ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်း ဆန္ဒပြမှု- 'အဖေဟာ ဘုရင်စနစ်ကို မြတ်နိုးလွန်းတာကြောင့် ဘာကိုမှ မမြင်နိုင်တော့တာ'
"ကျွန်တော်တို့ရဲ့ဘုရင်ကို ဝေဖန်တာဟာ အပြစ်ကျူးလွန်တာလို့ ကျွန်တော့်အဖေက ကျွန်တော့်ကို သွန်သင်ခဲ့ပါတယ်။ အဲဒါ မပြောကောင်းတဲ့အရာတဲ့။"
ဒါပေမဲ့ အခု ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါနိုင်း (အမည်လွှဲထား) က သူ့ ဖခင်ရဲ့ သတိပေးစကားကို မလိုက်နာတော့ပါဘူး။ ဘန်ကောက်က တက္ကသိုလ်တစ်ခုမှာ ဥပဒေဘာသာရပ် သင်ကြားနေတဲ့ သူဟာ တခြား သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ အတူ မြို့တော်ကလမ်းမတွေပေါ် ထွက်ကာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေပါတယ်။
သူ့ဖခင် ပါခွန် (အမည်လွှဲထား) ဟာ အလယ်အလတ်လွှာ လူတန်းစားထဲက တစ်ယောက်ဖြစ်ပြီး ခရီးတွေလည်း အများကြီး သွားဖူးတဲ့သူပါ။ သူတို့ တစ်အိမ်တည်းမှာ နေကြတာမဟုတ်ပေမဲ့ ခဏခဏ ဆုံကြတဲ့ သားအဖပါ။ ဒါပေမဲ့ သူတို့ ဆုံကြတိုင်း မပြောကြတဲ့ အကြောင်းအရာ တစ်ခုရှိပါတယ်၊ အဲဒါက ဘုရင်စနစ် အကြောင်းပါ။
"တကယ်လို့ ကျွန်တော်တို့ ဒီအကြောင်းပြောကြရင် ငြင်းခုံစကားများရလိမ့်မယ်၊ သားအဖတွေ ဆုံရတဲ့ ပျော်စရာအချိန်လည်း ပျက်ဆီးသွားလိမ့်မယ်" လို့ ဒါနိုင်းက ပြောပါတယ်။
"တခါက ကျွန်တော်တို့ ကားနဲ့ အတူသွားနေတုန်း ကျွန်တော်က ဘုရင်ကို ဝေဖန်တာကနေ သားအဖ နှစ်ယောက် စကားတွေများကုန်တယ်။ ကျွန်တော့်အဖေက ဘုရင်ဆိုတာ ထိပါးလို့ရတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ကျွန်တော်က ဘာကြောင့်လဲလို့ ပြန်မေးပါတယ်။ သူက ကျွန်တော်က သိပ်ငယ်သေးတော့ နားလည်နိုင်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူ ဒေါသလည်း အတော်ထွက်သွားတယ်၊ ငြိမ်ပြီး ကျွန်တော့်ကို ဘာစကားမှ မပြောတော့ဘူး။"
အွန်လိုင်းတက်ပြီး ငြင်းကြခုံကြ
ထိုင်းနိုင်ငံက မိသားစုဝင်တွေ လူချင်းဆုံတဲ့အခိုက်တင် ဘုရင်စနစ်ကို ငြင်းကြခုံကြတာ မဟုတ်ပါဘူး၊ အများအပြားက ဆိုရှယ်မီဒီယာပေါ်တက်ပြီး ငြင်းကြပါတယ်။
