ပြီး မြှုပ်နှံမယ့် နေရာကို ပို့ဆောင်ပေးနေကြရတာ ဖြစ်ပါတယ်။

သေဆုံးသွားသူ တော်တော်များများဟာ အဖော်မဲ့စွာ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါကလည်း သူတို့ လိုအပ်တဲ့ ပြုစု ကုသမှုတွေကို မရခဲ့တာဖြစ်နိုင်သလို ဆေးရုံတွေက လက်မခံခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

များသောအားဖြင့် သူတို့ အိမ်နီးချင်းတွေကပဲ ဖုန်းဆက်ပြီး ဒီလူ တယောက်တည်း သီးသန့် နေပြီး နောက်ပိုင်း မတွေ့ရဘူး ဆိုပြီး သတင်းပို့လာကြပါတယ်။ အဲဒီနောက် သေဆုံးနေတာကို တွေ့ရပါတယ်။ ဒီလို အဖြစ်မျိုးတွေ နေ့တိုင်း ကြုံနေရတာလို့ သူက ဆိုပါတယ်။

အခုနောက်ဆုံး ကူးစက်မှုတွေ ထောင်မတက်လာခင်အထိ သူတို့အဖွဲ့ဟာ တနေ့ကို ၂ လောင်း ၃ လောင်းလောက်ပဲ သင်္ဂြိုဟ် ပေးရပေမယ့် အခုတော့ ၂၄ လောင်း လောက်ကို အသုဘချပေးနေရပါတယ်။ ဒါဟာ သူတို့ ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာထက်ကို ပိုများနေပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှားက ကိုဗစ် ကူးစက်မှုတွေဟာ မေလ အစောပိုင်းက အီးဒ် အားလပ်ရက်တွေ အတွင်း ပြည်တွင်း ခရီးသွားလာခွင့် ပိတ်ပင်ထားတာကို လူ တသန်းခွဲလောက်က မလိုက်နာခဲ့ကြတာကြောင့် အဲဒီကာလ အပြီးမှာ တော်တော် ဆိုးလာခဲ့တာ ဖြစ်ပါတယ်။

ပြည်ပက လာရောက်ကြသူတွေအတွက် ကွာရန်တင်း ဝင်ခိုင်းတဲ့ ကိစ္စတွေကိုလည်း လျှော့ပေါ့ ပေးခဲ့ကြတာတွေ ရှိပါတယ်။ အင်ဒိုနီးရှားဟာ ပြည်ပက လေကြောင်း ခရီးစဥ်တွေကို ပိတ်ပင်ထားတာမျိုး မရှိခဲ့သလို မကြာသေးခင်ကမှ ပြည်ပက ဆိုက်ရောက်လာသူတွေကို ကွာရန်တင်း ၅ ရက် ဝင်ခိုင်းရာကနေ ၈ ရက်အထိ တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေး ကျွမ်းကျင်သူတွေကတော့ နယ်စပ်ဝင်ပေါက်တွေ ဖွင့်ပေးထားတဲ့ နိုင်ငံမှာ ဗိုင်းရပ်စ်ကို ထိန်းနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ပြောနေကြသလို တာဝန်ရှိသူတွေကလည်း ပြည်ပက လာသူတွေကိုလည်း စိစစ်ပြီးမှသာ နိုင်ငံထဲ ဝင်ခွင့် ပေးတာ ဖြစ်ကြောင်း ပြောကြပါတယ်။ အင်ဒိုနီးရှားရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သေဆုံးသူ ဦးရေ ၇၀,၀၀၀ ကျော်သွားပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းကဆို တနေ့ကို လူပေါင်း ၁,၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် အမှန်တကယ် သေဆုံးသူ ဦးရေက အဲဒီ ထုတ်ပြန်ထားတာထက် အများကြီး ပိုမယ်လို့ လူတော်တော်များများက ယူဆကြပါတယ်။

အင်ဒိုနီးရှားက လွတ်လပ်တဲ့ အချက်အလက် ရှာဖွေ ထုတ်ပြန်ရေး အဖွဲ့ Lapor Covid-19 ကတော့ ဇွန်လ နောက်ပိုင်းက စပြီး ဆေးရုံတွေမှာ လက်မခံနိုင်တော့လို့ နေအိမ်တွေမှာ သီးသန့် ခွဲနေကြရင်း သေဆုံးသူ ဦးရေဟာ ၄၅၀ ထက်မနည်း ရှိတယ်လို့ ပြောပါတယ်။

