ကိုဗစ်ရောဂါကူးစက်မှု တိုးလာနေတဲ့ ထိုင်းမှာ ကာကွယ်ဆေး၂ မျိုး တွဲထိုးဖို့ ဆုံးဖြတ်

ရေးသားခဲ့သည်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ပိုကာကွယ်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ထိုင်းအစိုးရက သူ့ရဲ့ကိုဗစ်ကာကွယ်ရေး ပေါ်လစီကို ပြောင်းလိုက်ပြီး တရုတ်ထုတ် ဆီနိုဗက် ကာကွယ်ဆေးကို အက်စထရာ ဇန်နက်ကာ ကာကွယ်ဆေးနဲ့ တွဲထိုးဖို့ စီစဉ်နေပါတယ်။

တရုတ် ကာကွယ်ဆေး ဆီနိုဗက်၂ ကြိမ် အပြည့်ထိုးထားပြီး ဖြစ်တဲ့ ထိုင်းကျန်းမာရေးဝန်ထမ်း ရာနဲ့ချီ ကိုဗစ်ပိုး ကူးစက်ခံခဲ့ကြရအပြီးမှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အခုအခါ ဆီနိုဗက် ကာကွယ်ဆေးချည်းပဲ ၂ ကြိမ် ထိုးပေးမယ့်အစား ဆီနိုဗက်ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး ဒုတိယအကြိမ်မှာ အက်စထရာဇနက်ကာ ကာကွယ်ဆေးထိုး ပေးမှာ ဖြစ်ပါတယ်။

ဆီနိုဗက်ဆေး ၂ ကြိမ်အပြည့် ထိုးထားပြီးသား ကျန်းမာရေးဝန်ထမ်းတွေကိုလည်း တတိယမြောက် ကာကွယ်ဆေး ထပ်ထိုးပေးမှာ ဖြစ်ပါတယ်။

အဲဒီ တတိယအကြိမ် ထိုးပေးမယ့် ကာကွယ်ဆေးဟာ အက်စထရာဇန်နက်ကာ ဒါမှမဟုတ် ဖိုင်ဇာလို့ အတိုကောက်ခေါ်ကြတဲ့ Pfizer/BioNTech လို mRNA ကာကွယ်ဆေး တမျိုးမျိုး ဖြစ်မှာပါ။ ဒီတတိယမြောက် ကာကွယ်ဆေးကို ဆီနိုဗက် ကာကွယ်ဆေး နှစ်ကြိမ် ထိုးအပြီး သီတင်း ၃ ပတ် ကနေ ၄ ပတ်အကြားမှာ ထိုးပေးမှာ ဖြစ်တယ်လို့ ထိုင်းကူးစက်ရောဂါ ထိန်းချုပ်ရေး ကော်မတီက ဒီကနေ့ တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံမှာ ဆီနိုဗက် အပြင် တခြားရနိုင်တဲ့ ကာကွယ်ဆေးက အက်စထရာဇန်နက်ကာ ဆေးပဲ ရှိပြီး အမေရိကန်နိုင်ငံက လှူမယ့် ဖိုင်ဇာဆေးတွေ မကြာခင် ရောက်လာဖို့ ရှိပါတယ်။

ဆီနိုဗက်ကာကွယ်ဆေးတွေကို တရုတ်ဆီကနေ ရခဲ့ပြီး ထိုင်းအစိုးရက ဖေဖော်ဝါရီလမှာ ကျန်းမာရေးဝန်ထမ်းတွေကို စထိုးပေးခဲ့တာပါ။

ဆီနိုဗက် ကာကွယ်ဆေး၂ ကြိမ်စလုံး ထိုးထားပြီးသား ကျန်းမာရေးဝန်ထမ်း ၆၇၇၀၀၀ ကျော်ထဲက ၆၁၈ ယောက်ဟာ ဧပြီလနဲ့ ဇူလိုင်လအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက သူနာပြုတဦး သေဆုံးခဲ့ပြီး နောက်ဆေးဝန်ထမ်းတဦးလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

New England Journal က ထုတ်ပြန်တဲ့ ချီလီနိုင်ငံမှာ ပြုစုခဲ့တဲ့ လေ့လာမှုအရ ဆီနိုဗက် ကာကွယ်ဆေးဟာ ကိုဗစ် ၁၉ ရောဂါပိုးကနေ ၆၅.၉% ကာကွယ်ပေးနိုင်ပြီး ဆေးရုံမတက်ရဖို့ ၈၇.၅%၊ အသက်မဆုံးရှုံးရဖို့ ၈၆.၃% ကာကွယ်ပေးနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

လက်ရှိအချိန် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုသစ်တွေ မြင့်တက်နေပြီး မနေ့က တနင်္ဂနွေနေ့တစ်ရက်တည်းမှာတင် လူ ၉၄၁၈ ဦးစံချိန်တင် ကူးစက်ခဲ့ပါတယ်။ လူသေဆုံးမှုနှုန်းကလည်း မနေ့ကတရက် တည်းမှာတင် ၉၁ ဦး စံချိန်တင်ခဲ့ပါတယ်။

ရောဂါကူးစက်သူတွေ တိုးလာနေတာနဲ့အမျှ တရုတ်ကာကွယ်ဆေး ဆီနိုဗက်ရဲ့ အစွမ်းထိရောက်မှုအပေါ် လူတွေ စိုးရိမ်လာနေကြတာကြောင့် ပုဂ္ဂလိကဆေးခန်း အချို့မှာ ရနိုင်တဲ့ တခြားကာကွယ်ဆေးအမျိုးအစားတွေကို လိုက်ဝယ်ယူမှုတွေ သိသိသာသာ တိုးလာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်ထုတ် မဒါနာ ကာကွယ်ဆေးကို ဆေးခန်းတစ်ခုက အွန်လိုင်းကနေ ရောင်းခဲ့ရာမှာ မိနစ်ပိုင်းအတွင်း အကုန်ကုန်သွားခဲ့ပါတယ်။ အဲဒီ ပြာထိုင်း ဆေးခန်းက မဒါနာ ဆေးတလုံးကို ထိုင်းဘတ် ၁၆၅၀ (ဒေါ်လာ ၅၀) နဲ့ လူ ၁၈၀၀ စာ ဆေးထိုးပေးမယ်လို့ ကြော်ညာခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၃၀၀၀ ကျော်ရှိနေပြီး ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါ စဖြစ်ကတည်းကစလို့ သေဆုံးသူပေါင်း ၂၇၁၁၁ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

အိန္ဒိယကနေ စပေါ်လာတဲ့ ကူးစက်မြန် ဒယ်လ်တာ ကိုဗစ်ပိုးသစ်ကြောင့် အရှေ့တောင်အာရှ နိုင်ငံ တွေမှာ ရောဂါကူးစက်မှုတွေ တိုးလာနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။