ကွယ်လွန်ချိန်ထိ အဲလစ်ဇဘက် ဘုရင်မကြီးအပေါ် သစ္စာတည်မြဲခဲ့သူ ကြင်ရာတော် မင်းသားကြီး ဖိလစ်ရဲ့ စျာပနအခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ်ရဲ့ စျာပနအခမ်းအနားမှာ သူချစ်မြတ်နိုးတဲ့ တော်ဝင်ရေတပ်က အဓိက ပါဝင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ မင်းသားကြီး ဖိလစ်ရဲ့ ဆန္ဒအရ စျာပနအခမ်းအနားမှာ တရားဒေသနာ ရွတ်ပယ်တာမျိုးတော့ လုပ်မှာ မဟုတ်ပါဘူး။
ဝင်ဆာ ရဲတိုက်မှာ ကျင်းပမယ့် အခမ်းအနားမှာ စစ်သည်တော် ၇၃၀ ကျော် ပါဝင်ဂုဏ်ပြုမှာ ဖြစ်ပေမဲ့ စိန့်ဂျော့ဂျက်စ် ဘုရားကျောင်းမှာ ကျင်းပမယ့် အခမ်းအနားကိုတော့ ကိုဗစ်စည်းမျဉ်းအရ လူ ၃၀ ပဲ တက်ရောက်ခွင့် ရပါတယ်။
မင်းသားကြီး ဖိလစ်ရဲ့ စျာပန အခမ်းအနားအကြောင်းကို ဗြိတိသျှစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲကစလို့ BBC One ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ အခမ်းအနားကတော့ နေ့လယ် ၃ နာရီတိတိမှာ စမှာ ဖြစ်ပြီး နိုင်ငံတဝန်း ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် တိတ်ဆိတ်စွာ နေရင်းနဲ့ အခမ်းအနားကို စတင်မှာ ဖြစ်ပါတယ်။
အသက် ၁၀၀ ပြည့်ဖို့ ၂ လပဲ လိုတော့တဲ့ မင်းသားကြီး ဖိလစ်ဟာ ဧပြီလ ၉ ရက်နေ့တုန်းက ဝင်ဆာရဲတိုက်မှာ ကွယ်လွန်ခဲ့တာပါ။ သူ့ရဲ့ ရုပ်အလောင်းကို ဝင်ဆာရဲတိုက်ရဲ့ အတွင်းပိုင်း ခန်းမမှာ လောလောဆယ် ထားထားပြီး အဲဒီနောက်မှာတော့ တော်ဝင်မိသားစုတွေရဲ့ သီးသန့် ဘုရားကျောင်းမှာ ပို့ဆောင် ထားရှိမှာပါ။
မင်းသားကြီး ဖိလစ်ရဲ့ ရုပ်အလောင်းကို သူကိုယ်တိုင် ကူညီ ဒီဇိုင်းပြောင်းထားတဲ့ လန်ရိုဗာအမျိုးအစား အသုဘကားပေါ် တင်ဆောင်ပြီး သိပ်မဝေးလှတဲ့ စိန့်ဂျော့ဂျက်စ် ဘုရားကျောင်းဆီ သယ်ဆောင်လာမှာပါ။

ဓာတ်ပုံ ရင်းမြစ်, PA Media
စျာပနအခမ်းအနားကို ဝင်ဆာ ဂိုဏ်းထောက်ဘုန်းတော်ကြီးက အစီအစဉ်မှူးအဖြစ် ဆောင်ရွက်မှာ ဖြစ်ပြီး ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ကောင်းချီးသွန်းလောင်း ဆုတောင်းပေးမှာ ဖြစ်ပါတယ်။
ဘာကင်ဟမ်နန်းတော်က ထုတ်ပြန်တဲ့ စျာပနအခမ်းအနား အစီအစဉ်စာရွက်ထဲမှာ ဝင်ဆာ ဂိုဏ်းထောက် ဘုန်းတော်ကြီးက မင်းသားကြီး ဖိလစ်ရဲ့ ကြင်နာသနားတတ်မှု၊ ဟာသဉာဏ်၊ လူသားချင်း စာနာထောက်ထားတတ်မှုတွေအကြောင်းနဲ့ သူအသက်ရှင်ခဲ့တဲ့ ကာလအတွင်း လူတွေအပေါ် နည်းအမျိုးမျိုးနဲ့ ကောင်းကျိုးပြုခဲ့တဲ့ အကြောင်းတွေကို ဂုဏ်ပြု မိန့်ကြားမယ်လို့ ဖော်ပြထားပါတယ်။
အများပြည်သူအတွက် ထုတ်ပြန်ထားတဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီအောင် စျာပနအခမ်းအနား အစီအစဉ်ကို ပြန်ပြင်ဆင် ရေးဆွဲထားတယ်လို့ ဘာကင်ဟမ်နန်းတော်က ပြောပါတယ်။
စျာပနအခမ်းအနားကို ဝင်ဆာရဲတိုက်ဝင်းအတွင်းမှာပဲ ကျင်းပမှာ ဖြစ်ပြီး အဲဒီနေရာကိုရော တော်ဝင်မိသားစုတွေ နေထိုင်ရာ တခြားစံအိမ်တွေကိုပါ ပြည်သူလူထု မလာကြဖို့ ပန်ကြားထားပါတယ်။