အသည်းအသန်တွေ ဖြစ်ကုန်တာလည်းရှိပါတယ်။
တက္ကသိုလ်ကျောင်းသူတစ်ယောက်က သူ့ရဲ့ ဘုရင်စနစ် ဆန့်ကျင်တဲ့ အမြင်တွေကြောင့် သူ့အဖေက သူ့ကို တရားစွဲချင်နေတယ်လို့ ဖေ့စ်ဘွတ်ခ်မှာ ဖွင့်ချလိုက်တဲ့အခါ၊ သူ့အဖေက ဒီသမီးဟာ မိသားစုနာမည်ကို ယူခွင့်မရှိတော့ဘူးလို့ ဖေ့စ်ဘွတ်ခ်မှာ တုံ့ပြန်ခဲ့ပါတယ်။
ဒါနိုင်းက အသက် ၁၇ နှစ်အရွယ်မှာ ဘုရင်စနစ်နဲ့ပတ်သက်ပြီး သူ့အဖေကို စတင် စိန်ခေါ်ခဲ့တာပါ။
"အဲဒီတုန်းက ကျွန်တော်တို့ ရုပ်ရှင်ရုံထဲမှာပါ။ ဇာတ်ကားစမပြခင် ဘုရင့်နိုင်ငံတော်သီချင်းက ပုံမှန်အတိုင်း ဖွင့်လာခဲ့ပြီး လူတိုင်းက ထိုင်ခုံကနေထပြီး မတ်တပ်ရပ်ကာ ဘုရင့်ကို အရိုအသေပေးရပါတယ်။ ကျွန်တော်က အဲဒီလို မလုပ်ချင်ဘူး၊ ဒါနဲ့ ထိုင်ခုံမှာပဲ ဆက်ထိုင်နေတယ်။ ကျွန်တော့်အဖေက ထခိုင်းတယ်၊ ကျွန်တော်က မထဘူး။ လူတွေ ကျွန်တော်တို့ နှစ်ယောက်ကို ဝိုင်းကြည့်ကြတဲ့ အချိန်ကျတော့မှ ကျွန်တော် နောက်ဆုံးတော့ ထရပ် ပေးရပါတော့တယ်။"
ဘုရင့်နိုင်ငံတော် သီချင်းလာနေချိန်မှာ ထမရပ်ဘူးဆိုရင် အဲဒါက တရားဥပဒေကို ချိုးဖောက်တာပါ။
သမိုင်းအစဉ်အလာ
ထိုင်းတွေဟာ မွေးဖွားလာချိန်ကတည်းက သူတို့ ဘုရင်ကို အထွတ်အမြတ်ထားဖို့၊ ချစ်ခင်ဖို့ သင်ကြားပေးတာခံရသလို၊ ဘုရင်ကို ဆန့်ကျင်ပြောရင် ဘေးတွေ့မယ်ဆိုတဲ့ အပေါ်မှာလည်း ကြောက်ရွံ့ကြပါတယ်။
ထိုင်းကို အပြုံးတွေ ကြွယ်တဲ့တိုင်းပြည် (Land of Smiles)လို့ တင်စားခေါ်ကြပေမဲ့ ကမ္ဘာမှာ ဘုရင်ကို ထိပါးရင် အရေးယူမယ်ဆိုတဲ့ ဥပဒေရှိတဲ့ နိုင်ငံအနည်းအပါးထဲမှာ ထိုင်းက တစ်နိုင်ငံပါ။
ဒီဥပဒေအရ ဘုရင်၊ ဘုရင့်မိဘုရား၊ ထီးနန်းကို ဆက်ခံမယ့်သူ စတဲ့သူတွေကို ဝေဖန်ရင် ထောင်ဒဏ် ၁၅ နှစ် အထိ ကျခံရနိုင်ပါတယ်။
ဒီနေ့ကာလမှာတော့ ဒါနိုင်းဟာ ရုပ်ရှင်ရုံမှာ တော်ဝင်သီချင်းလာရင် ထပြီးမရပ်တော့ပါဘူး။
ဇူလိုင်လကတည်းက ထောင်နဲ့ချီတဲ့ တက္ကသိုလ် ကျောင်းသားတွေ လမ်းမတွေပေါ် ထွက်လာခဲ့ကြပါတယ်။ အဆုံးအဆမရှိ နီးပါး အာဏာရပြီး ဘဏ္ဍာငွေကလည်း အကန့်အသတ်မရှိနီးပါး ရနေတဲ့ ဘုရင်ရဲ့ လုပ်ပိုင်ခွင့်တွေကို ထိန်းကွပ်ဖို့ သူတို့တောင်းဆိုကြပါတယ်။
