ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်က ယူရေနီယံကို ၂၀%အထိ သန့်စင်အောင် ထုတ်တော့မယ်လို့ ကုလပြော
အီရန်အစိုးရဟာ ယူရေနီယံ သတ္တုထုတ်လုပ်ရာမှာ ၂၀% အထိ သန့်စင်အောင် ထုတ်ဖို့ လိုလားနေတယ်လို့ ကုလသမဂ္ဂရဲ့ အနုမြူစွမ်းအင်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ IAEA က ပြောကြားလိုက်ပါတယ်။
ဒါဟာ အီရန်က နိုင်ငံတကာနဲ့ သဘောတူထားတဲ့ နျူးကလီးယားထိန်းချုပ်ရေးဆိုင်ရာ စာချုပ်ကို သိသိသာသာ ချိုးဖောက်မှုတခုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။
ယူရေနီယံ သတ္တုကို ထုတ်လုပ်ရာမှာ နျူးကလီးယားဗုံး ထုတ်နိုင်တဲ့ သန့်စင်မှုရှိဖို့အတွက် ၉၀% အထိ သန့်စင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။
ဒါပေမယ့် အီရန်က ယူရေနီယံ သတ္တုထုတ်လုပ်ရာမှာ သန့်စင်မှု ၄% အောက် အရည်အသွေးသာ ရှိတဲ့ ယူရေနီယံ ထုတ်လုပ်ဖို့ ၂၀၁၅ မှာ နိုင်ငံတကာနဲ့ သဘောတူထားခဲ့တာ ဖြစ်တဲ့အတွက် သိသာတဲ့ စာချုပ်ချိုးဖောက်မှုလို့ ဆိုနိုင်ပါတယ်။
အဲဒီ နိုင်ငံတကာ သဘောတူညီမှုကနေ အမေရိကန်နိုင်ငံက နုတ်ထွက်ကာ အီရန်ကိုလည်း သိသိသာသာ ထိခိုက်စေတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လုပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ အဲဒီ သဘောတူစာချုပ်ပါ ကန့်သတ်ချက်တွေကို အီရန်အစိုးရက စတင် ချိုးဖောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အီရန်ကို စာချုပ်ပါ အချက်အလက်တွေအတိုင်း ပြန်လည်လိုက်နာအောင် လုပ်ဖို့ ဖြစ်နိုင်ခြေရှိတယ် ဆိုပြီး ဒီစာချုပ်မှာ ပါဝင်တဲ့ နိုင်ငံတွေဖြစ်တဲ့ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့က မျှော်လင့်နေကြပါတယ်။
အီရန်က ဘယ်လိုလုပ်ဖို့ ပြင်ဆင်နေသလဲ
IAEA ရဲ့ အဆိုအရ အီရန်အစိုးရဟာ သူတို့နယ်မြေအတွင်းမှာရှိတဲ့ တောင်တလုံးအတွင်းမှာ နက်နက်ရှိုင်းရှိုင်း တည်ဆောက်ထားတဲ့ ဖော်ဒိုး လောင်စာ သန့်စင်ရေးစက်ရုံမှာ အခုလို ယူရေနီယံ သတ္ထုထုတ်လုပ်မှုကို ၂၀% အထိ သန့်စင်အောင် ထုတ်လုပ်မယ်ဆိုပြီး အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလို သန့်စင်မှုအဆင့် တိုးမြှင့်မှုကို ဘယ်အချိန်မှာ စလုပ်မယ်ဆိုတဲ့ အသေးစိတ်ကတော့ အီရန်အစိုးရရဲ့ IAEA ကို အသိပေးစာထဲမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။
အီရန်ဟာ ၂၀၁၉ မှာ အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်လုပ်ခံရပြီးနောက်ပိုင်း ယခင် နိုင်ငံတကာနဲ့ သဘောတူထားတဲ့ ယူရေနီယံ သန့်စင်မှု ၃.၆၇% အထိပဲ လုပ်ခွင့်ရှိတာကို စတင်ချိုးဖောက်ခဲ့ပေမယ့် ၄.၅% အထိပဲ တိုးပြီး ယူရေနီယမ် သန့်စင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ တလကျော်ကာလ နိုဝင်ဘာလကုန်ပိုင်းလောက်မှာ အီရန်ရဲ့ ထိပ်တန်း နျူးကလီးယား သိပ္ပံပညာရှင် မိုဆန် ဖာကရီဇာဒေ လုပ်ကြံခံရတာကို တုံ့ပြန်တဲ့ အနေနဲ့ ဆိုပြီး အီရန်မှာ ယူရေနီယံ ထုတ်လုပ်မှု သန့်စင်နှုန်းကို ၂၀% အထိ တိုးမြှင့်ဖို့ အီရန်ပါလီမန်က ဥပဒေပြု ပြဌာန်းထားတာလည်း ဖြစ်ပါတယ်။
အဲဒီ အီရန်ပါလီမန်က အတည်ပြု ပြဌာန်းထားတဲ့ ဥပဒေအရ အီရန် ခံစားနေရတဲ့ ရေနံနဲ့တကွ ဘဏ္ဍာရေး ဆိုင်ရာ စီးပွားရေးပိတ်ဆို့ခံရမှုတွေ လာမယ့် နှစ်လအတွင်း ဖြေလျှော့မပေးဘူးဆိုရင် အီရန်ရဲ့ ယူရေနီယံ ထုတ်လုပ်မှု သန့်စင်နှုန်းကို ၂၀% အထိ ပြန်လုပ်ဖို့ သတ်မှတ်ထားပါတယ်။
