ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မက်ခ်ကင်းဇီး စကော့ - ဒေါ်လာ ၄.၂ ဘီလျံ လှူတဲ့ အမျိုးသမီး
အမေဇုန် ကုမ္ပဏီ တည်ထောင်သူ ဂျက်ဖ် ဘေဇော့စ်နဲ့ ကွာရှင်းပြတ်စဲခဲ့တဲ့ မက်ခ်ကင်းဇီး စကော့ဟာ ၄ လတာ ကာလအတွင်း ဒေါ်လာ သန်း ၄ ဘီလျံကျော် ကို အစားအသောက် လှူတဲ့အဖွဲ့တွေ၊ အရေးပေါ်အကူအညီပေးရေးအဖွဲ့တွေဆီကို လှူဒါန်းလိုက်ပါတယ်။
ကမ္ဘာ့ကပ်ကြောင့် ရုန်းကန်နေရတဲ့ အမေရိကန်ပြည်သူတွေကို သူကူညီ ချင်တယ်လို့ မစ္စ စကော့က ဘလော့ဂ်တစ်ခုမှာ ရေးပါတယ်။
မစ္စ စကော့ဟာ ကမ္ဘာမှာ ၁၈ ယောက်မြောက် အချမ်းသာဆုံးဖြစ်ပြီး သူ့ကြွယ်ဝမှုက ဒီနှစ် အတွင်း အမေရိကန် ဒေါ်လာ ၂၃.၆ ဘီလျံကနေ ၆၀.၇ ဘီလျံအထိ တိုးပွားခဲ့ပါတယ်။
သူ့ဝင်ငွေ အတော်များများက သူ့ခင်ပွန်းဟောင်းလည်းဖြစ်၊ ကမ္ဘာမှာ အချမ်းသာဆုံးလူလည်းဖြစ်တဲ့ အမေဇုန် ကုမ္ပဏီ အကြီးအကဲ မစ္စတာ ဘေဇော့စ် ဆီက လာတာပါ။
"ဒီ ကမ္ဘာ့ကပ်ဟာ အရင်ကတည်းက ရုန်းကန်နေရတဲ့ အမေရိကန်ပြည်သူတွေရဲ့ ဘဝကို ရိုက်ဖြိုချလိုက်တဲ့ အရာပါပဲ"လို့ သူက ဘလော့ဂ်မှာ ရေးထားပြီး၊ အဖွဲ့ပေါင်း ၆,၅၀၀ ကိုလှူဒါန်းနိုင်ရေးအတွက် ကုသိုလ်ဖြစ် ပရဟိတ အဖွဲ့ ၃၈၀ ကျော်ကို ဒီအလှူငွေတွေ ပေးဖို့ သူ ရွေးချယ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
"စီးပွားရေးအရ၊ ကျန်းမာရေးအရ ဆုံးရှုံးမှုတွေကို အမျိုးသမီးတွေ၊ လူဖြူမဟုတ်သူတွေ၊ ဆင်းရဲနေကြသူတွေက ပိုပြီး ဆိုးဆိုးရွားရွားခံစားရတယ်။ အဲဒီအချိန်မှာပဲ ဘီလျံနာ သူဌေးတွေရဲ့ ဓနကြွယ်ဝမှုက သိသိသာသာကြီးကို တိုးတက်လာခဲ့တယ်။"
ဇူလိုင်လအတွင်းမှာ မစ္စ စကော့က ကုသိုလ်ဖြစ် ပရဟိတအဖွဲ့ ၁၁၆ ခုဆီကို ဒေါ်လာ ၁.၇ ဘီလျံ ပေးလှူခဲ့ပြီး "အပြောင်းအလဲအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့တွေ၊ ဦးဆောင်သူတွေကို" အာရုံစိုက်ကြဖို့ ဆော်သြခဲ့ပါတယ်။ ဒီနှစ်အတွင်း သူလှူဒါန်းတာ ဒေါ်လာ ၆ ဘီလျံ နီးပါးရှိသွားပါပြီ။