အောက်ဆီဂျင် မရ

အင်ဒိုနီးရှားရဲ့ လူဦးရေအထူထပ်ဆုံး ဂျာဗားကျွန်းဟာ ကိုဗစ်ကူးစက်မှုတွေရဲ့ ဗဟိုချက်လို ဖြစ်နေပါတယ်။ ဇူလိုင်လ ပထမပတ် အတွင်းမှာတင် Yogyakarta မြို့က ဆေးရုံတခုမှာ အောက်စီဂျင် ကုန်သွားခဲ့တာကြောင့် လူပေါင်း ၆၃ ယောက် ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ရပါတယ်။

အဲဒီ သတင်းဆိုးကြောင့် တနိုင်ငံလုံး တုန်လှုပ်သွားခဲံရပါတယ်။ ဆေးရုံဘက်ကတော့ မီဒီယာတွေက သေဆုံးသူ အရေအတွက်ကို ပိုပြောကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာ တခြားမြို့တွေက ဆေးရုံတွေမှာလည်း အောက်ဆီဂျင် မလုံလောက်တာကြောင့် လူနာသစ်တွေကို လက်မခံတော့တာတွေ ဖြစ်လာပါတယ်။

ဆေးရုံတခုမှာ အောက်ဆီဂျင် ၃ တန်လောက်ဟာ ပုံမှန်အားဖြင့် ၃ ရက်ကနေ ၇ ရက်လောက် သုံးနိုင်ပေမယ့် အခုတော့ တရက်တည်းနဲ့ အဲဒီလောက် သုံးနေရတယ်လို့ အင်ဒိုနီးရှား ဆေးရုံ အစည်းအရုံးရဲ့ အတွင်းရေးမှူးချုပ် Lia Gardenia Partakusuma က ပြောပါတယ်။ အင်ဒိုနီးရှား ပြည်သူကျန်းမာရေး ဆိုင်ရာ ပညာရှင်များ အဖွဲ့ကတော့ အောက်ဆီဂျင် မလုံလောက်မှုဟာ ကူးစက်မှုတွေ စံချိန်တင်လောက်အောင် များလာနိုင်တာကို အစိုးရက ကြိုတင် မခန့်မှန်းနိုင်ခဲ့တာကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ အောက်ဆီဂျင် ဆိုင်တွေထဲက တော်တော်များများလည်း ရောင်းစရာ မကျန်လို့ ပိတ်ကုန်ကြပြီ ဖြစ်သလို ဖွင့်နေသေးတဲ့ ဆိုင်တွေ ရှေ့မှာလည်း အောက်ဆီဂျင် ရဖို့ အတွက် တန်းစီနေကြတဲ့ လူတန်းရှည်ကြီးတွေကို တွေ့နေရပါတယ်။

ဂျာကာတာမြို့က အောက်ဆီဂျင် ဆိုင်လေး တဆိုင်ရဲ့ ပိုင်ရှင် Arif Sofian က ပုံမှန်ဆို သူ့ဆိုင်မှာ ရှိသမျှ တရက်တည်းနဲ့ ရောင်းကုန်သွားတာမျိုး မကြုံဖူးကြောင်း ပြောပါတယ်။

လူတွေ အောက်ဆီဂျင် သိပ်လိုအပ်နေတာကို အခွင့်ကောင်းယူတဲ့ လူလိမ် လူကောက်တွေလည်း ရှိနေပါတယ်။

ရှန်နီဘူဒီ ဆိုတဲ့ မြို့ခံတယောက်က သူ့ ယောက္ခမ အတွက် အောက်ဆီဂျင် ရှာရှင်း အလိမ်ခံရကြောင်း ပြောပါတယ်။ သူ့ကို အောက်ဆီဂျင် ရောင်းမယ့် လူက ငွေကြိုတောင်းခဲ့ကြောင်း၊ အောက်ဆီဂျင် ၅ အိုးစာအတွက် ရူပီး၂ .၂ သန်း လွှဲပေးခဲ့ရကြောင်းနဲ့ အဲဒီနောက်မှာ အဆက်အသွယ် လုပ်လို့ မရတော့ကြောင်း ပြောပါတယ်။ ယောက္ခမဖြစ်သူကတော့ ကံကောင်းထောက်မလို့ အသက်မသေခဲ့ဘဲ အခု နာလန်ထူနေပြီ ဖြစ်ပါတယ်။

