အစ္စရေး ဘာသာရေး ပွဲတော်မှာ လူနင်းမိပြီး ၄၀ ကျော်သေဆုံး

ရေးသားခဲ့သည်။

အစ္စရေး အရှေ့မြောက်ပိုင်းက ဘာသာရေး ပွဲတော်တခုမှာ လူနင်းမိပြီး ၄၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

Mount Meron တောင်ခြေမှာ နှစ်စဉ်ကျင်းပတဲ့ Lag B'Omer ဘာသာရေး ပွဲတော်မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသူ ဒါဇင်များစွာ ရှိပါတယ်။

ဝန်ကြီးချုပ် ဘဲန်ဂျမင် နေတန်ယာဟု ကိုယ်တိုင် အခင်းဖြစ်ရာကို သွားရောက်ခဲ့ပြီး လာမယ့် တနင်္ဂနွေနေ့ ကို ဝမ်းနည်းကြေကွဲခြင်းနေ့အဖြစ် သတ်မှတ်မယ်လို့ ပြောပါတယ်။

ဒီပွဲတော်ကို ညလုံးပေါက် ကျင်းပကြတာ ဖြစ်ပြီး အော်သိုဒေါက်စ် ဂျူး ဘာသာဝင် ထောင်ပေါင်းများစွာ တက်ရောက်ဆင်နွှဲကြတာ ဖြစ်ပါတယ်။ အစ္စရေးမှာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုတွေ စခဲ့တဲ့ နောက်ပိုင်း အကြီးဆုံး ဘာသာရေး ပွဲတော်ကြီး တခုလည်း ဖြစ်ပါတယ်။

အစ္စရေးမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်တွေ အောင်မြင်ခဲ့တာကြောင့် ကပ်ရောဂါအတွက် ချမှတ် ထားတဲ့ ပိတ်ပင်မှု တော်တော်များများကို ရုပ်သိမ်းပေးထားခဲ့ပါတယ်။ ဒါပေမယ့် ကျန်းမာရေး ဆိုင်ရာ အရာရှိတွေကတော့ ကိုဗစ်-၁၉ ရဲ့ အန္တရာယ် ရှိနေသေးကြောင်း သတိပေးနေကြပါတယ်။

အစောပိုင်း ရရှိတဲ့ သတင်းတွေမှာ အဲဒီက အဆောက်အအုံ တလုံး ပြိုလဲကျရာက ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အရေးပေါ် ဌာနက အရာရှိတွေက ဒေသစံတော်ချိန် မနက် ၁ နာရီလောက်မှာ ဖြစ်ခဲ့တယ်ဆိုပြီး ပြောပါတယ်။ Haaretz သတင်းစာကို ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောကြား ချက်တွေအရတော့ ဘာသာရေး ပွဲလာသူ တချို့ လှေကားပေါ်မှာ ခြေချော် ကျရာကနေ လူဒါဇင်များစွာ ပြိုလဲ ဖိနင်းမိကြတဲ့ အထိ ဖြစ်သွားတာ ဖြစ်ပါတယ်။

ကိုယ်တွေ့ ကြုံခဲ့သူတယောက်က စက္ကန့်ပိုင်းအတွင်း ဖြစ်သွားတာ၊ လူတွေ လဲကျ နင်းမိကြနဲ့ တကယ့် ဘေးဆိုးကြီးတခုပါပဲလို့ Haaretz သတင်းစာကို ပြောကြားခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ တင်နေကြတဲ့ ဗီဒီယိုတွေ ထဲမှာတော့ ဘေးလွတ်ဖို့ လူထောင်ပေါင်းများစွာဟာ ကျဥ်းမြောင်းလှတဲ့ လမ်းငယ်တွေထဲမှာ တိုးဝှေ့နေကြတာကို တွေ့ရပါတယ်။ ရဲက အဲဒီနေရာတခုလုံးက လူတွေ ကယ်မထုတ်ပေးနိုင်ခင်မှာ အသံချဲ့စက်တွေကနေ လူစုခွဲကြဖို့ သတိပေး တိုက်တွန်း တာတွေလည်း ရှိခဲ့ပါတယ်။

ပွဲတော်လာခဲ့သူ တယောက်က ဒီလို နေရာမှာ ဒီလို အဖြစ်မျိုး ကြုံရမယ်လို့ ဘယ်သူမှ တွေးမိမှာ မဟုတ်ဘူး။ စိတ်ချမ်းမြေ့မှု ရဖို့ လာခဲ့ပေမယ့် ဝမ်းနည်းစရာတွေ ကြုံခဲ့ရတယ်။ အလင်းကနေ အမှောင်ထုကြီးထဲ ရောက်သွားခဲ့ရသလိုပဲလို့ Channel 12 TV ရုပ်သံလိုင်းကို ပြောပါတယ်။

