ဂျော့ချ်ဖလွိုက်ကို သတ်မှုနဲ့ အမေရိကန်ရဲကို ထောင် ၂၂ နှစ်ကျော်ချ

ရဲမှုထမ်းဟောင်း ဒဲရက်ခ် ရှော်ဗင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရဲမှုထမ်းဟောင်း ဒဲရက်ခ် ရှော်ဗင်
ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စု၊ မီနီအာပိုလစ် Minneapolis မြို့ တရားသူကြီး ပီတာကေဟေးလ်က ရဲမှုထမ်းဟောင်း ဒဲရက်ခ် ရှော်ဗင် Derek Chauvin ကို လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်ကို သတ်မှုနဲ့ ထောင်ဒဏ် ၂၂ နှစ်ကျော် ချမှတ်လိုက်ပါတယ်။

ဖလွိုက်မိသားစုရဲ့ နာကျင်ခံစားရတာတွေကို သိနားလည်ကြောင်း တရားသူကြီးက ပြောပေမယ့်၊ သူ့ရဲ့ စီရင်ချက်ဟာ စိတ်ခံစားမှုတွေ၊ အများပြည်သူရဲ့ ထင်မြင် ယူဆမှုတွေ အပေါ် အခြေခံတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မစ္စတာ ရှော်ဗင်ဟာ သူ့ရဲ့ ရာထူး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး၊ မစ္စတာဖလွိုက်အပေါ် ရက်ရက်စက်စက် ပြုမူခဲ့တယ်လို့ တရားသူကြီးက ဆိုပါတယ်။

Supporters of George Floyd's family outside the courthouse in Minneapolis, MN (25 June)

ဓာတ်ပုံ ရင်းမြစ်, Reuters

တရားသူကြီးရဲ့ အခုစီရင်ချက်ဟာ မတူညီတဲ့ လူမှု အသိုင်းအဝိုင်းတွေကြား ပြန်လည် သင့်မြတ်နိုင်စေမယ့် သမိုင်းဝင် ခြေလှမ်းဖြစ်တယ်လို့ ဖလွိုက်မိသားစုက ပြောပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အခု စီရင်ချင်ဟာ သင့်မြတ် မှန်ကန်ကြောင်း ယူဆတယ်လို့ ဆိုပါတယ်။

ဂျော့ချ်ဖလွိုက်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၀ မေလအတွင်း၊ ရဲက ဖမ်းဆီးတာ ခံရစဥ် သေဆုံးခဲ့သူဖြစ်ပါတယ်။ မြေကြီးပေါ် လဲနေရင်းသား၊ သူ့ရဲ့ လည်ပင်းကို ဒူးနဲ့ ဖိထား ခံရတဲ့ အခါ "ငါ အသက်ရှူလို့မရတော့ဘူး" ဆိုတဲ့ လျစ်လျူရှု မျက်ကွယ်ပြု ခံခဲ့ရတဲ့ သူ့ရဲ့ စကားဟာ ကမ္ဘာတလွှား ရိုက်ခတ်ခဲ့ပါတယ်။

ဒီနောက်မှာတော့ "Black Lives Matter" "လူမည်းတွေရဲ့ အသက်လည်း အရေးပါတယ်" ဆိုတဲ့ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ နိုင်ငံတကာမှာ ပေါ်ပေါက်လာခဲ့ပါတယ်။

ဗီဒီယို ပုံစာ, လူမည်းအမျိုးသားသေဆုံးမှုကို မကျေနပ်လို့ ဆန္ဒပြသူတွေ ရဲစခန်းကိုမီးရှို့

ဂျော့ခ်ျဖလွိုက်ဘာဖြစ်ခဲ့သလဲ

ဂျော့ခ်ျဖလွိုက်ဟာ ငွေစက္ကူအတုအသုံးပြုတယ်ဆိုပြီး စျေးဝယ်သွားတဲ့ဆိုင်က တိုင်လို့ ရဲတွေက သူ့ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲဘက်က အပြောအရ ဂျော့ခ်ျဖလွိုက်ကို ကားပေါ်ကဆင်းဖို့ပြောရာမှာ ကိုယ်ထိလက်ရောက်ခုခံမှု လုပ်ခဲ့လို့ လက်ထိပ်ခပ်ခဲ့တယ်လို့ဆိုပါတယ်။ လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာတဲ့ ဗီဒီယိုဟာ အစပိုင်း ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာတော့ မပါပါဘူး။

မစ္စတာဖလွိုက်ကို မြေကြီးပေါ်လှဲချထားပြီး ရဲက ဇက်ကို ဒူးနဲ့နင်းထားချိန်မှာ မစ္စတာ ဖလွိုက်က "ကျွန်တော် အသက်ရှူလို့မရတော့ဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့" လို့ ညည်းညူပြောဆိုတာကို တွေ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရဲအရာရှိ ၄ ယောက်ဟာ ဒဲရက်ချော်ဗင်၊ တိုးထောင်၊ သောမတ်လိန်းနဲ့ ဂျေ အလက်ဇန်းဒါးကင်းတို့ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေကလည်း မစ္စတာဖလွိုက်ရဲ့ဇက်ကို ဒူးနဲ့နင်းထားတဲ့ ရဲဟာ မစ္စတာ ချော်ဗင်လို့ အမည်တပ်ရေးသားခဲ့ကြပါတယ်။

အစွပ်စွဲခံ ရဲအရာရှိတွေဟာ စုံစမ်းစစ်ဆေးမှုကို လက်ခံပူးပေါင်းဆောင်ရွက်တယ်လို့ မင်နီယားပိုလိစ်ရဲအဖွဲ့က ဆိုခဲ့ပါတယ်။

"အခုအချိန်ဟာ ကောက်ချက်အမြန်ချဖို့ သင့်တဲ့ အချိန်မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဗီဒီယိုအားလုံးကို ပြန်ကြည့်ပြီး သုံးသပ်ရပါမယ်။ ဆေးစာထွက်လာတာကိုလည်း စောင့်ကြည့်ရပါဦးမယ်"လို့ ပြောခဲ့ပါတယ်။

ရဲအရာရှိအဖြစ်ကနေ အထုတ်ပယ်ခံရတဲ့ အသက် ၄၄ နှစ်အရွယ် ဒဲရက်ချော်ဗင်ဟာ အရင်က ရဲအဖွဲ့ရဲ့ ပစ်ခတ်မှု ၃ ခုမှာ ပါဝင်ပတ်သက်ခဲ့ဖူးပြီး လုပ်သက် ၁၉ နှစ်အတွင်းမှာ တိုင်စာ ၁၇ စောင် ရခဲ့ဖူးတယ်လို့ အေပီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။