ဒီလို သန့်စင်မှုနှုန်း တိုးမြှင့်ရုံသာမကပဲ အီရန်နိုင်ငံရဲ့ နာတန့်စ်ဒေသနဲ့ ဖော်ဒိုးဒေသမှာရှိတဲ့ နျူးကလီးယားဆိုင်ရာ စက်ရုံအဆောက်အအုံတွေမှာ ကုလသမဂ္ဂဘက်က စောင့်ကြည့်သူကို ဝင်ရောက်ခွင့် ပေးထားတာတွေကိုလည်း ပြန်လည်ရုပ်သိမ်းမယ် ဆိုတဲ့အချက်က အဲဒီဥပဒေထဲမှာ ပါဝင်နေပါတယ်။
ယူရေနီယံ သန့်စင်နှုန်း ကန့်သတ်မှုက ဘာဖြစ်လို့ အရေးကြီးတာလဲ
အီရန်နိုင်ငံဟာ အခုလို ယူရေနီယံ ထုတ်လုပ်မှု သန့်စင်နှုန်းတိုးခြင်းအားဖြင့် နျူးကလီးယားဗုံး ထုတ်လုပ်ဖို့အတွက် ရူပဗေဒ သဘောတရားအရ လိုအပ်တဲ့ အချိန်ကာလကို တိုတောင်းသွားစေနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။
အီရန်ကတော့ သူတို့ရဲ့ နျူးကလီးယားစီမံကိန်းကို စစ်မက်နဲ့ မသက်ဆိုင်တဲ့ ငြိမ်းချမ်းတဲ့ ရည်မှန်းချက်တွေနဲ့သာ လုပ်ဆောင်နေတာလို့ အစဉ်တစိုက် ပြောဆိုထားပါတယ်။
ဒါပေမယ့် အီရန်ဟာ နျူးကလီးယားဗုံး ထုတ်ဖို့ လုပ်နေခဲ့တယ်ဆိုတဲ့ သံသယကြောင့် ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ၂၀၁၀ ပြည့်နှစ်မှာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ စလုပ်ခဲ့ပါတယ်။
၂၀၁၅ မှာတော့ အီရန်ရဲ့ နျူးကလီးယားစီမံကိန်းကို ကန့်သတ်ထိန်းချုပ်ပြီး တကယ်လိုက်နာမှု ရှိမရှိကိုလည်း စစ်ဆေးနိုင်တဲ့ သဘောတူစာချုပ်ကို အီရန်အစိုးရက တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ ယူကေနဲ့ အမေရိကန်နိုင်ငံတို့နဲ့ လက်မှတ်ထိုးခဲ့ပြီး စီးပွားရေး ပိတ်ဆို့မခံရတဲ့ အခြေအနေကို အပြန်အလှန်အနေနဲ့ ရရှိခဲ့ပါတယ်။
အီရန်နဲ့ နိုင်ငံတကာတို့ရဲ့ နျူးကလီးယားဆိုင်ရာ စာချုပ် ပြန်လည်အသက်ဝင်နိုင်မယ့် အလားအလာ
ပြီးခဲ့တဲ့ အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ အနိုင်ရထားတဲ့ ဒီမိုကရက်တစ် ပါတီက ဂျိုးဘိုင်ဒန်က လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တရားဝင် သမ္မတ ဖြစ်မလာခင် အထိ အမေရိကန်သမ္မတ ဖြစ်နေဦးမယ့် ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ မေလမှာ အီရန်နဲ့ နိုင်ငံတကာ နျူးကလီးယားဆိုင်ရာ စာချုပ်ကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ဒီစာချုပ်ပါ အချက်တွေဟာ ယိုယွင်းဆွေးမြေ့နေပြီ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် မကြာခင် အမေရိကန် သမ္မတဖြစ်လာမယ့် ဂျိုးဘိုင်ဒန်ကတော့ အီရန်သာ လက်ရှိစာချုပ် ကန့်သတ်ချက်တွေကို တိတိကျကျ လိုက်နာမယ်ဆိုရင် ယခင် အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာ ညှိနှိုင်းသဘောတူထားတာဖြစ်တဲ့ အဲဒီ အီရန်နဲ့ နိုင်ငံတကာ နျူးကလီးယားဆိုင်ရာ စာချုပ်မှာ အမေရိကန်အစိုးရကိုလည်း ပြန်လည် ပါဝင်စေမယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်သမ္မတဖြစ်လာတော့မယ့် ဂျိုးဘိုင်ဒန်အနေနဲ့ အီရန်နဲ့ နိုင်ငံတကာ နျူးကလီးယားဆိုင်ရာ စာချုပ် အတည်တကျဖြစ်သွားတဲ့ အချိန်ဖြစ်တဲ့ ၂၀၁၇ ကာလ အနေအထား ပြန်ရောက်အောင် လုပ်လာမယ်ဆိုရင် အီရန်ဘက်ကလည်း အဲဒီအချိန်ကအတိုင်း စာချုပ်ပါ ကန့်သတ်ချက်တွေကို ပြန်လည် လိုက်နာမှာ ဖြစ်တယ်လို့ အီရန် သမ္မတ ဟာဆန် ရူဟာနီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ပြောဆိုထားပါတယ်။