အခင်းဖြစ်ရာ နေရာကို အရေးပေါ် လူနာတင်ကား ဒါဇင်များစွာ ရောက်နေကြပြီး သေဆုံးခဲ့ရသူတွေကိုလည်း အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက အဖုံးအအုပ်တွေနဲ့ စီတန်းချထားနေတာကို တွေ့ရပါတယ်။ ဒဏ်ရာရသူတွေကိုတော့ ရဟတ်ယာဥ်တွေနဲ့ ဆေးရုံ ပို့ပေးခဲ့ကြပါတယ်။ စစ်တပ်ကလည်း ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေကို စေလွှတ်ထားပြီ ဖြစ်တယ်လို့ ပြောပါတယ်။ အခု ဖြစ်ရပ်ကြောင့် လူ ၁၅၀ ထက်မနည်း ဒဏ်ရာရတယ်၊ အဲဒီထဲက ၃၈ ယောက်ရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အခု ဖြစ်ရပ်မှာ ကလေးသူငယ်တွေပါ ထိခိုက်ခဲ့ရလို့ ဆေးဝန်ထမ်းတွေ အရေးပေါ် သူနာပြုတွေက နှလုံးနှိုးဆွ ပေးနေတာကို တွေ့ခဲ့ရတယ်လို့ ကိုယ်တိုင် မြင်တွေ့ရသူတွေက ပြောကြပါတယ်။ အဲဒီနေ့ အစောပိုင်းက လာတဲ့ လူတွေ များလွန်းလို့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာစေဖို့ မလုပ်ပေးနိုင်ဘူးလို့ အာဏာပိုင်တွေက ပြောကြပါတယ်။

နောက်ပြီး လူနင်းမှုတွေ မဖြစ်ခင်မှာ သူတို့ လုပ်ငန်းတွေကို နှောင့်ယှက်ခဲ့တဲ့ အတွက် လူ ၂ ယောက်ကို ဖမ်းဆီးခဲ့ရတယ်လို့လည်း ရဲက ပြောပါတယ်။

ဒါဟာ ဒီနေ့ ခေတ် အစ္စရေးမှာ လူအသေအပျောက်အများဆုံး ဘေးအန္တရာယ်ကြီး တခု ဖြစ်တာကြောင့် တနိုင်ငံလုံး ထိတ်လန့် တုန်လှုပ်နေကြပါတယ်။

ဒီဘာသာရေး ပွဲတော်ဟာ နှစ်စဥ် နှစ်တိုင်း ကျင်းပနေကြ ဖြစ်ပေမယ့် ဒီနှစ်မှ ဘာကြောင့် ဒီလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ ရသလဲ ဆိုပြီး မေးခွန်းတွေ ထုတ်နေကြပါတယ်။

ဒီပွဲတော်ရဲ့ လုံခြုံရေးကို တာဝန်ယူထားတာ ဖြစ်တဲ့ ဒီထက် လူအလာများတဲ့ ပွဲတွေကိုတောင် ကိုင်တွယ်ဖူးတဲ့ ရဲတပ်ဖွဲ့ဟာ မေးခွန်းထုတ်ခံနေရပြီ ဖြစ်သလို သူတို့ကိုယ်တိုင်လည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြပါတယ်။

Mount Meron တောင်အနီးမှာတော့ အခြေအနေတွေက ရှုပ်ထွေးနေဆဲဖြစ်ပြီး ပွဲတော်လာသူတွေကို ရာပေါင်းများစွာသော ဘတ်စ်ကား တွေနဲ့ ပြန်ပို့ပေးနေကြပါတယ်။ တချိန်တည်းမှာပဲ ပွဲတော်ကို ရောက်နေကြတဲ့ မိသားစုဝင်တွေအတွက် စိတ်ပူပြီး မေးကြ မြန်းကြတဲ့ ဖုန်းတွေကြောင့် ဖုန်းလိုင်းတွေတောင် မနိုင်မနင်း ဖြစ်လာနေပါတယ်။ သေဆုံးသူ လူတချို့ကို အခုထက်ထိ ဘယ်သူ ဘယ်ဝါ မပြောနိုင်ကြသေးသလို သူတို့တွေကို မြှုပ်နှံ သင်္ဂြိုဟ်ဖို့ကလည်း နေဝင်ချိန်မှာ စတင်မယ့် ဂျူးဘာသာ ဥပုသ် ချိန်ပြီးမှသာ ဖြစ်နိုင်မှာပါ။ သြဇာတိက္ကမ ရှိတဲ့ ဂျူးဘုန်းတော်ကြီး တွေကတော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေအတွက် ဆုတောင်း ပေးကြဖို့ ဆော်သြနေပါတယ်။

ကိုယ်တွေ့ ကြုံခဲ့ရသူတွေကလည်း သူတို့ ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောကြပါတယ်။

