အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး အတည်ပြုပြီး ၂ပတ်အကြာမှာ နိုင်ငံခြား တင်ပို့နိုင်မယ်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

အိန္ဒိယ ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အတည်ပြုပြီး ရက်သတ္တပတ် ၂ ပတ်အကြာမှာ နိုင်ငံရပ်ခြားကို တင်ပို့ နိုင်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒေသတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အိန္ဒိယ ကာကွယ်ဆေးကို နိုင်ငံရပ်ခြား တင်ပို့မှု တားမြစ်လိမ့်မယ် ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း အဆိုပါ အရာရှိက ငြင်းဆို သွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းက ကာကွယ်ဆေး ၆၀ ရာခိုင်နှုန်းလောက်ကို အိန္ဒိယက ထုတ်လုပ်ပေးပြီး နိုင်ငံ တော်တော်များများ က ဒီကာကွယ်ဆေး ပို့ဆောင်မယ့် အချိန်ကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ မှာ စတင်ထိုးနှံပေးဖို့ ရှိတဲ့ ကာကွယ်ဆေး အမျိုးအစား ၂ မျိုးကိုလည်း အရေးပေါ် အသုံးပြုဖို့ အတွက် အတည်ပြုပေးထားခဲ့ပြီးဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လမှာ လူပေါင်း သန်း၃၀၀ လောက်ကို ကာကွယ်ဆေးထိုးပြီးဖို့ အိန္ဒိယက မျှော်လင့် ထားပြီး ဒါဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ် နဲ့ အက်စထရာ ဇန်နကာတို့ တွဲထုတ်ထားတဲ့ (ကိုဗစ်ရှီးဒ်) ကာကွယ်ဆေး နဲ့ ပြည်တွင်း ဘာရဒ် ဘိုင်အိုတက်ခ် က ထုတ်တဲ့ (ကိုဗက်ဆင်း) ကာကွယ်ဆေးတွေကို အိန္ဒိယမှာ ထုတ်လုပ်ဖို့ ဆေးဝါး စိစစ် သူတွေက မီးစိမ်းပြထားခဲ့ပြီးသားပါ။

နိုင်ငံရပ်ခြားကို ကာကွယ်ဆေး တင်ပို့မယ့် အစီအစဉ်တွေကိုလည်း အချိန်မီ လုပ်ဆောင် နိုင်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူက အတည်ပြုပါတယ်။

ကာကွယ်ဆေး စထိုးပြီး ၂ပတ်ကြာတာနဲ့ တောင် အာရှက အိမ်နီးချင်း နိုင်ငံတွေကို ဆေးတင်ပို့မယ့် အစီအစဉ်ကို ခွင့်ပြုသွားမှာပါ။ တချို့ တင်ပို့တဲ့ အစီအစဉ်က အိန္ဒိယက လက်ဆောင်ပေးတဲ့ သဘောမျိုးဖြစ်ပြီး၊ တခြားနိုင်ငံတွေကိုတော့ အစိုးရက ရရှိထားတဲ့ စျေးနှုန်းအတိုင်း ပြန်လည် ရောင်းချ ပေးသွားမယ်လို့ အမည်မဖော်လိုသူ နိုင်ငံခြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကမ္ဘာမှာ အကြီးဆုံး ကာကွယ်ဆေး ထုတ်လုပ်သူ အနေနဲ့ အိမ်နီးချင် နိုင်ငံတွေနဲ့ ထားရှိတဲ့ ကတိစကားတွေကို ဖြည့်ဆည်းဖို့ လုပ်ဆောင် နေတယ်လို့လည်း ဆိုပါတယ်။

ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုဖို့ ဇန်နဝါရီလ ၃ ရက်နေ့က အတည်ပြုပေးထားခဲ့ပြီး နောက် ၁၀ ရက်အတွင်းမှာ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းတွေကို စတင်သွားမယ်လို့ တာဝန်ရှိသူက ဒေလီမြို့မှာ သတင်းသမားတွေကို ပြောခဲ့ပါတယ်။