ကမ္ဘာ့တခြားတိုင်းပြည်တွေမှာ ဒီတောင်းဆိုချက်တွေအပေါ် လူထုအနေနဲ့ ယဉ်ပါးပြီးဖြစ်လို့ ထူးထူးခြားခြားတစ်စုံတရာအဖြစ် ခံစားရမှာ မဟုတ်ပေမဲ့ ထိုင်းရဲ့ ခေတ်သစ် သမိုင်းတလျှောက်မှာက ဘယ်သူမှ ဘုရင်စနစ်ကို လူသိရှင်ကြား ဝေဖန်ရဲခဲ့တာ မဟုတ်ပါဘူး။
ကျောင်းသား ဆန္ဒပြပွဲတွေက ဒါနိုင်း အဖေ ပါခွန် အပါအဝင် ထိုင်းနိုင်ငံသား အများစုကြီးကို အံ့အားသင့်သွားစေခဲ့ပါတယ်။
"ကျွန်တော်က ရာမ ဘုရင်မင်းဆက် (၉) အုပ်ချုပ်တဲ့အချိန်က မွေးခဲ့တာ။ ဘုရင်က သူ့ ကလေးတွေထက် သူ့တိုင်းသူပြည်သားတွေ အတွက် ပိုအလုပ်လုပ်ပေးခဲ့တယ်။ သူ့အသက်ရှည်အောင်လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော့်အသက်ပေးရတာတင်မက ဘာလုပ်ပေးရ ပေးရ ကျွန်တော် အဆင်သင့်ပဲ။ ဒါပေမဲ့ ကျွန်တော့်သားလို့ Z မျိုးဆက်တွေက ဒီလို အတွေ့အကြုံမျိုး မရခဲ့ကြဘူး" လို့ ပါခွန်က ဆိုပါတယ်။
ဘုရင်သစ်
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ မျိုးဆက်တစ်ခုနဲ့ တစ်ခုအကြား ဒီလိုအရေးကို ငြင်းခုံတာမျိုးကို တွေးတောင်မတွေးမိခဲ့ကြပါဘူး။ ဒါပေမဲ့ ဘုရင်အသစ် မဟာ ဝဇီရာလောင်ကွန်း နန်းတက်လာချိန်မှာတော့ အရာရာဟာ ပြောင်းလဲသွားခဲ့ပါတယ်။
ဘုရင်သစ်ဟာ လူ့မြင်ကွင်းကို ထွက်လာတာမျိုးနည်းပါးပြီး သူ့အချိန်အတော်များများကို ဂျာမနီမှာ နေထိုင်ရင်း ကုန်ဆုံးစေပါတယ်။ ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဆိုက်တဲ့ အချိန်သူ့ကို ထိုင်းမှာ ပိုတွေ့ရခဲ လာပါတယ်။
ဘန်ကောက်မှာရှိတဲ့ စစ်တပ်တွေအားလုံး သူ့ကိုယ်ပိုင် အမိန့်အောက်မှာပဲ ထားရမယ် ဆိုတဲ့ ဘုရင်သစ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အမေးများစွာ ထွက်လာနေသလို၊ အဲဒီလို စစ်ရေးဆိုင်ရာ အာဏာကို ဘုရင့်လက်ထဲ စုပြုံထားမယ်ဆိုတာဟာ ခေတ်သစ် ထိုင်းသမိုင်းမှာ မရှိဘူးသေးတဲ့ အဖြစ်ပါ။
သူ့ ပုဂ္ဂိုလ်ရေး ဘဝနဲ့ပတ်သက်လို့လည်း လူပြောအတော်များပါတယ်။ သူဟာ လေးကြိမ်တိုင် အိမ်ထောင်ပြုခဲ့သူဖြစ်ပြီး တခြား ကိုယ်လုပ်တော်တွေလည်း အများအပြားရှိတယ်လို့ ဆိုကြပါတယ်။