လူတွေက တအားများတယ် လှုပ်လို့ ရှားလို့တောင် မရဘူးလို့ အဲဒီမှာ ရှိနေသူ တဦးက ဘီဘီစီကို ပြောပါတယ်။ အဲဒီနောက် လူတွေ လဲပြို ကျကြတယ်။ သူနာပြုတွေ အပြေးအလွှား ရောက်လာကြတာ တွေ့တယ်လို့ Shlomo Katz ဆိုသူက ပြောပါတယ်။ ဆေးဝန်ထမ်းတွေ တယောက်ပြီး တယောက် ရောက်လာကြတာ မြင်တယ်၊ အဲဒီတော့မှ တခုခုတော့ ဖြစ်နေပြီဆိုပြီးသဘောပေါက်သွားကြတာပါလို့ သူက ဆိုပါတယ်။

အော်သိုဒေါက်စ် ဂျူး တွေရဲ့ ဝက်ဆိုက် တခုဖြစ်တဲ့ Behadrei Haredim က သတင်းထောက် Yanki Farber က လမ်းကျဥ်းကျဥ်းလေးထဲမှာ လူ တထောင်ကျော် တိုးဝှေ့ဆင်းပြေးကြကြောင်းနဲ့ အဲဒီမှာ တဦးပေါ် တဦး ပြိုလဲ ပိကျ တာတွေ ဖြစ်ကုန်တာလို့ ပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး လုပ်သား တယောက်ကတော့ လူ ဒါဇင်များစွာ တယောက်ကို တယောက် တက်ဖိမိနေတာတွေ့ရယ်၊ တော်တော်များများက အောက်မှာပိပြီး သတိတောင် မရကြတော့ဘူးလို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား Lazar Hyman က သူ ကယ်ဆယ်ရေးတွေ စလုပ်ခဲ့ကတည်းက ဒီလောက်ဆိုးတာမျိုး တခါမှ မကြုံခဲ့ဖူးဘူးလို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ နောက်ထပ် ကယ်ဆယ်ရေး သမား တဦး ဖြစ်တဲ့ Dov Maisel ကတော့ အစ္စရေးမှာ ကြုံခဲ့ရတဲ့ အကြီးမားဆုံး အဖြစ်ဆိုးကြီး တခုကို ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်။ ဒီကို လာတဲ့ လူတွေဟာ ပျော်ရွှင်ဖို့ လာခဲ့ကြတာ ဖြစ်ပေမယ့် လူနင်းမိပြီး လူပိပြီး သေဆုံးခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

Lag B'Omer ဟာ ဘယ်လို ဘာသာရေး ပွဲတော်လဲ

နှစ်စဥ် အော်သိုဒေါက်စ် ဂျူးဘာသာဝင် ထောင်ပေါင်းများစွာဟာ Lag B'Omer ဘာသာရေး ပွဲတော်ကို Meron မြို့မှာ လာရောက် ကျင်းပလေ့ ရှိပါတယ်။ မီးပုံကြီးတွေ ဖိုပြီး ညလုံးပေါက် ဝတ်ပြုဆုတောင်းတာ ကခုန်တာတွေ လုပ်ကြပါတယ်။

အဲဒီ Meron မြို့မှာ အရင် ၂ ရာစုက သူတော်စင် ဘုန်းတော်ကြီး Rabbi Shimon Bar Yochai ရဲ့ ဂူဗိမာန် ရှိပါတယ်။ သူကွယ်လွန်တဲ့ နှစ်ပတ်လည် နေ့မှာ သူ့အသက်တာကို ဂုဏ်ပြုတဲ့ အနေနဲ့ အထိမ်းအမှတ်တွေ ကျင်းပကြပါတယ်။

ပွဲတော်ကျင်းပရာ နေရာမှာတော့ ကျား၊ မ ခွဲခြား သတ်မှတ်ထားတာတွေ ရှိပြီး ဗီဒီယိုတွေမှာ မြင်ရတဲ့ မြင်ကွင်းတွေအရ အမျိုးသား တွေအတွက် သတ်မှတ်ထားတဲ့ နေရာမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ Times of Israel သတင်းဌာနကတော့ ဒီပွဲတော်ကို ကြာသပတေးနေ့ ညပိုင်းမှာ လူ ၁၀၀,၀၀၀ လောက် လာခဲ့ကြတဲ့ အကြောင်းနဲ့ သောကြာနေ့မှာ ထပ်ပြီး ရောက်လာကြမယ်လို့ ပွဲစီစဥ်သူတွေက ခန့်မှန်းထားကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်က ကျင်းပခဲ့တဲ့ ပွဲတော်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စည်းကမ်းတွေ ချမှတ်ထားတာကြောင့် ဒီနှစ်လာတဲ့ လူတွေ ပိုများပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ဟာ ပြီးခဲ့တဲ့ ကိုဗစ် မတိုင်ခင် နှစ်တွေကနဲ့ စာရင်တော့ နည်းနေသေးတယ်လို့ ဆိုပါတယ်။