အောက်စ်ဖို့ဒ် အန်စထရာ ဇန်နကာ ရဲ့ ဆေးကို အိန္ဒိယမှာ ထုတ်လုပ်တဲ့ ဆီရမ် ကုမ္ပဏီ အမှုဆောင် အရာရှိ ကလည်း ဆေးတင်ပို့ရေးနဲ့ ပတ်သက် လို့ မရှင်းလင်းတဲ့ အချက်တွေကို ပြန်ရှင်း ပြခဲ့ပါတယ်။

အိန္ဒိယက ထုတ်တဲ့ ကာကွယ်ဆေးတွေကို နိုင်ငံရပ်ခြားကို အချိန်အတော်ကြာတဲ့ အထိ တင်ပို့ခွင့် ပြုမှာ မဟုတ်ဘူးလို့ သိရှိထားကြောင်း AP သတင်းဌာန ကို ဆီရမ် ကုမ္ပဏီ အမှုဆောင် အရာရှိ အက်ဒါ ပူနာဝါလား က အေပီ သတင်းဌာနကို မနေ့က ပြောဆိုခဲ့တာပါ။

ဒါပေမယ့် ဇန်နဝါရီလ ၅ ရက်နေ့ အင်္ဂါနေ့မှာတော့ သူတို့ ကုမ္ပဏီ အနေနဲ့ နိုင်ငံခြားကို တင်ပို့ခွင့် ရထားပြီး ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေးဘီးယား၊ မော်ရိုကို နိုင်ငံတွေနဲ့ ဆေးတင်ပို့ရေး သဘောတူညီမှု ရဖို့ နီးစပ်နေပြီလို့ သူက ဆိုပါတယ်။

သူ့ကုမ္ပဏီက ထုတ်တဲ့ ပထမ တစ်သုတ် ကာကွယ်ဆေး အလုံးရေ သန်း တစ်ရာကို အစိုးရကို ရူပီး ၂၀၀ (၂.၇၄ဒေါ်လာ) နဲ့ ရောင်းသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ စျေးတက် နိုင်တယ်လို့ သူက ပြောဆိုခဲ့တာပါ။

ဒီပြောဆိုမှုကြောင့် အိန္ဒိယရဲ့ အိမ်နီးချင်း ဖြစ်တဲ့ နီပေါ၊ ဘင်္ဂလားဒေ့ရှ် နဲ့ တခြား နိုင်ငံတွေအကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ ဒီနိုင်ငံတွေဟာ သူတို့ပြည်သူတွေ ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ အတွက် အိန္ဒိယ ကာကွယ်ဆေးကို အဓိက အားထားနေရတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ပထမ အသုတ် ကာကွယ်ဆေး သန်း ၃၀ ကို မှာယူထားပြီး ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီ ပထမ အသုတ်ကို ဖေဖော်ဝါရီလထဲမှာ ရဖို့ မျှော်လင့် ကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေး ဝန်ကြီးက ပြည်တွင်း သတင်းဌာနတွေကို ပြောထားပါတယ်။

ဆီရမ် နဲ့ ဘာရဒ် ဘိုင်အိုတက်ခ် တို့ ကုမ္ပဏီ ၂ ခုပေါင်း ရဲ့ ကာကွယ်ဆေး ပမာဏ က လက်ရှိမှာ အလုံးရေ သန်း ၇၀ လောက်ရှိပါတယ်။ တောင်းဆိုမှုတွေ များလာတဲ့ အတွက် တိုးမြှင့် ထုတ်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။

သူတို့ ကုမ္ပဏီထုတ် ကိုဗစ် ၁၉ ကာကွယ်ဆေးကို တစ်ကမ္ဘာလုံး ရရှိနိုင်ဖို့အတွက် ထုတ်လုပ် သွားမယ် ဆိုပြီးတော့လည်း ကုမ္ပဏီ နှစ်ခု ပူးပေါင်းပြီး ဒီကနေ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ပူးတွဲ ကြေငြာချက် ထုတ်ပြန် ထားပါတယ်။