ကမ္ဘာမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် မန်ဆာ မူဆာ

    • ရေးသားသူ, နိုင်မာ မိုဟာမက်
    • ရာထူးတာဝန်, ဘီဘီစီ အာဖရိက
  • ရေးသားခဲ့သည်။

အမေဇုန် ဝက်ဆိုက် တည်ထောင်သူ ဂျက်ဖ် ဘေဇော့ကို ကမ္ဘာမှာ အချမ်းသာဆုံးလို့ ဖို့ဘ်စ် မဂ္ဂဇင်းက ထုတ်တဲ့ ၂ဝ၁၉ ထိပ်တန်း ဘီလျံနာသူဌေး စာရင်းအရ သိရပါတယ်။ ဒေါ်လာ ၉၉ ဘီလျံကြွယ်ဝတဲ့ ဒီသူဌေးဟာ ခေတ်သစ်သမိုင်းမှာ အချမ်းသာဆုံးသူ တစ်ယောက် ဖြစ်လာပါတယ်။

ဒါပေမဲ့ ဒီသူဟာ သမိုင်းမှာ အချမ်းသာဆုံးသူတော့ မဟုတ်ပါဘူး။

ဒီချန်ပီယံဆုကိုတော့ အနောက်အာဖရိကက ဘုရင် မန်ဆာ မူဆာက ဆွတ်ခူးပါတယ်။ သူသုံးလွန်းလို့ နိုင်ငံတခုလုံးရဲ့ စီးပွားရေး ချွတ်ခြုံ ကျသွား ခဲ့ပါတယ်။

"ခေတ်ပြိုင် မှတ်တမ်းတွေအရ မူဆာ ချမ်းသာပုံက မင်သက်မိစေတယ်၊ သူတကယ်တမ်း ဘယ်လောက်ထိ ပိုင်ဆိုင်တယ်၊ အာဏာရှိတယ်ဆိုတာ မှန်းလို့ မရနိုင်ဘူး" လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်က တွဲဖက် သမိုင်းပါမောက္ခ ရူးဒေါ့ဝဲက ဘီဘီစီကို ပြောပါတယ်။

မန်ဆာမူဆာဟာ ဘယ်သူမှ မမှန်းဆနိုင်အောင် ချမ်းသာတဲ့သူလို့ ဂျက်ကော့ ဒေးဗစ်ဆန်က မန်းနီးဒေါ့ကွန်းဝက်ဆိုက်မှာ ၂ဝ၁၅ က ရေးခဲ့ပါတယ်။

သူ့ကြွယ်ဝမှုဟာ အမေရိကန် ဒေါ်လာ ဘီလျံ ၄ဝဝ ရှိနိုင်တယ်လို့ ၂ဝ၁၂ က အမေရိကန် ဝက်ဆိုက်တခုကလည်း ရေးပါတယ်။ ဒါပေမဲ့ သူ့ပိုင်ဆိုင်မှုက ဂဏန်းနဲ့ချပြလို့ မဖြစ်နိုင်ဘူးလို့ စီးပွားရေးသမိုင်းဆရာတွေက ယူဆကြပါတယ်။

