ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကြက်ငှက်တုပ်ကွေး စိုးရိမ်လို့ အိန္ဒိယမှာ ကြက်ဘဲတွေ သုတ်သင်
အိန္ဒိယနိုင်ငံတဝန်းက တောငန်းတွေ၊ ကျီးကန်းတွေနဲ့ ဘဲတွေမှာ အေဗီယန်တုပ်ကွေး ခေါ် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်ခံထားရတယ် ဆိုတာကို ဓာတ်ခွဲ အတည်ပြု တွေ့ရှိခဲ့အပြီးမှာ ကြက်ဘဲ ထောင်သောင်းပေါင်းများစွာကို သုတ်သင်ရှင်းလင်းမှုတွေ စတင် လုပ်ဆောင်နေပါတယ်။
ပြည်နယ်အတော်များများမှာ ငှက်တွေ အစုလိုက်အပြုံလိုက် သေနေတာ တွေ့ခဲ့အပြီး လွန်ခဲ့တဲ့ သီတင်းတစ်ပတ်က H5N8 ရောဂါပိုးကို ပထမဆုံး တွေ့ခဲ့တာပါ။
ဗဟိုအစိုးရက အထူး သတိပေးနှိုးဆော်ချက် တစ်ခု ထုတ်ပြန်လိုက်ပြီး ရောဂါပိုး မပြန့်ပွားအောင် ထိန်းချုပ်ဖို့ အတွက် အရေးပေါ် ဆောင်ရွက်ချက်တွေ ချမှတ်ဖို့ ပြည်နယ်အစိုးရတွေကို ညွှန်ကြားထားပါတယ်။
ကြက်ငှက်တုပ်ကွေး ရောဂါပိုး အများစုဟာ လူတွေအတွက် အန္တရာယ် သိပ်မရှိလှပေမဲ့ ကြက်ငှက်အသေတွေ ဒါမှမဟုတ် နာနေတဲ့ ကြက်ငှက်တွေကို မထိ မကိုင်ကြဖို့ လူတွေကို အကြံပေးထားပါတယ်။
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကို ဆက်ရင်ဆိုင် တိုက်ဖျက်နေရချိန်မှာပဲ အခုဒီ ကြက်ငှက်တုပ်ကွေး သတိပေးချက် ပေါ်ထွက်လာတာပါ။ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု အရေအတွက်ကတော့ ကျဆင်းလာနေပြီ ဖြစ်ပြီး လာမယ့် လအနည်းငယ်အတွင်း ပြည်သူ သန်းရာပေါင်းများစွာကို အစုလိုက်အပြုံလိုက် ကာကွယ်ဆေး ထိုးပေးနိုင်ရေး စီမံကိန်းကြီးတစ်ခုအတွက် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
ဒီ့အတွက် ပြည်နယ်အစိုးရတွေက ကြက်ငှက်တုပ်ကွေးရောဂါ သတင်းကြားကြားချင်း အလျင်အမြန် တုံ့ပြန်ဆောင်ရွက်လိုက်ပြီး ကြက်ဘဲ သုတ်သင်ရှင်းလင်းမှုတွေနဲ့ တခြား အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ခရိုင်ဒေသတချို့မှာ ကြက်ဘဲ ရောင်းတဲ့ ဆိုင်တွေကို ပိတ်ထားလိုက်ပြီး ကြက်ဥ၊ဘဲဥ ရောင်းချမှုတွေကိုလည်း ရပ်တန့်ထားလိုက်ပါတယ်။
ဒီကြက်ငှက်တုပ်ကွေး ရောဂါပိုးဟာ တခြားငှက်အမျိုးအစားတွေမှာလည်း ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။
နိုင်ငံမြောက်ပိုင်း ဟီမာချာ ပရာဒက်ရှ်ပြည်နယ်က ပွန် ရေကာတာကြီးနားတဝိုက်မှာ ဆိုင်ဘေးရီးယားနဲ့ မွန်ဂိုလီးယား ဒေသကနေ အသိုက်ပြောင်းလာတဲ့ တောငန်း အများစုပါတဲ့ ရွှေပြောင်းငှက် ၂၄၀၀ လောက် သေဆုံးနေတာကို တွေ့ရတယ်လို့ အိန္ဒိယ တိရစ္ဆာန်ရောဂါဗေဒ ကျွမ်းကျင်သူ ဗီခရမ် ဆင်း က ဘီဘီစီကို ပြောပါတယ်။
"အဲဒီ ရေကာတာကြီးနားတဝိုက် ၆ မိုင်အတွင်းမှာ သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားပါတယ်။ အဲဒီနေရာမှာ ကြက်ဘဲမွေးမြူရေးခြံတွေ မရှိတဲ့အတွက် ကြက်ဘဲတွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာတွေ မတွေ့ရသေးပါဘူး" လို့ သူက ပြောပါတယ်။
နိုင်ငံတောင်ပိုင်း ကာရာလာပြည်နယ်မှာလည်း ဘဲကောင်ရေ တစ်သောင်း နှစ်ထောင်လောက်အထိ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောခဲ့ပြီး ပြည်နယ်အစိုးရရဲ့ လမ်းညွှန်ချက်အရ ကြက်ဘဲ ကောင်ရ သုံးသောင်း ခြောက်ထောင်ကျော် သုတ်သင်ရှင်းလင်းပစ်မယ်လို့ ထုတ်ဖော် ကြေညာထားပါတယ်။
နိုင်ငံအလယ်ပိုင်း မဒယာ ပရာဒက်ရှ်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ၁၀ ရက်တာကာလအတွင်း ကျီးကန်း ရာပေါင်းများစွာ သေနေတာကို တွေ့ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ အခုမကြာသေးခင်မှာလည်း ဗျိုင်းတွေ၊ ခိုတွေ သေနေတာ တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
အင်ဒိုရ်မြို့မှာဆိုရင် ကျီးကန်းအသေ ၅၀ လောက် တွေ့ခဲ့ရပြီး အဲဒီနားမှာ နေထိုင်နေသူတွေမှာ အအေးမိ၊ ချောင်းဆိုး၊ အဖျားတက်တာမျိုးလို ရောဂါလက္ခဏာတွေ ဖြစ်မဖြစ်ကို လေ့လာစစ်တမ်းကောက်ယူနေတယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။
အဲဒီပြည်နယ်တစ်ခုလုံးမှာ သတိအနေအထား ပြင်ထားပြီး အခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ထိန်းချုပ်ဌာနတစ်ခုကို ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ဘီဘီစီကိုပြောပါတယ်။
နိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ်မှာလည်း ကြက်ဘဲ ရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီကြက်ဘဲတွေမှာ ကြက်ငှက်တုပ်ကွေး ရှိကြောင်း ဓာတ်ခွဲအတည်ပြု တွေ့ခဲ့သလား ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။
နိုင်ငံအနောက်ပိုင်း ဂူဂျာရက်နဲ့ မြောက်ပိုင်း ရာဂျက်စသန် ပြည်နယ်တွေမှာလည်း ကျီးကန်း အသေတွေနဲ့ တခြား တောငှက်အသေတွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ခဲ့အပြီး အထူး သတိပေးချက် ထုတ်ပြန်ထားပါတယ်။