အရင်ဘုရင်ကြီး ရာမ မျိုးဆက် (၉) ကိုတော့ ထိုင်းအများအပြားက ဘုရားလို ကိုးကွယ်ခဲ့ကြတာပါ။ သူဘယ်ကိုသွားသွား ထိုင်းပြည်သူတွေဟာ သူ့ကို ပြားပြားဝပ် ဦးချခဲ့ကြပါတယ်၊ ပြည်သူတွေက သူတို့ကိုယ်သူတို့ 'ဘုရင့်ခြေဖဝါးတော်အောက်က မြေမှုန်လို' သဘောထားခဲ့ကြပါတယ်။
ပါခွန်ဟာ ဘုရင်ကြီးကို နှစ်ကြိမ်တိုင် ဆုံတွေ့ဖူးပါတယ်။
"တစ်ကြိမ်ကတော့ ကျွန်တော်က ကျွန်တော့်ကားထဲမှာပါ၊ ဘုရင်က သူကိုယ်တိုင် သူ့ကားကို မျက်နှာချင်းဆိုင် တဖက်လမ်းကြောင်းဘက်က မောင်းလာတယ်။ ဘာ ကားတန်းမှလည်း မပါဘူး၊ သတိပေး ဥသြသံပေးတာမျိုးလည်း ဘာမှ မရှိဘူး။ ကျွန်တော်သူနဲ့ မျက်လုံးချင်ဆုံလိုက်ရတဲ့အခါ တကယ့်ကို အံ့သြမိသွားတယ်။ ကျွန်တော့်အထင် သူက တခြားသာမန်လူတွေလိုပဲ အေးအေးသက်သာ နေချင် လုပ်ချင်ပုံရတယ်။ သူ့ကိုယ်ဘေးနားမှာ ကိုယ်ရောင်ကိုယ်ဝါတွေ ဖြာထွက်နေတယ်လို့ ခံစားရတယ်။ သူနဲ့ ဆုံရတာ တကယ့်ကို ထူးခြားလှပါတယ်"
အတိတ်ကို မေးခွန်းထုတ်ခြင်း
ဒါပေမဲ့ ဒါနိုင်းက သူ့ဖခင်ရဲ့ ခံစားမှုတွေကို နားမလည်နိုင်ပါဘူး။ "ကျွန်တော့်အဖေဟာ ဘုရင်စနစ်ကို မြတ်နိုးလွန်းတာကြောင့် ဘာကိုမှ မမြင်နိုင်တော့တာ၊ သူဘာပြောပြော နားမဝင်ပါဘူး။ သူနားထောင်လိုစိတ်လဲ မရှိဘူး။"
ဘုရင်အပေါ်မြင်ကြတဲ့အမြင်တွေက ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် သားအဖချင်း ဆက်ဆံရေးက သိပ်အဆင်မပြေ ဖြစ်လာပါတယ်။ ဒီလိုပဲ ထိုင်းလူမှုအသိုင်းအဝိုင်းထဲမှာ အလားတူတွေ ဖြစ်နေကြတာပါ။
ဒီနှစ်ထဲ ကျောင်းသားဆန္ဒပြပွဲတွေ စတင်လာကတည်းက ထိုင်းနိုင်ငံ တဝန်းမှာ ပိုပို ကွဲလာပါတယ်။ မိဘနဲ့ သားသမီးတွေကြား၊ ညီအစ်ကိုမောင်နှမတွေ ကြား၊ အဒေါ်တွေ၊ ဦးလေးတွေနဲ့ တူ၊ တူမတွေကြား သဘောထားတွေကွဲပြီး သူစိမ်းတွေလို ဖြစ်လာပါတယ်။ လူငယ်မျိုးဆက် ထိုင်းတွေက ဘုရင်စနစ်နဲ့ အဲဒါက ဘယ်သူ့ကိုယ် ကိုယ်စားပြုနေတာလဲ ဆိုတာကို မေးခွန်းထုတ်နေပါပြီ။ ဒါဟာ အတော်လှမ်းရမဲ့ လှုပ်ရှားမှု ခရီးရှည်ကြီးရဲ့ အစ ဖြစ်မယ့်ပုံပါ။