ကမ္ဘာမှာ အချမ်းသာဆုံး လူ ၁ဝ ယောက်

  • မန်ဆာ မူဆာ(၁၂၈ဝ-၁၃၃၇၊ မာလီ ဘုရင်) မခန့်မှန်းနိုင်အောင် ကြွယ်ဝ
  • သြဂတ်စတပ် ဆီဇာ( ၆၃ ဘီစီ - ၁၄ အေဒီ၊ ရောမ ဧကရာဇ်) ကန်ဒေါ်လာ ၄.၆ ထရီလျံ
  • ဂျောင်ရှူး( ၁ဝ၄၈-၁ဝ၈၅၊ တရုတ်ပြည် ဆွန်မင်းဆက် ဧကရာဇ်) မရေတွက်နိုင်အောင် ချမ်းသာ
  • ပထမ အက္ကဘာ(၁၅၄၂-၁၆ဝ၅၊ အိန္ဒိယပြည် မဂိုမင်းဆက် တည်ထောင်သူ) မရေတွက်နိုင်အောင် ချမ်းသာ
  • အင်ဒရူး ကာနက်ဂျီ (၁၈၃၅-၁၉၁၉၊ အမေရိကန် စက်မှုလုပ်ငန်းရှင်) ကန်ဒေါ်လာ ၃၇၂ ဘီလျံ
  • ဂျွန်ဒီ ရော့ကဖဲလား (၁၈၃၉-၁၉၃၇၊ အမေရိကန်သူဌေး) ကန်ဒေါ်လာ ၃၄၁ ဘီလျံ
  • ဒုတိယနိကိုလပ်(၁၈၆၈-၁၉၁၈၊ ရုရှားက နောက်ဆုံးဇာဘုရင်) ကန်ဒေါ်လာ ဘီလျံ ၃ဝဝ
  • အိုစမန် အလီခန် ( ၁၈၈၆-၁၉၆၇၊ အိန္ဒိယမဟာရာဇာ) ကန်ဒေါ်လာ ဘီလျံ ၂၃ဝ
  • အောင်နိုင်သူ ဝီလျံ(၁ဝ၂၈-၁ဝ၈၇၊ အင်္ဂလန်ဘုရင်) ကန်ဒေါ်လာ ၂၂၉.၅ ဘီလျံ
  • ကဒါဖီ(၁၉၄၂-၂ဝ၁၁၊ လစ်ဗျားခေါင်းဆောင်ဟောင်း) ကန်ဒေါ်လာ ဘီလျံ ၂ဝဝ

ရင်းမြစ်။ Money.com, Celebrity Net Worth

ရွှေဘုရင်

မူဆာကို ၁၂၈ဝ မှာ ဘုရင့်မိသားစုမှာ ဖွားမြင်ပါတယ်။ သူ့အစ်ကို မန်ဆာ အဘူဘက်ကာက နိုင်ငံကို ၁၃၁၂ ထိ အုပ်ချုပ်ပြီး အဝေးခရီးရှည် သွားဖို့ သူနန်းစွန့်ခဲ့တဲ့အခါ သူ့ညီတက်လာပါတယ်။

အဘူဘက်ကာဟာ အတ္တလန်တစ် သမုဒ္ဒရာကို တအားစွဲလမ်းပြီး အဲဒီဟိုဘက်မှာ ဘာရှိမလဲ တအားသိချင်တယ်လို့ ၁၄ ရာစုက ဆီးရီးယား သမိုင်းဆရာ တစ်ယောက်က ဆိုပါတယ်။ ဒါကို စူးစမ်းဖို့ သင်္ဘော အစင်း ၂ဝဝဝ နဲ့ လူထောင်ချီ ပါတဲ့ ခရီးရှည်ကြီးကို သူထွက်ခဲ့ပါတယ်။ သူတို့ တယောက်မှ ပြန်မလာကြပါဘူး။

ဒီလူတွေ တောင်အမေရိကတိုက်ကို ရောက်ခဲ့တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဘာအထောက်အထား မှတော့ မပြနိုင်ပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ်၊ မူဆာဟာ နောင်တော် ထားခဲ့တဲ့ ထီးနန်းကို ဆက်ခံခဲ့ပါတယ်။

သူ့လက်ထက်မှာ နိုင်ငံ တန်ခိုးထွားခဲ့ပြီး မြို့ပေါင်း ၂၄ မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ဒီထဲမှာ တင်မ်ဘက်တူလည်း ပါပါတယ်။

အတ္တလန်တစ်ကနေ အခုခေတ် နီဂျဲနိုင်ငံအထိ မိုင် ၂ဝဝဝ ရှည်တဲ့ နိုင်ငံဖြစ်ပါတယ်။ အခု ဆီနီဂေါ၊ မောရစ်တေးနီးယား၊ မာလီ၊ ဘာကီနာဖာဆို၊ နီဂျဲ၊ ဂမ်ဘီယာ၊ ဂီနီဘီဆော၊ ဂီနီနဲ့ အိုင်ဗရီကို့စ် နိုင်ငံတွေ ပါပါတယ်။

