ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းမှာ လူစုဝေးတာပိတ်ပင်တဲ့အမိန့်ကို ပြန်ရုပ်သိမ်း
ထိုင်းအစိုးရနဲ့ ဘုရင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လချီကြာနေတဲ့ ဆန္ဒပြပွဲတွေကို တားဆီးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က အရေးပေါ်အမိန့်ထုတ်ပြန်ပြီး လူစုလူဝေးမလုပ်ရဆိုတဲ့ အမိန့်ထုတ်ထားတာကို အစိုးရက ပြန်ရုပ်သိမ်းလိုက်ပါပြီ။
လူ ၄ ယောက်ထက်ပိုမစုရ အမိန့်ချမှတ်ထားပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဘန်ကောက်မြို့မှာ ထောင်နဲ့ချီတဲ့လူတွေ လမ်းတွေပေါ်ထွက်လာကာ ဆန္ဒပြတာတွေ ဆက်ဖြစ်နေခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော ဆန္ဒပြပွဲတွေပါ။
ဆန္ဒပြသူအများစုဟာ ကျောင်းသားတွေဖြစ်ပြီး သူတို့ဟာ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ နုတ်ထွက်ဖို့၊ ဘုရင်ရဲ့အာဏာကို ကန့်သတ်ဖို့၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့၊ ရွေးကောက်ပွဲ အသစ်လုပ်ဖို့ တောင်းဆိုနေကြတာပါ။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အရေးပေါ်အမိန့်ထုတ်ပြန်ပြီးတဲ့နောက် အဖမ်းခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုပါတယ်။
အဲဒီအမိန့်ဟာ ဆန္ဒပြသူတွေကို ဖမ်းဆီးဖို့၊ အီလက်ထရွန်နစ် ပစ္စည်းတွေကို သိမ်းဆည်းဖို့၊ တချို့ သတင်းထုတ်ပြန်မှုတွေ၊ ထုတ်ဝေဖြန့်ချိမှုတွေကို တားဆီးဖို့ စတာတွေအတွက် အာဏာပိုင်တွေကို အခွင့်ပေးထားတာပါ။
အခြေအနေတွေကို ပြန်ထိန်းချုပ်နိုင်ပြီဖြစ်လို့ အမိန့်ကို ပြန်ရုပ်သိမ်းတာလို့ အစိုးရက ကြေညာပါတယ်။
ဝန်ကြီးချုပ်နုတ်ထွက်ဖို့ တောင်းဆိုနေပေမဲ့ ဝန်ကြီးချုပ်က သူနုတ်ထွက်မှာ မဟုတ်ဘဲ ဆွေးနွေးစရာရှိတာတွေကို လွှတ်တော်ထဲမှာပဲ ဆွေးနွေးသင့်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။
ဆန္ဒပြခွင့်တားဆီးမိန့်ကို ထုတ်ပြန်ပြီးနောက်မှာ ဆန္ဒပြပွဲခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူ ဆယ်ဂဏန်းကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲသတင်းဖော်ပြတဲ့ မီဒီယာနဲ့ မိုဘိုင်းလ် အပ်ပလီကေးရှင်း တချို့ကို ပိတ်ပင်တာ၊ စုံစမ်းစစ်ဆေးတာတွကိုလည်း အစိုးရက လုပ်ခဲ့ပါတယ်။