စျာပနအခမ်းအနား တက်ရောက်လာသူတွေဟာ ကိုဗစ်စည်းမျဉ်းတွေနဲ့အညီ နှာခေါင်းစည်း ဝတ်ကြရမှာ ဖြစ်ပြီး လူချင်း ခပ်ခွာခွာနေရမှာပါ။ ဘုရင်မကြီးကတော့ တစ်ဦးတည်း သီးသန့် ထိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ စျာပနအခမ်းအနားကို မင်းသားကြီး ဖိလစ် မကွယ်လွန်ခင်က ပြောထားခဲ့တဲ့ သူ့ရဲ့ ဆန္ဒအတိုင်း ကျင်းပသွားမှာ ဖြစ်ပြီး ရေတပ်မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ဘဝနဲ့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝကို ထင်ဟပ်စေမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
စျာပနအခမ်းအနားမှာ ခရစ်ယာန် ဓမ္မကျမ်းစာ ဆာလံကျမ်း အပိုဒ် ၁၀၇ မှာပါတဲ့ ရေတပ်သားတွေရဲ့ ဘဝအကြောင်း ၁၈၆၀ ခုနှစ်က ဝီလျံဝှိုက်တင်း စပ်ဆိုခဲ့တဲ့ Eternal Father, Strong to Save ဆိုတဲ့ ဓမ္မတေးကို ကျူးရင့်ဖို့ စီစဉ်ထားပါတယ်။
စျာပနအခမ်းအနား မတိုင်ခင် ဘုရင်မကြီးက ကြင်ရာတော် အီဒင်ဘရာမြို့စားကြီး မင်းသားကြီး ဖိလစ်နဲ့ အဘာဒိန်းနယ်မှာ နှစ်ယောက်အတူတွဲ ရိုက်ထားတဲ့ သူ့ရဲ့အကြိုက်ဆုံး ဓာတ်ပုံတစ်ပုံကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ဓာတ်ပုံကို ၂၀၀၃ ခုနှစ်က ဘုရင်မကြီးပိုင် ဘာလ်မိုရဲလ် စံအိမ်ဝင်းနားမှာ ဘုရင်မကြီးနဲ့ မင်းသားကြီးဖိလစ်တို့ ပျော်ပွဲစား ထွက်ခဲ့စဉ် ချွေးမတော် ဝက္ကဆက်စ်မြို့စားကတော် ရိုက်ပေးခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, The Countess of Wessex
စျာပနအခမ်းအနားကို တက်ရောက်လာမယ့် လူ ၃၀ ဟာ ဆုတံဆိပ်ပါ စျာပနအခမ်းအနားဝတ်စုံ ဒါမှမဟုတ် နေ့ခင်းဘက် ဝတ်တဲ့ အဝတ်အစားမျိုးကို ဝတ်ကြမှာ ဖြစ်ပြီး စစ်ယူနီဖောင်း ဝတ်လာကြမှာ မဟုတ်ပါဘူး။
စျာပန အခမ်းအနားကို ဘုရင်မကြီးနဲ့ ကြင်ရာတော် မင်းသားကြီး ဖိလစ်ရဲ့ သားသမီး ၄ ယောက် ဖြစ်တဲ့ ဝေလမင်းသား၊ တော်ဝင်မင်းသမီး၊ ယော့ခ်မြို့စားနဲ့ ဝက္ကဆက်စ်မြို့စားတို့နဲ့အတူ မြေးတော် ၈ ယောက် တက်ရောက်ကြမှာပါ။ မြစ်တော်တွေကတော့ တစ်ယောက်မှ တက်မှာ မဟုတ်ပါဘူး။
မကြာသေးခင်က မင်္ဂလာဆောင်ခဲ့တဲ့ မြေးတော် ယူဂျင်းနီနဲ့ ဘီယက်ထရစ်စ်တို့ရဲ့ ခင်ပွန်းတွေ အပါအဝင် မင်းသားကြီးဖိလစ်ရဲ့ သားသမီးတွေနဲ့ မြေးတော်တွေရဲ့ ဇနီး၊ခင်ပွန်းတွေလည်း စျာပနအခမ်းအနား တက်ရောက်ကြမှာပါ။
ဒါပေမဲ့ ဆပ်စက်စ်မြို့စား မင်းသား ဟယ်ရီရဲ့ ဇနီး ဖြစ်သူ မြို့စားကတော်ကတော့ ကိုယ်ဝန် အရင့်အမာနဲ့မို့ အမေရိကန်ပြည်ထောင်စုကနေ လေယာဉ်မစီးဖို့ ဆရာဝန်က အကြံပေးထားတဲ့အတွက် စျာပနအခမ်းအနား တက်မှာ မဟုတ်ပါဘူး။
ဘုရင်မကြီးရဲ့ ညီမတော် မာဂရက်မင်းသမီးရဲ့ သားသမီးတွေ၊ မင်းသားကြီးဖိလစ်ရဲ့ ဂျာမန်အဆက်အနွှယ် ဆွေမျိုး ၃ ဦးလည်း စျာပနအခမ်းအနားကို တက်ကြမှာ ဖြစ်ပါတယ်။