ဒီကုန်းပြင်ကျယ်ကြီးမှာ ရွှေနဲ့ ဆားအများအပြား ထွက်ပါတယ်။

သူ့လက်ထက် မာလီ နိုင်ငံဟာ ကမ္ဘာဟောင်း အာရှ၊ အာဖရိကနဲ့ ဥရောပက ရွှေထုတ်လုပ်မှုရဲ့ တဝက်လောက် ရှိတယ်လို့ ဗြိတိသျှပြတိုက်က ဆိုပါတယ်။

ဒါတွေအားလုံးကို ဘုရင်တစ်ပါးထဲက ပိုင်တာပါ။

"ဘုရင်တစ်ပါးအနေနဲ့ မူဆာဟာ အလယ်ခေတ်မှာ အဖိုးတန်ဆုံး ဘဏ္ဍာကို အတိုင်းမသိ ရရှိထားတယ်" လို့ ချီကာဂို အနောက်မြောက် တက္ကသိုလ်က အာဖရိက အနုပညာပြတိုက် ပညာရှင် ကက်သလင်း ဘာဇော့က ဘီဘီစီကို ပြောပါတယ်။

"ရွှေနဲ့ တခြားကုန်စည်တွေကို ရောင်းချတဲ့ ဗဟိုဌာနကြီးတွေလည်း သူ့ပိုင်နက်ထဲမှာ ရှိနေပါတယ်။ဒီကုန်သွယ်ရေးကနေလည်း သူအမြတ်အစွန်း ရပါတယ်" လို့ ဆိုပါတယ်။

မက္ကာသွားခရီး

မာလီ အင်ပါယာမှာ ရွှေတွေ အများကြီး ရှိပေမယ့် ဒီနိုင်ငံကို အပြင်မှာ လူသိပ်မသိပါဘူး။

ဒါကို မန်ဆာ မူဆာက မက္ကာကို ဘုရားဖူးထွက်ပြီး လူသိအောင် လုပ်ခဲ့ပါတယ်။ ဒီခရီးမှာ ဆာဟာရ ကန္တာရကြီးနဲ့ အီဂျစ်ပြည်တွေ ဖြတ်သွားရပါတယ်။

မက္ကာသွား ခရီးမှာ အမျိုးသား ခြောက်သောင်း လိုက်ပါသွားတယ်လို့ သိရပါတယ်။

သူ့နန်းတွင်းက လူတွေ အကုန်လုံးနဲ့ စစ်သားတွေ၊ အရာရှိတွေ၊ ဖျော်ဖြေရေးသမားတွေ၊ ကုန်သည်တွေ၊ ကုလားအုပ်မောင်းသမားတွေနဲ့ ကျွန် ၁၂,ဝဝဝ ကိုပါ ခေါ်လာတာ ဖြစ်ပြီး သိုးနဲ့ဆိတ်တွေလည်း ပါလာပါတယ်။

သဲကန္တာရကြီးကို ဖြတ်ပြီး မြို့ကြီးတမြို့ ရွှေ့လာသလိုပါပဲ။

ကုလားအုပ် အကောင်တရာလောက်မှာလည်း တကောင်စီမှာ ရွှေအစစ် ပေါင်ချိန် ရာနဲ့ချီ သယ်လာပါတယ်။

ကျွန်တွေကအစ ဒီမှာ ပါလာသူတွေအားလုံး ရွှေ ဘရိုကိတ်တွေနဲ့ ပါရှားက အကောင်းဆုံး ပိုးထည်တွေကို ဝတ်ဆင်ထားကြပါတယ်။

မြင်သူ ငေးလောက်တဲ့ ရှုခင်းဖြစ်ပါတယ်။

ဒီခရီးသွားတွေ ကိုင်ရိုကို ရောက်လာတဲ့အခါမှာတော့ သူတို့ချမ်းသာသမျှကို ထုတ်ကြွားနိုင်ပြီမို့ ပိုပြီး ထင်ရှားလာပါတယ်။

