နယူးဇီလန် လူထုဆန္ဒခံယူပွဲ - ကုသလို့မရအောင်ရောဂါကျွမ်းနေသူရဲ့ ဘဝအဆုံးသတ်ခွင့်ကို ထောက်ခံ

ရေးသားခဲ့သည်။

ယူသန်နေးရှား (Euthanasia) လို့ခေါ်တဲ့ ကုသလို့ မစွမ်းသာတော့အောင် ရောဂါကျွမ်းနေပြီး ရောဂါရဲ့ဝေဒနာတွေကို အပြင်းအထန်ခံစားနေရတဲ့သူတွေ ကိုယ့်ဘဝကိုယ် အဆုံးသတ်ချင်တယ်ဆိုရင် ဆေးပညာအကူအညီနဲ့ အဆုံးသတ်ခွင့်ရဖို့အတွက် ဥပဒေအရပြဋ္ဌာန်းပြီး ခွင့်ပြုပေးဖို့ နယူးဇီလန် ပြည်သူတွေအများစုက လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးလိုက်ပါတယ်။

ဒီဥပဒေဖြစ်ဖို့ လှုံ့ဆော်ပန်ကြားနေသူတွေက "ကိုယ်ချင်းစာနာစိတ်နဲ့ ကြင်နာစိတ်တို့ရဲ့ အောင်ပွဲ တစ်ခု"လို့ ဆိုပါတယ်။

အစပျိုးထွက်လာတဲ့ လူထုဆန္ဒခံယူပွဲ မဲရလဒ်တွေအရ မဲပေးသူ ၆၅.၂ ရာခိုင်နှုန်းက ဘဝအဆုံးသတ်ခွင့် ဥပဒေ (End of Life Choice Act)ကို ဥပဒေအသစ်တစ်ခုအဖြစ်ပြဋ္ဌာန်းဖို့ ထောက်ခံခဲ့ကြပါတယ်။

ဒီဥပဒေဟာ ကုသလို့ မစွမ်းသာတော့ဘဲ နောက် ၆ လအောက်အထိပဲ အများဆုံး အသက်ရှင်နိုင်တော့မယ့် လူနာတွေအနေနဲ့ ဘဝကို အဆုံးသတ်ဖို့ ဆန္ဒရှိတယ်ဆိုရင်၊ အဲဒီလို ဆေးဝါးအကူအညီနဲ့ ဘဝ အဆုံးသတ်မှာကို ဆရာဝန်၂ ယောက်ကလည်း လက်ခံအတည်ပြုတယ်ဆိုရင် အဲဒီသူကို ဘဝ အဆုံးသတ်ခွင့်ပြုပေးပါလိမ့်မယ်။

ဒီအပေါ် ဆန့်ကျင်သူတွေကတော့ ဥပဒေဟာ လုံလောက်တဲ့ ကာကွယ်စောင့်ကြပ်မှုတွေ ကင်းမဲ့ နေတယ်လို့ ဆိုပါတယ်။

သောကြာနေ့မှာ ကြေညာတဲ့ မဲရလဒ်တွေထဲမှာ နိုင်ငံခြားရောက် ပြည်သူတွေရဲ့ မဲတွေအပါအဝင် ခန့်မှန်းခြေ ၄၈၀, ၀၀၀ လောက်ရှိတဲ့ တခြားနည်းနဲ့ မဲပေးသူတွေရဲ့ မဲတွေ မပါသေးပါဘူး။ ဒါပေမဲ့ အခုလို ခိုင်မာတဲ့ ရလဒ်ထွက်နေပြီးသားမို့ နိုဝင်ဘာ ၆ ရက်မှာ နောက်ဆုံးအဖြေရလဒ် ထွက်လာရင်လည်း အပြောင်းအလဲ ဖြစ်သွားမှာ မဟုတ်ပါဘူး။

ဒီလူထုဆန္ဒခံယူပွဲက ထောက်ခံတယ် မထောက်ခံဘူးဆိုတဲ့ ရလဒ်အတိုင်း ဥပဒေက ပြဋ္ဌာန်းရမယ် ဆိုတဲ့ စည်းနှောင်ချက်က ရှိပြီးသားမို့ လာမယ့်နှစ် ၂၀၂၁ နိုဝင်ဘာဆိုရင် ဒီဥပဒေ အသက်ဝင်လာမယ်လို့ ခန့်မှန်းကြပါတယ်။

ဒီလူထုဆန္ဒခံယူပွဲကို ဟိုတလောက ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့အတူ ကျင်းပခဲ့ကြတာပါ။ ပြည်သူတွေက ရွေးကောက်ပွဲမဲအပြင် လူထုဆန္ဒခံယူပွဲ ၂ ပွဲ အတွက် မဲ ၃ ပြားကို ပေးခဲ့ကြပါတယ်။ လူထုဆန္ဒခံယူပွဲ နောက်တစ်ခုကတော့ ဆေးခြောက်ကို ကျန်းမာရေးအတွက် သုံးခွင့် ပြုမပြု ဆိုတာပါ။ အဲဒီ ဆန္ဒခံယူပွဲမှာတော့ မပြုရေး မဲထည့်သူတွေ ကပ်ပြီး နိုင်သွားပါတယ်။

