ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆန္ဒပြသူတွေ သုံးတဲ့ မက်ဆေ့ဂ်ျအက်ပ် ထိုင်းအစိုးရက ပိတ်ဖို့လုပ်နေ
ထိုင်းနိုင်ငံမှာ ဆန္ဒပြသူတွေ အချင်းချင်း မက်ဆေ့ဂ်ျပို့ရာမှာ သုံးတဲ့ Telegram အက်ပ် ကို ပိတ်ဖို့ အင်တာနက်ကုမ္ပဏီတွေကို ထိုင်းအစိုးရက ညွှန်ကြားထားတယ်လို့ သတင်းတွေအရ သိရပါတယ်။
ပေါက်ကြား ပေါ်ထွက်လာတဲ့ ဒီအကြောင်း အထောက်အထား စာရွက်စာတမ်းတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နေခဲ့တာပါ။
ဆန္ဒပြပွဲတွေ အဆုံးသတ်သွားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ အမိန့်ဒီဂရီကို ချိုးဖောက်ခဲ့မှုနဲ့ သတင်းဌာန ၄ ခုကို ပိတ်ပစ်မယ်လို့လည်း ရဲက သတိပေးထားပါတယ်။
ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့နဲ့ ဘုရင်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ပြင်ဆင်ကန့်သတ်မှုတွေ လုပ်ပေးဖို့ ဒီမိုကရေစီ လှုပ်ရှားသူတွေ တောင်းဆိုနေကြတာ လနဲ့ချီ ကြာနေပါပြီ။ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတဲ့ အရေးပေါ်အမိန့်ကို ဖီဆန်ပြီး ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြသူတွေက စုဝေးဆန္ဒပြခဲ့ကြပြီး ဝန်ကြီးချုပ် ပရာယု ချန်အိုချာ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ဝန်ကြီးချုပ် ပရာယု ဟာ ၂၀၁၄ ခုနှစ်တုန်းက နိုင်ငံကို စစ်အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ အကြီးအကဲဟောင်းတစ်ဦး ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေထဲမှာ ထိုင်းဘုရင်ရဲ့ အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်မှုတွေအထိ ကြီးမားကျယ်ပြန့်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်မိသားစုကို ဟိုးအစဉ်အဆက်ကတည်းက ဦးထိပ်ထား ကြည်ညိုလေးစားလာခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ကြာသတေးနေ့က အရေးပေါ်ကြေညာချက် အမိန့်ထုတ်ပြန်လိုက်ပေမဲ့ ဆန္ဒပြမှုတွေကို အာဏာပိုင်တွေက မတားဆီးနိုင်ခဲ့ပါဘူး။ ဘန်ကောက်မြို့နဲ့ တခြားနေရာအတော်များများမှာ နေ့စဉ် ဆန္ဒပြမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အများအားဖြင့်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။
အင်္ဂါနေ့ကစလို့ ဆန္ဒပြသူ အနည်းဆုံး ၇၀ လောက် အထိန်းသိမ်း ခံခဲ့ရပြီးဖြစ်ပါတယ်။
တကယ်လို့သာ ထိုင်းဘုရင်မိသားစုအပေါ် ဝေဖန်ပြောဆိုမှုကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ ပြစ်မှု ထင်ရှားရင်ဖြင့် အဲဒီ အထိန်းသိမ်းခံခဲ့ရသူတွေ ထောင်ဒဏ်နှစ်ရှည် ကျခံရဘွယ် ရှိပါတယ်။
အဲဒီဥပဒေကို ချိုးဖောက်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
Telegram ကို ပိတ်ပင်ဖို့ ထိုင်းအစိုးရ ဘာ့ကြောင့် ကြိုးစားနေတာလဲ
အရမ်းအရေးကြီးတဲ့ လျှို့ဝှက်စာရွက်စာတမ်း ဆိုတဲ့ အထောက်အထားစာတစ်စောင် ပေါက်ကြား ပေါ်ထွက်လာပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့သွားခဲ့အပြီးမှာ တနင်္လာနေ့က Telegram အက်ပ်ကို ပိတ်ပစ်ဖို့ အစိုးရရဲ့ အစီအစဉ်ကို ထိုင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြတာပါ။