ကိုင်ရို ရွှေစျေးထိခိုက်

မူဆာဟာ ကိုင်ရိုမှာ မှတ်သားစရာတွေ ချန်ထားခဲ့သူ ဖြစ်ပါတယ်။ သူလာပြီး ၁၂ နှစ်နေမှ ရောက်လာတဲ့ ခရီးသွားတယောက်ရဲ့ မှတ်တမ်းမှာတောင် သူ့ကို ကိုင်ရိုသူ ကိုင်ရိုသားတွေက ဘယ်လောက် အထင်ကြီးတယ်ဆိုတာ ပါပါတယ်။

သူ ကိုင်ရိုမှာ သုံးလနေခဲ့စဉ်အတွင်း ရွှေတွေ ထုတ်သုံးခဲ့လို့ ဒေသတွင်း ရွှေစျေးဟာ ၁ဝ နှစ်လောက် ပျက်ပြားသွားခဲ့ပါတယ်။ စီးပွားရေးလည်း ထိခိုက်ခဲ့ပါတယ်။

ဒီလို ရွှေတွေသုံးလွန်းလို့ အရှေ့အလယ်ပိုင်း စီးပွားရေးမှာ ဒေါ်လာ တဘီလျံခွဲလောက် ဆုံးရှုံးခဲ့တယ်လို့ အမေရိကန် နည်းပညာကုမ္ပဏီတခုက တွက်ပြပါတယ်။

အပြန်ခရီးမှာ မူဆာဟာ အီဂျစ်ကို တခါ ဖြတ်ပြန်ပါတယ်။ အဲဒီနိုင်ငံရဲ့ စီးပွားရေးကို ကူညီတဲ့အနေနဲ့ ရွှေတွေကို အတိုးကြီးကြီး ပေးပြီး ပြန်ချေး ခဲ့တယ်လို့ ဆိုပါတယ်။ တချို့ကလည်း သူသုံးလွန်းလို့ ရွှေတွေ ကုန်သွားတယ်လို့ ပြောကြပါတယ်။

မာလီက ပါလာတဲ့ အနုပညာသည်တွေကတော့ ဘုရင်ကို မကျေနပ်ကြဘူးလို့ လန်ဒန် တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက ပညာရပ်များကျောင်းက လူစီ ဒူရန်းကမှတ်ချက်ပေးပါတယ်။ ဒီအနုပညာသမားတွေက ပုံပြောသမိုင်း အဆိုတော် တွေလည်း ဖြစ်ကြပါတယ်။

" မာလီက ရွှေတွေကို လမ်းမှာထုတ်ပေးလွန်းလို့ ဘုရင်ကို သူတို့က သီချင်းထဲမှာ သိပ်ပြီး မချီးမွမ်းချင်ကြတော့ဘူး၊ နိုင်ငံအပြင်ဘက်မှာ ဘဏ္ဍာတွေ ဖြုန်းတီးတယ်လို့ သူတို့က ထင်ကြတယ်" လို့ ရှင်းပြပါတယ်။

ပညာရေးအားပေးသူ

ဒီဘုရားဖူးခရီးမှာ ရွှေတွေတပုံကြီး မူဆာ သုံးဖြုန်းခဲ့တာကတော့ သံသယ ရှိစရာ မလိုပါဘူး။ ဒီလို ရက်ရက်ရောရော သုံးစွဲပြလို့လည်း သူ့ကို ကမ္ဘာက သိလာခဲ့တာ ဖြစ်ပါတယ်။

မူဆာဟာ မာလီကို မြေပုံမှာ ပါအောင် လုပ်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ ၁၃၇၅ မှာ ဆွဲတဲ့ စပိန် မြေပုံတခုမှာ တင်မ်ဘက်တူက ရွှေပလ္လင်မှာ ထိုင်နေတဲ့ အာဖရိက ဘုရင်တပါးပုံ ပါပါတယ်။ သူ့လက်ထဲမှာလည်း ရွှေစတစကို ကိုင်လို့။

တင်မ်ဘက်တူဟာ အာဖရိကတိုက်ရဲ့ ရွှေမြို့တော်ကြီး ဖြစ်လာပြီး ဝေးနီးဝန်းကျင်က လူတွေ လာကြည့်ကြတဲ့နေရာ ဖြစ်ပါတယ်။

