အာဖဂန်နဲ့ ပါကစ္စတန် နယ်စပ်ဖြတ်သန်းဂိတ်မှာ တာလီဘန် အလံလွှင့်ထား

လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ တာလီဘန်အလံ နယ်စပ်ဂိတ်မှာ လွှင့်နေပုံ၊ ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်

ဓာတ်ပုံ ရင်းမြစ်, Twitter

ဓာတ်ပုံ ပုံစာ, လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ တာလီဘန်အလံ နယ်စပ်ဂိတ်မှာ လွှင့်နေပုံ၊ ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်
ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နယ်စပ်က အဓိကကျတဲ့ ဂိတ်စခန်းတစ်ခုကို တာလီဘန်တွေက သိမ်းပိုက်ထားနိုင်ပြီး သူတို့အလံကို လွှင့်ထားပြီဆိုတဲ့ သတင်းတွေထွက်လာပါတယ်။

ကန်ဒဟာ ပြည်နယ် အနီးက စပင် ဘိုဒက် နယ်စပ်ဖြတ်ကျော်ရေးဂိတ်မှာ တာလီဘန် အလံလွှင့်နေတဲ့ ဗီဒီယိုကို လူမှုမီဒီယာမှာ လူအတော်များများက မျှဝေနေကြပါတယ်။

ဗီဒီယိုထဲမှာ ပါကစ္စတန်နယ်စပ်စောင့်တပ်ဖွဲ့ဝင်တွေနဲ့ တာလီဘန် တပ်ဖွဲ့ဝင်တွေ စကားပြောဆိုနေကြတာတွေ့ရပေမယ့် အာဖဂန်အစိုးရဘက်ကတော့ အဲဒီ ဂိတ်စခန်း ကျသွားတာ မဟုတ်ဘူးလို့ ငြင်းနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တာလီဘန် စစ်သွေးကြွတွေအနေနဲ့ နိုင်ငံတဝန်းမှာ အကျယ်အပြန့်ထိုးစစ်ဆင်တာတွေ လုပ်ခဲ့ပြီး အာဖဂန်အစိုးရတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နယ်စပ်ဂိတ် အတော်များများကို သိမ်းနိုင်ခဲ့ပါတယ်၊ သိမ်းနိုင်တဲ့ နယ်စပ်ဂိတ်တွေက ပါကစ္စတန် နယ်စပ်ကလည်းပါသလို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တပ်ခ်မင်နစ္စတန် နယ်စပ်တွေက ဂိတ်တွေလည်း ပါဝင်ပါတယ်။

အာဖဂန်က သူတို့တပ်တွေကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ အပြီးဆုတ်မယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သတ်မှတ်ထားပြီးတဲ့နောက်ပိုင်း တာလီဘန်တပ်တွေက တိုးပြီးနေရာယူထိန်းသိမ်းလာတာပါ။

လွန်ခဲ့တဲ့ အနှစ် ၂၀ အချိန် အမေရိကန်တို့ အာဖဂန်ကို ဝင်တဲ့အခါမှာ အစ္စလာမ်မစ် အခြေခံဝါဒီ တာလီဘန်တွေ အာဏာကနေဖယ်ရှားခံခဲ့ရပြီး အခုအချိန်မှာတော့ အဓိကကျတဲ့ လမ်းမတွေကို ထိန်းချုပ်ထားကာ မြို့ကြီးတွေရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ ရည်ရွယ်ထားပုံရပါတယ်။

အခု တာလီဘန်တွေ ထိန်းချုပ်လိုက်တယ်ဆိုတဲ့ စပင် ဘိုဒက်နယ်စပ်ဂိတ်ဟာ ပါကစ္စတန်က ဆိပ်ကမ်းတွေနဲ့ ကန်ဒဟာ ဒေသကို ဆက်သွယ်ထားတာဖြစ်ပြီး နေ့စဉ် ကုန်တင်ကား အစီး ၉၀၀ လောက်ဖြတ်သန်းသွားလာနေတာပါ။

တာလီဘန် နဲ့ အစိုးရ ထိန်းချုပ်ထားရာပြ မြေပုံ
ဓာတ်ပုံ ပုံစာ, တာလီဘန် နဲ့ အစိုးရ ထိန်းချုပ်ထားရာပြ မြေပုံ

