ကာကွယ်ဆေးမျှမျှတတရဖို့ WHO သတိပေး၊ ဝူဟန်မှာ ပညာရှင်တွေဆက်စစ်ဆေး အပါအဝင်နောက်ဆုံးရသတင်းတွေ

ရေးသားခဲ့သည်။

ကာကွယ်ဆေး ရပြီးသားသူတွေ မရသေးသူတွေကို စာနာဖို့ WHO ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကိုဗစ်ကာကွယ်ဆေးတွေ စထိုးပေးနေပြီဖြစ်တဲ့ ဗြိတိန်လိုနိုင်ငံတွေကို သူတို့နိုင်ငံတွေမှာရှိတဲ့ ကျန်းမာရေးအရစိုးရိမ်ရတဲ့ လူတွေအားလုံးထိုးပေးပြီးချိန်မှာ ဆေးထိုးတာတွေ ခဏရပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါကလည်း ဆေးလိုအပ်နေတဲ့ ကမ္ဘာ့တခြားနိုင်ငံတွေပါ ညီညီမျှမျှရနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ WHO ပြောခွင့်ရ မာဂရက်ဟဲရစ်က အဲဒီလိုလုပ်တာဟာ ကျင့်ဝတ်နဲ့ ညီညွတ်တဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာ လူပေါင်း ၈ သန်းလောက်ကို ပထမအကြိမ်ဆေးထိုးပေးပြီးပါပြီ။ အသက်အရွယ်ကြီးသူတွေအားလုံးကို စက်တင်ဘာလောက်မှာ ထိုးပေးပြီးဖြစ်ဖို့ ရည်မှန်းထားတယ်လို့ဆိုပါတယ်။ WHO ကတော့ ၂၀၂၁ အကုန်ရောက်ရင် ဆေးအလုံးပေါင်း သန်း ၂ထောင်ကို ကမ္ဘာ့နိုင်ငံအသီးသီးကို မျှမျှတတ ခွဲဝေပေးပြီးဖြစ်သင့်တယ်လို့ ဆိုပါတယ်။

ဝူဟန်က ဆေးရုံကို WHO အဖွဲ့သွားရောက် မေးမြန်း

တရုတ်မှာ ရောက်ရှိနေတဲ့ WHO ကျွမ်းကျင်သူတွေဟာ ဒီကနေ့မှာတော့ ကိုဗစ်၁၉ ရောဂါပထမဆုံး ကူးစက်ခံရသူတွေ တက်ရောက်ခဲ့တဲ့ ဝူဟန်မြို့က ဆေးရုံကို သွားရောက်ခဲ့ကြပါတယ်။ သူတို့အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးဘယ်လို စတင်ပေါ်လာပြီး ပျံ့ပွားသွားသလဲဆိုတာကို စစ်ဆေး အဖြေရှာနေကြတာပါ။

WHO အဖွဲ့ထဲက Peter Daszak က အဲဒီ ဂျင်ယင်တန်းဆေးရုံကို သွားပြီး အရေးကြီးလှတဲ့ ပထမဆုံးနေ့ရက်တွေမှာ လူနာတွေကို ထိတွေ့ကုသ ပေးခဲ့ရသူ ဆေးဘက်ပညာသည်တွေနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတာ အရေးပါတဲ့ အခွင့်အလမ်းတစ်ခုပါလို့ ပြောပါတယ်။ ဝူဟန်မှာ ၂ ပတ်တာနေမယ့်ကာလအတွင်း WHO အဖွဲ့ဟာ ဓာတ်ခွဲခန်းတွေ၊ စျေးတွေနဲ့ ဆေးရုံတွေကို သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး စဖြစ်လာတဲ့ ကနဦးကာလအတွင်း အခြေအနေတွေကို ဖုံးကွယ်ထားတယ်လို့ အမေရိကန်က တရုတ်ကို စွပ်စွဲခဲ့တဲ့အတွက် WHO အဖွဲ့ လာပြီး စုံစမ်းစစ်ဆေးမယ့်အစီအစဉ်တွေ နှောင့်နှေးခဲ့ရပါတယ်။

ဆန္ဒပြလယ်သမားတွေကို အင်တာနက်ဖြတ်

အိန္ဒိယမှာ ဆန္ဒပြနေတဲ့ လယ်သမားတွေစုဝေးရောက်ရှိနေကြတဲ့ မြို့တော်ဒေလီ အနားတဝိုက်က နေရာတချို့မှာ အင်တာနက်မိုဘိုင်းဆက်သွယ်မှုတွေကို အစိုးရက ဖြတ်တောက်ထားလိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကတော့ အခုလိုလုပ်ရတာဟာ ပြည်သူလူထု လုံခြုံရေးအတွက်ဖြစ်ပြီး ဖြတ်တောက်မှုတွေကို မနက်ဖြန် တနင်္ဂနွေညအထိ လုပ်ထားမယ်လို့ ဆိုပါတယ်။ လယ်သမားတွေကတော့ အစိုးရက အသစ်ပြဋ္ဌာန်းလိုက်တဲ့ စိုက်ပျိုးရေးဥပဒေတွေဟာ သူတို့အတွက် ထိခိုက်နစ်နာတယ်ဆိုပြီး ကန့်ကွက်နေတာပါ။

ဒီနေ့မှာလည်း လယ်သမားတွေက လွတ်လပ်ရေးဖခင်ကြီး မဟတ္တဂန္ဓီကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်က်ပြီး တစ်ရက်တာ အစာငတ်ခံဆန္ဒပြနေကြပါတယ်။

သြစတြေးလျအိုးပင်းမှာ ပရိသတ် သုံးသောင်းကြည့်ခွင့်ပေးမယ်

ဒီနှစ်ရဲ့ ပထမဆုံး ဂရင်းဆလမ်တင်းနစ်ပြိုင်ပွဲဖြစ်တဲ့ သြစတြေးလျအိုးပင်းကို လာမယ့် ဖေဖော်ဝါရီ ၈ ရက်တနင်္လာနေ့မှာ မဲလ်ဘုံးမြို့မှာ စကစားတော့မှာပါ၊ နေ့စဉ် ပရိသတ် ၃သောင်းအထိ လာကြည့်ခွင့်ပေးမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအစီအစဉ်တွေလည်း ချမှတ်ထားတယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ်။ ယှဉ်ပြိုင်ကစားကြမယ့် ပြိုင်ပွဲဝင်တွေနဲ့ အုပ်ချုပ်သူတွေ နည်းပြတွေနဲ့ အားကစားပွဲကြီးကြပ်သူတွေအားလုံးလည်း နှစ်ပတ်ကြာကွာရန်တင်း ဝင်ထားပြီးကြပြီ ဖြစ်ပါတယ်။

အက်ဒီလိတ်မြို့မှာ မနေ့က လုပ်ခဲ့တဲ့ သရုပ်ပြပွဲကိုတော့ လူ ၄ ထောင်လောက် လာကြည့်ခဲ့ကြပါတယ်။