၁၉ ရာစုအထိ ကမ္ဘာ့အစွန်အဖျားက ပျောက်ဆုံးနေတဲ့ ရွှေမြို့တော်ကြီးအဖြစ် ဒီမြို့ကို သိနေကြပါတယ်။ ဒါကို လာပြီး သိုက်တူးကြတဲ့ ဥရောပက ရှာဖွေ စွန့်စားသူတွေလည်း အများကြီး ရှိခဲ့ပါတယ်။

မူဆာဟာ မက္ကာက အပြန်မှာ အစ္စလာမ် ဘာသာရေး ဆရာတွေ အများကြီး ခေါ်လာခဲ့ပါတယ်။ ဒီထဲမှာ တမန်တော် မိုဟာမက်ရဲ့ အဆက်အနွယ် တွေလည်း ပါပါတယ်။ နောက် ထင်ရှားတဲ့ စပိန်ဘက်က ဗိသုကာ ကဗျာဆရာ တယောက်လည်း ပါပါတယ်။

ဘုရင်က ဗိသုကာကြီးကို ရွှေပေါင်ချိန် ၄၄ဝ ပေးတယ်လို့လည်း အဆိုရှိပါတယ်။ အခုခေတ်မှာ အမေရိကန် ဒေါ်လာ ၈.၂ သန်းလောက် တန်ပါတယ်။

တင်မ်ဘက်တူက ပညာရေး ဗဟိုဌာနကြီး ဖြစ်လာလို့ ကမ္ဘာတလွှားက လာပြီး ပညာသင်ကြပါတယ်။

အနုပညာနဲ့ ဗိသုကာကို အားပေးတာအပြင် စာပေနဲ့ ကျောင်းတွေ၊ စာကြည့်တိုက်တွေ၊ ဗလီတွေအတွက်လည်း သူထောက်ပံ့ပါတယ်။

သူ့နိုင်ငံအကြောင်းကို ပြင်ပကမ္ဘာက သိပ်မသိကြပေမယ့် အနောက်အာဖရိကမှာ ပညာသင်ကြားရေးကို စခဲ့သူအဖြစ် ဒီဘုရင်ကြီးကို အသိအမှတ် ပြုကြပါတယ်။

ဗြိတိန်ရဲ့ ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ အလိုအရ သမိုင်းဆိုတာ အောင်နိုင်သူတွေက ရေးတာပါ။

မူဆာဟာ အသက် ၅၇ နှစ်မှာ နတ်ရွာစံပြီး သူ့ထီးနန်းကို ဆက်ခံတဲ့ သားတော်တွေ လက်ထက်မှာ နိုင်ငံကို တည်မြဲအောင် မထိန်းနိုင်ခဲ့ကြပါဘူး။ နိုင်ငံကလေးတွေ ကွဲကုန်ပြီး အင်ပါယာကြီးလည်း ပြိုကွဲခဲ့ပါတယ်။

ဥရောပသားတွေ ရောက်လာတာကြောင့်လည်း ဘုရင့်နိုင်ငံကြီး ကျဆုံးခဲ့ပါတယ်။

"အလယ်ခေတ် သမိုင်းဆိုရင် အနောက်တိုင်းနဲ့ပဲ ဆိုင်တယ်လို့ ထင်နေကြတုန်းပဲ" လို့ မူဆာအကြောင်းကို လူတွေ သိပ်မသိတာနဲ့ ပတ်သက်ပြီး အနုပညာ သမိုင်းပညာရှင် လီဆာ ဂရာဇီးယို့စ်က ရှင်းပြပါတယ်။

"ဥရောပသားတွေ သူ့လက်ထက်မှာ အများအပြား ရောက်ခဲ့ရင်၊ နောက် မာလီကလည်း ရာစု အနည်းငယ် နောက်ကျပြီးမှ ထွန်းကားခဲ့ရင် အခြေအနေတွေက တမျိုးဖြစ်သွားနိုင်တယ်" လို့လည်း ကယ်လီဖိုးနီးယား တက္ကသိုလ်က ပါမောက္ခ ဝဲက ပြောပါတယ်။