ဘီဘီစီ အနေနဲ့ ပါကစ္စတန်နယ်စပ်က အဲဒီ ဂိတ်ကို တာလီဘန်တို့ ထိန်းချုပ် ထားနိုင်ပြီလားဆိုတာ လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပေမယ့် ပါကစ္စတန် အရာရှိတွေကို ကိုးကားပြီး တာလီဘန်တွေ ဂိတ်ကိုထိန်းထားလိုက်ပြီ ဆိုတဲ့သတင်းတွေကို တွေ့ရပါတယ်။

ဒေသခံ စျေးဆိုင်ပိုင်ရှင်တစ်ယောက်က အေအက်ဖ်ပီ သတင်းဌာနကို ပြောရာမှာ “စျေးတွေ၊ ရဲဌာနချုပ်နဲ့ အကောက်ခွန် ဂိတ်တွေမှာ တာလီဘန်တွေကို တွေ့ရတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် တာလီဘန် ပြည်ထဲရေး ဝန်ကြီးဌာနက ပြောခွင့်ရ တာရက် အာရီယံက “နယ်စပ်နားမှာ လှုပ်ရှားမှုတွေ တွေ့ရတယ်၊ ….. လုံခြုံရေး တပ်ဖွဲ့တွေက တိုက်ခိုက်လာမှုတွေကို ပြန်တွန်းလှန်လိုက်ကြတယ်” လို့ အေအက်ဖ်ပီ သတင်းဌာနကို အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

အမေရိကန်၊ နေတိုး မဟာမိတ်အဖွဲ့စတာတွေနဲ့ တာလီဘန်တို့ ညှိနှိုင်း သဘောတူစဉ်က တာလီဘန်တို့ အနေနဲ့ ထိန်းချုပ်ရာနယ်မြေဒေသတွေမှာ အစွန်းရောက်အဖွဲ့တွေ မလှုပ်ရှားစေဖို့ တာဝန်ယူတယ်ဆိုရင် သူတို့ဘက်က တပ်တွေ အားလုံးဆုတ်ခွာပေးမယ် ဆိုတာပါဝင်ပါတယ်။

ဒါပေမယ့် တာလီဘန်တွေဘက်က အာဖဂန်အစိုးရ တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်တာကို ရပ်ဆိုင်းဖို့ သဘောမတူခဲ့ပါဘူး။ အရင်တုန်းက အစိုးရနဲ့ စကားပြောဖို့ ငြင်းပယ် ထားခဲ့ပေမယ့် အခုအချိန်မှာတော့ တာလီဘန်တွေက အစိုးရနဲ့ စကားပြောနေပါပြီ။ သို့သော်လည်း စကားပြောပွဲတွေက ရှေ့မတိုးလာတာနဲ့ အတူ တိုက်ခိုက်မှုတွေက လည်း ရပ်သွားမယ့် လက္ခဏာ မတွေ့ရပါဘူး။

၁၉၉၆ ခုနှစ်ကနေ အမေရိကန် ဝင်လာတဲ့ ၂၀၀၁ ခုနှစ်ကာလအတွင်း တာလီဘန်တို့ အာဖဂန်ကို အုပ်စိုးခဲ့ပြီး သူတို့ဟာ လူ့အခွင့်အရေးများစွာကို ချိုးဖောက်ခဲ့တယ်၊ တခြားယဉ်ကျေးမှု တွေကို ဖျက်ဆီး နှိပ်ကွပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများ အပြားရှိခဲ့ပါတယ်။

အစ္စလာမ်မစ် ပြစ်ဒဏ်ပေးမှုတွေကို သူတို့က ထောက်ခံအားပေးခဲ့ပြီး ရုပ်မြင် သံကြားတွေ၊ ရုပ်ရှင်တွေ မကြည့်ရ၊ သီချင်းနဲ့ ဂီတကို နားမထောင်ရ စတဲ့ တားမြစ်ချက်တွေကို လုပ်ဆောင်ခဲ့သလို အသက် ၁၀ နှစ် ကျော်တဲ့ မိန်းကလေးတွေ ကျောင်းတက်တာကို ပိတ်ပင်ခဲ့ပါတယ်။