ဘယ်လိုတုံ့ပြန်နေကြလဲ

ဒီဥပဒေကို နှစ်ပေါင်းများစွာ လွှတ်တော်အတွင်းမှာ အပြင်းအထန်ငြင်းခုံခဲ့ကြရပြီးတဲ့နောက် ၂၀၁၉ မှာ လွှတ်တော်က အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပေဒပြဋ္ဌာန်းရာမှာ ထူးခြားတဲ့ ခြွင်းချက်တစ်ခု က ဒီဥပဒေကို လူထုဆန္ဒခံယူပွဲနဲ့ သဘောထားခံယူရမယ်၊ မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ဒီဥပဒေကို အသက်ဝင်အောင်လုပ်လို့ရမယ်လို့ ကန့်သတ်ထားတာပါ။

ဒီဥပဒေကို ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်ကကော အတိုက်အခံခေါင်းဆောင် ဂျုဒစ်တ် ကောလင်းစ်ကရောပါ ထောက်ခံထားတာမို့ လူထုဆန္ဒခံယူပွဲမှာ လူအများက ထောက်ခံကြမှာပါလို့ မှန်းဆခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်လာတဲ့အခါမှာတော့ နှစ်ပေါင်းများစွာ လှုံ့ဆော် ထောက်ခံခဲ့ကြ၊ ကန့်ကွက်ခဲ့ကြတဲ့လူတွေဟာ စိတ်လှုပ်ရှားမှုများစွာနဲ့ပါ။

ကွယ်လွန်သူ သူ့ဇနီး လက်ခရက်ရှာ ဆီးစ် လုပ်ဆောင်ခဲ့တဲ့ ဘဝအဆုံးသတ်ခွင့် ဥပဒေပေါ်ထွန်းရေးကို ဆက်လက်ဆောင်ရွက်ခဲ့တဲ့ မက်တ် ဗစ်ကာစ်အတွက်တော့ ဒီရလဒ်ဟာ "ကိုယ်ချင်းစာစိတ်နဲ့ ကြင်နာစိတ်တို့ရဲ့ အောင်ပွဲတစ်ခု" လို့ ပြောပါတယ်။

"ကုသနိုင်စွမ်းမရှိတော့တာကို ကြုံနေရပြီး ကိုယ့်ဘဝကို အဆုံးသတ်ချင်ကြတဲ့ နယူးဇီလန် ပြည်သူတွေအတွက် ဒီရလဒ်ကို သိပ်ကိုကျေးဇူးတင်ပါတယ်"လို့ သူက မဲရလဒ်ကြေညာပြီးတဲ့နောက် ဘီဘီစီကို ပြောပါတယ်။

မစ္စ ဆီးစ်ဟာ ရှေ့နေတစ်ယောက်ဖြစ်ပြီး သူ့မှာ ဦးနှောက်ကင်ဆာခံစားခဲ့ရပြီးနောက်ပိုင်း သူ့ဘဝကို ဆေးပညာနည်းအကူအညီနဲ့ အဆုံးသတ်ပေးခွင့်ကို ဥပဒေကြောင်းအရ ခွင့်ပြုဖို့ တောင်းဆိုတာကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပန်ကြားမှု မအောင်မြင်ခဲ့ပါဘူး။ သူဟာ အဲဒီရောဂါနဲ့ လွန်ခဲ့တဲ့ ၅ နှစ် သူ့ အသက် ၄၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

မစ္စတာ ဗစ်ကာစ်ဟာ သူ့ဇနီးသည်ရဲ့ တောင်းဆိုမှုကို ဆက်လက်လှုံ့ဆော်စည်းရုံးခဲ့သလို ၂၀၁၆ ခုနှစ်မှာ "Lecretia's Choice: A Story of Love, Death and the Law"စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။

ကန့်ကွက်သူတွေက ဘာတွေပြောလဲ

ယူသန်နေးရှား ဘဝအဆုံးသတ်ခွင့် ဥပဒေကို အများအပြားကထောက်ခံကြပေမယ့် ကန့်ကွက်သူတွေလည်း ရှိပါတယ်။

မနှစ်က ဥပဒေကြမ်းကို လက်မခံသူ လွှတ်တော်အမတ်တွေ ပါလီမန်အတွင်း ကန့်ကွက်မဲပေးနေကြစဉ်မှာ ပါလီမန် အဆောက်အဦပြင်ပမှာ ပြည်သူတချို့က "ငါတို့ကို ရှင်သန်ဖို့အတွက်ပဲ ကူညီပါ၊ သေဖို့ မကူညီပါနဲ့" "ယူသန်နေးရှား ဆိုတာက အဖြေမဟုတ်ဘူး"လို့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

Euthanasia-Free NZ ဆိုတဲ့အဖွဲ့က လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးကြဖို့ စည်းရုံးခဲ့ကြပါတယ်။ သူတို့က လူ့အသိုင်းအဝိုင်းရဲ့ ကောင်းကျိုးချမ်းသာကို ယူသန်နေးရှား ဥပဒေက ခြိမ်းခြောက်နေတယ် လို့ သူတို့က ပြောပါတယ်။

ဘယ်နိုင်ငံတွေမှာ ဘဝအဆုံးသတ်ခွင့် လက်ခံထားပြီလဲ

ဘယ်လဂျီယမ်၊ ကနေဒါ၊ ကိုလံဘီယာ၊ လူဇင်းဘတ်၊ နယ်သာလန် စတဲ့နိုင်ငံတွေက ရောဂါကျွမ်းနေတဲ့ ဝေဒနာသည်တွေ ဘဝအဆုံးသတ်ခွင့်ပြုထားပြီးပါပြီ။

အမေရိကန်ပြည်ထောင်စုမှာ တချို့ ပြည်နယ်တွေက ခွင့်ပြုထားသလို သြစတြီးယား က ဗစ်တိုးရီးယား ပြည်နယ်မှာလည်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်။