လှူဒါန်းမှုတွေကို "အစားအစာ လုံလောက်မှုမရှိသူတွေ၊ လူမျိုးရေးအရ မညီမျှတာကို ခံစားနေရသူတွေ၊ ပရဟိတ ရန်ပုံငွေတွေကို ရနိုင်ဖို့ လက်လှမ်းဝေးနေတဲ့သူတွေ စတဲ့ သူတွေအတွက် ကူညီနေတဲ့အဖွဲ့တွေ" ဆီကို ပေးပါတယ်။
မနှစ်တုန်းက သူဟာ သူ့ပိုင်ဆိုင်မှု ဓန အများစုကို ပေးလှူမယ့်အကြောင်း ကတိပြုခြင်း (Giving Pledge) အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ Giving Pledge ဆိုတာကတော့ ကမ္ဘာ့ အချမ်း သာဆုံး လူတွေ၊ မိသားစုတွေက သူတို့ပိုင်ဆိုင်တဲ့ ဓနအများစုကို ပြန်လည်ပေးလှူမယ်လို့ ရည်သန် ပိုင်းဖြတ်ထားချက်ပါ။
"ကျွန်မမှာ မျှဝေပေးစရာ ငွေကြေးဓနတွေ များစွာရှိပါတယ်"လို့ အဲဒီကတိပြုချက်မှာ ရေးသားခဲ့ ပါတယ်။
ပရဟိတအရေးဆောင်ရွက်နေသူ ထိပ်တန်းပုဂ္ဂိုလ်တွေက သူပေးလှူတဲ့ ငွေပမာဏနဲ့ သူ့ရဲ့လုပ်ဆောင်ပုံတွေအပေါ် ချီးမွမ်းခဲ့ကြပါတယ်။ ထောင်ပေါင်းများစွာရှိတဲ့ အကူအညီ ပေးရေးအဖွဲ့တွေကို မစ္စ စကော့က သူ့အကြံပေးအဖွဲ့နဲ့အတူ လေ့လာဆန်းစစ်ခဲ့ပါတယ်။
"ကျွန်မတို့ ဆုံးဖြတ်ဆောင်ရွက်တာက လူထုအသိုင်းအဝိုင်းက လိုအပ်ချက်တွေ၊ ကူညီမှုအစီအစဉ်တွေရဲ့ ရလဒ်တွေ၊ အလှူငွေတွေ ကို ဘယ်လောက်အကျိုးဖြစ်အောင် ဆောင်ရွက်နိုင်တဲ့ သက်ဆိုင်ရာ အဖွဲ့တစ်ခုရဲ့ လုပ်နိုင်စွမ်းတွေ စတာတွေကို သုံးသပ်နိုင်ဖို့ ထောင်ပေါင်းများစွာသော သတင်းအချက်အလက် စာမျက်နှာတွေကို လေ့လာသလို၊ ရာနဲ့ ချီတဲ့ အီးမေးလ်ဆက်သွယ်မှုတွေ၊ ဖုန်းနဲ့တဆင့် အင်တာဗျူးတာတွေ စတာတွေကို ဆောင်ရွက်ပြီး ရရှိလာတဲ့ ဗဟုသုတအပေါ်မှာ အခြေခံခဲ့တယ်"လို့ သူ့ ရေးပါတယ်။
ဘေဇော့စ်ရဲ့ ဘီလျံပေါင်းများစွာ
မစ္စတာ ဘေဇော့စ်ဟာလည်း ပရဟိတအကူအညီပေးရာမှာ တက်ကြွသူဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု အရေးကိစ္စတွေအတွက် ဒေါ်လာ ၁၀ ဘီလျံကို ဒီနှစ်အတွင်း လှူခဲ့ပါတယ်။
နိုဝင်ဘာလတုန်းက ပထမအသုတ်အဖြစ် ဒေါ်လာ သန်း ၈၀၀ ကို အဖွဲ့ပေါင်း ၁၆ ဖွဲ့ဆီကို သူ လှူခဲ့ပါတယ်။ ဘလွန်းဘတ်ဂ်ရဲ့ ဘီလျံနာ သူဌေး စာရင်းအရ ဒီနှစ်အတွင်း သူ့ပိုင်ဆိုင်မှု ဓနက ဒေါ်လာ ၇၀ ဘီလျံ တိုးတက်လာခဲ့ပြီး သူ့ရဲ့ စုစုပေါင်း ဓနပိုင်ဆိုင်မှု ဒေါ်လာ ၁၈၅ ဘီလျံ ရှိပါတယ်။