လူထုရဲ့ ကြိုးပမ်းအားထုတ်မှု

အစိုးရက အခြေအနေတွေကို မထိန်းချုပ်နိုင်တာကြောင့် ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ တဘက်မှာလည်း သာမန် ပြည်သူလူထုက ရောဂါထိန်းချုပ်နိုင်ရေးအတွက် ရောဂါသည်တွေကို ကယ်တင်နိုင်ဖို့ စုပေါင်းအားထုတ် လာကြပါတယ်။

Yogyakarta မြို့က ၂၄ နှစ်အရွယ် ဆရာဝန်တယောက်ဖြစ်တဲ့ Dr Riyo Pungki Irawan က လိုင်းပေါ်ကနေ အခမဲ့ ကုသမှု ပေးနိုင်မယ့် telemedicine ဝန်ဆောင်မှုကို စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက လူနာတွေကို ဗီဒီယိုနဲ့ ဆက်သွယ်ပြီး ကုသပေးတာဖြစ်ပါတယ်။

ကိုယ့်ဘာသာ သီးသန့်ခွဲနေ နေကြရသူတွေကို စောင့်ကြည့် ကုသမှု မရှိတာကို သိလာခဲ့တဲ့ နောက်မှာ သူ့ဝန်ဆောင်မှုကို WhatsApp ကနေ တဆင့်စပြီး ပေးခဲ့တယ်လို့ Dr Riyo Pungki Irawan က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်မှ အခမဲ့ ဝန်ဆောင်မှု ပေးသွားဖို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာ ကုသပေးဖို့ ဆက်သွယ်လာသူပေါင်း ၈၀၀ တောင်ရှိတယ်လို့ ဆိုပါတယ်။

WhatsApp အဖွဲ့တွေမှာ တင်ထားတာကနေတဆင့် သိလာရတဲ့ ဆေးဝါးတွေကို ကိုယ့်ဘာသာ လက်လှမ်းမီသလောက် မှီဝဲသောက်သုံးနေကြတဲ့ လူနာတွေကို ကူညီပေးနိုင်ဖို့ ဆက်သွယ်ကုသပေးနေကြောင်း Dr Irawan ကပြောပါတယ်။ သူက ဆေးစာ ရေးပေးတာမျိုး မလုပ်ပေးပေမယ့် တဦးတည်း သီးသန့်ခွဲနေစဥ် အတွင်း ဘာဆေးတွေ သောက်သင့်တယ်ဆိုတာမျိုး အကြံပေး ညွှန်ကြားတာတော့ လုပ်ပေးပါတယ်။

West Java မှာနေထိုင်တဲ့ လူတယောက်ကတော့ သူ့ရပ်ကွက်အတွင်း သီးသန့် ခွဲနေရသူတွေအတွက် စားရေး သောက်ရေးမှာ လိုအပ်မယ့် ဆန်တွေကို သူပိုင် ထရပ်ကားပေါ် တင်ပြီး လိုက်ဝေပေးနေပါတယ်။ လယ်ယာစိုက်ပျိုးသူ တဦးဖြစ်တဲ့ Djoky Haryadi ဟာ အောက်ဆီဂျင် ရရှိရေးနဲ့ ဗီတာမင် အားဆေးတွေ ရနိုင်ရေးတွေမှာပါ ကူညီပေးနေပါတယ်။ လူနာတွေရဲ့ အိမ်နီးချင်းတွေက သူတို့လည်း အကူးခံရမှာ စိုးတော့ မကူညီကြပါဘူး။ Djoky Haryadi ကတော့ စည်းကမ်းတကျနေထိုင်မယ်၊ လက်ဆေးမယ်၊ နှာခေါင်းစည်းတပ်မယ် တခြားကာကွယ်သင့်တဲ့ နည်းတွေ အကုန်လုပ်ကြရင် ကြောက်စရာမလိုဘူးဆိုတာ ပြောနေရတယ်လို့ ပြောပါတယ်။