ဟေတီသမ္မတလုပ်ကြံခံရအပြီး နိုင်ငံခြားတပ်တွေကို အစိုးရက အကူအညီတောင်း

ဓာတ်ပုံ ရင်းမြစ်, AFP
ဟေတီသမ္မတ ယိုဗယ်နဲလ် မိုအိဇ် လုပ်ကြံခံရအပြီးမှာ ဟေတီနိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေကို ကာကွယ်ဖို့အတွက် နိုင်ငံခြားတပ်တွေ စေလွှတ်ပေးဖို့ ဟေတီနိုင်ငံ အစိုးရက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
အခုလို တောင်းဆိုချက်ကို ကာရစ်ဘီယံ ကျွန်းစုနိုင်ငံ ဟေတီအစိုးရက ကုလသမဂ္ဂအဖွဲ့နဲ့ အမေရိကန်နိုင်ငံတို့ထံကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံကတော့ လောလောဆယ် အခြေအနေမှာ ဟေတီကို သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ အကြောင်းပြန်ထားပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ မစေလွှတ်ဘူး ဆိုပေမယ့် သူတို့ရဲ့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရို အရာရှိတွေနဲ့ ပြည်တွင်းလုံခြုံရေး ဌာနရုံး အရာရှိတွေကို စေလွှတ်ပြီး စုံစမ်းစစ်ဆေးရေးမှာ ကူညီမယ်လို့ ဇူလိုင်လ ၉ ရက်နေ့က တုံ့ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုနဲ့ နိုင်ငံတကာတပ်တွေ စေလွှတ်ဖို့ဆိုတဲ့ ကိစ္စကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
လုပ်ကြံမှုဖြစ်ပြီး နောက်ပိုင်း အခြေအနေ
ဇူလိုင်လ ၁၀ ရက်နေ့ အထိ စုံစမ်းစစ်ဆေးမှုအရကတော့ နိုင်ငံခြားသား ၂၈ ယောက်အဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့မှာ ဟေတီသမ္မတကို လုပ်ကြံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့က သမ္မတရဲ့ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် သမ္မတသေဆုံးခဲ့ပြီး သူ့ရဲ့ ဇနီးဖြစ်သူ မာတီးန် မိုအိဇ်လည်း ဒဏ်ရာ အပြင်းအထန်ရခဲ့ပေမယ့် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ပို့ဆောင် ကုသမှု ခံယူအပြီးမှာ အခြေအနေ ကောင်းလာတယ်လို့ ဆိုပါတယ်။
အခုလို လုပ်ကြံတဲ့ အဖွဲ့နဲ့ ဟေတီရဲတပ်ဖွဲ့တို့ ဟေတီမြို့တော် ပေါ့အိုပရန့်စ် မှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ၁၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ထဲမှာ အငြိမ်းစားယူထားတဲ့ ကိုလံဘီယာစစ်သားဟောင်းတွေ ပါဝင်ပြီး အဲဒီထဲက တချို့ဟာ သူတို့ အသုံးပြုနေတဲ့ နေအိမ်အတွင်းကနေ ခုခံ ပစ်ခတ်ခဲ့ကြပြီး တချို့ကတော့ ထိုင်ဝမ်သံတမန်ရုံးဝန်းအတွင်း ဝင်ပြေးကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အခုလို အပြန်အလှန် ပစ်ခတ်ရင်း လုပ်ကြံတဲ့ အဖွဲ့က သုံးဦး သေဆုံးပြီး ၈ ဦးကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို သမ္မတလုပ်ကြံခံရပြီးနောက်ပိုင်းမှာ ဟေတီလူထုတွင်း ဆူပူအုံကြွမှု တချို့လည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့အထိ ဟေတီပြည်တွင်း အရေးပေါ်အခြေအနေလည်း ကြေညာထားဆဲ ဖြစ်ပြီး အစိုးရခေါင်းဆောင်နေရာကို ဘယ်သူ ယူထားသလဲ ဆိုတဲ့ ကိစ္စကလည်း မရှင်းလင်းသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA
ဟေတီမှာ အစိုးရခေါင်းဆောင် တာဝန် ဘယ်သူ ယူမှာလဲ
ဟေတီနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဟေတီ အမျိုးသားညီလာခံက သမ္မတ နောက်တယောက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဟေတီနိုင်ငံမှာ ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ၂၀၁၉ မှာကတည်းက ကျင်းပရမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားခဲ့ပြီး အခု လုပ်ကြံခံရတဲ့ သမ္မတ မိုအိဇ်က အစိုးရအမိန့်နဲ့ ဆက်လက် အုပ်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။
အခုလို အုပ်ချုပ်နေခဲ့တဲ့ သမ္မတ သေဆုံးအပြီးမှာတော့ ဝန်ကြီးချုပ်က အစားထိုးနေရာ ယူသင့်တယ် ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှု လုပ်ထားပေမယ့် ဒါကို လက်မခံတဲ့ ဟေတီနိုင်ငံရေးသမားတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် ပြဿနာက ဟေတီမှာ ကြားကာလ ဝန်ကြီးချုပ် ကလောက် ဂျိုးဆက် အပြင် ခန့်အပ်ခံထားရပြီး ကျမ်းသစ္စာ ကျိန်ဆိုဖို့ ကျန်နေသေးတဲ့ အေရီယယ် ဟန်နရီလည်း ရှိနေရာမှာ နှစ်ယောက်စလုံးက သမ္မတ ဖြစ်သင့်တယ်လို့ ပြောဆိုနေပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ နိုင်ငံရေးပါတီများ အုပ်စုတခုကို ဂျိုးဇက် လမ်းဘတ်ကို သမ္မတ တင်မြှောက်ပြီး မစ္စတာ ဟင်နရီကို ဝန်ကြီးချုပ် ခန့်ဖို့ သဘောတူ လက်မှတ်ထိုးခဲ့ပေမယ့် လက်ရှိ ကြားကာလ ဝန်ကြီးချုပ် ကလောက်က လက်မခံသေးပါဘူး။
ဒီလို အခြေအနေကြောင့် ယခင်ရှိနေပြီးသား ဟေတီ နိုင်ငံရေးနဲ့ စီးပွားရေး မပြေလည်မှုတွေကို ဒီသဘောတူမှုက သက်သာရာ မရစေခဲ့ပါတယ်။
လူဦးရေ ၁၁ သန်းရှိပြီး အဲဒီ လူဦးရေရဲ့ ၅၉ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှု အဆင့်သတ်မှတ်ချက်ဝင်နေတဲ့ ဟေတီနိုင်ငံမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်သားတွေ ၂၀ဝ၄-၂၀၁၇ ကာလအတွင်း တပ်စွဲထားခဲ့ဖူးပြီး ပြီးခဲ့တဲ့ ၂၀၁၀ ဟေတီ ငလျင်မှာလည်း လူပေါင်း နှစ်သိန်းလောက် သေဆုံးခဲ့ပါတယ်။