ကမ္ဘာ့ကပ်အတွင်း အွန်လိုင်းကတစ်ဆင့် စျေးဝယ်ကြတာက တစ်ဟုန်ထိုး တိုးတက်ခဲ့ပြီး အမေဇုန် အပါအဝင် အွန်လိုင်းအရောင်း ကုမ္ပဏီတွေ အကျိုးအမြတ်များစွာ ရခဲ့ပါတယ်။ ဆွစ်ဇာလန် ဘဏ်တစ်ခုဖြစ်တဲ့ UBS ဘဏ်က ကိုဗစ် အကျပ်အတည်းကာလအတွင်း ဘီလျံနာတွေ "သိပ်ကို အကျိုးများ" ခဲ့ကြတယ်လို့ ဆိုပါတယ်။
အလှူကြီးတွေ
ဒီနှစ်အတွင်း ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်လို့၊ ဒါမှမဟုတ် တခြားအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ငွေအများအပြားလှူကြတဲ့ အကျော်ဒေးယျ ပုဂ္ဂိုလ်တွေ၊ အားကစားလောကက ထင်ပေါ်ကျော်ကြားသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အရေအတွက်က နှိုင်းယှဉ်မှုအရ တိုးတက်လာတာကိုတွေ့ရပါတယ်။
ရက်ရက်ရောရော အလှူဆုံးလူတွေထဲမှာ တွစ်တာ ပူးတွဲတည်ထောင်သူ ဂျက် ဒေါ်စီ တစ်ယောက်အပါအဝင်ဖြစ်ပြီး သူက ဧပြီလအတွင်းမှာ ကမ္ဘာ့ကပ်ခံစားနေရသူတွေ အရေးနဲ့ တခြား အရေးတွေ အတွက် ဒေါ်လာ ၁ ဘီလျံကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါဟာ သူ့ပိုင်ဆိုင်မှု ဓန ၃.၉ ဘီလျံနဲ့ နှိုင်းရင် လေးပုံ တစ်ပုံ ရှိပါတယ်။
ဘီလ်ဂိတ်နဲ့ သူ့ဇနီး မဲလ်လန်ဒါ တို့က ကာကွယ်ဆေးတွေ၊ ကုသမှုတွေ၊ ရောဂါရှာဖွေရေးတွေအတွက် ဒေါ်လာ သန်းပေါင်း ၃၅၀ ကို လှူဒါန်းခဲ့သလို၊ ဟယ်ရီ ပေါ်တာ စာအုပ်ကိုရေးသားတဲ့ စာရေးဆရာမ ဂျေကေ ရိုးလင်းက အိမ်ရာမဲ့သူတွေနဲ့ ကမ္ဘာ့ကပ်ကာလအတွင်း အိမ်တွင်း အကြမ်းဖက်တာ ခံရသူတွေအတွက် ဒေါ်လာ ၁ သန်းကို လှူဒါန်းခဲ့ပါတယ်။
"အမေရိကန်ရွေးကောက်ပွဲတွေကို ကာကွယ်ဖို့အရေး" အတွက် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီပိုင်ရှင် မတ်ခ် ဇက်ကာဘတ်ဂ်နဲ့ သူ့ဇနီး ပရစ်ဆဲလ်လာ ချန်းတို့က ဒေါ်လာ သန်း ၃၀၀ လှူခဲ့ပါတယ်။
ဘက်စကက်ဘော အကျော်အမော် မိုက်ကယ် ဂျော်ဒန်က Black Lives Matters လှုပ်ရှားမှုနဲ့ လူမှုရေး တရားမျှတမှုတွေ အတွက် ဒေါ်လာ သန်း ၁၀၀ ကို လှူကြောင်း ဇွန်လ အတွင်းက ကြေညာခဲ့ ပါတယ်။