Telegram ဟာ ဆန္ဒပြမှုတွေ ရုတ်တရက်လုပ်ဖို့ စီစဉ်တဲ့အခါ ဆန္ဒပြသူတွေအကြား အသုံးပြုလေ့ ရှိတဲ့ မက်ဆေ့ဂ်ျအက်ပ် တစ်ခု ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အင်တာနက်အဆက်အသွယ်တွေကို ဆင်ဆာ ဖြတ်တောက်နိုင်ခွင့် ရှိတဲ့ ဒစ်ဂျစ်တယ် စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပုံရတဲ့ အဲဒီအထောက်အထားစာတမ်းကို ထိုင်းအသံလွှင့်နဲ့ ကြေးနန်းဆက်သွယ်ရေး ကော်မရှင်ထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သီးခြားအနေနဲ့ Telegram ပေါ်မှာ Free Youth လူငယ်အဖွဲ့ကို ကန့်သတ်ဖို့ကိုလည်း ဒစ်ဂျစ်တယ် ဝန်ကြီးဌာနကို သူတို့ ညွှန်ကြားထားတယ်လို့ ရဲက သတင်းထောက်တွေကိုပြောပါတယ်။ လတ်တလောလပိုင်းတွေအတွင်း ဆန္ဒပြမှုတွေကို ဦးဆောင်စီစဉ်ရာမှာ အဲဒီအဖွဲ့က အဓိနေရာကနေ ပါဝင်လှုပ်ရှားခဲ့တာပါ။
ဒီအမိန့်က ဆန္ဒပြမှုတွေကိုတားဆီးဖို့ ဘယ်လောက် ထိရောက်မလဲဆိုတာကိုတော့ အသေအချာ မသိရပါဘူး။
တစ်ခါ ဆန္ဒပြမှုတွေကို live တိုက်ရိုက်အသံလွှင့်ခဲ့တဲ့ သတင်းဌာန ၄ ခုကိုလည်း သီးခြားအမိန့်တစ်ခုအရ စုံစမ်းစစ်ဆေးနေတယ်လို့ ရဲက ပြောပါတယ်။
Prachatai၊ Voice TV၊ The Reporters နဲ့ The Standard စတဲ့ အဲဒီသတင်းဌာန ၄ ခုဟာ ဆန္ဒပြတဲ့နေရာတွေကနေ တိုက်ရိုက် ကျယ်ကျယ်ပြန့်ပြန့် သတင်းပို့ခဲ့ကြတာပါ။
ဆန္ဒပြမှုတွေ ဘယ်လို စပေါ်ပေါက်လာတာလဲ
ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်သက်မှုတွေ၊ ဆန္ဒပြမှုတွေက ဟိုးကတည်းက ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံး ဆန္ဒပြမှုတွေကတော့ အတိုက်အခံပါတီတစ်ခုကို ဖျက်သိမ်းပစ်ဖို့ အမိန့်ပေးခဲ့တဲ့ ဖေဖေါ်ဝါရီလက စခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် မနှစ်က မတ်လမှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး လူငယ်အတော်များများ ပထမဆုံးအကြိမ် မဲပေးခွင့် ရခဲ့ကြအပြီးမှာ ဒီအမိန့်ကို ထုတ်ပြန်လိုက်တာပါ။
စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့ရအပြီး ဒီရွေးကောက်ပွဲကနေ အပြောင်းအလဲ တစုံတရာ မြင်တွေ့လာရနိုင်တယ်လို့ ယူဆခဲ့ကြတာပါ။
စစ်တပ်ဆီက အရေးပါတဲ့ ထောက်ခံမှုအားလုံးရထားတဲ့ ပရာယု အဲဒီရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အဖြစ် ပြန်အရွေးခံခဲ့ရပါတယ်။
ဒီမိုကရေစီလိုလားတဲ့ Future Forward Party (FFP) ပါတီနဲ့ လူအများချစ်ခင်တဲ့ ပါတီခေါင်းဆောင် တာနာထုံ ဂျွန်ရွန်ရန်ကစ် ကတော့ အမတ်နေရာ တတိယ အများဆုံး ရခဲ့ပြီး အထူးသဖြင့် ပထမဆုံးအကြိမ် မဲပေးခဲ့ကြတဲ့ လူငယ်တွေအကြား ရေပန်းစား လူကြိုက်များခဲ့ပါတယ်။
ဒါပေမဲ့ ဒီနှစ် ဖေဖော်ဝါရီလမှာတော့ FFP ပါတီဟာ မစ္စတာ တာနာထုံ ဆီက ငွေတွေ ချေးခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက် ဥပဒေချိုးဖောက်ရာ ကျခဲ့ပြီး ပါတီကို ဖျက်သိမ်းလိုက်ရပါတယ်။ FFP ပါတီကတော့ အဲဒီငွေတွေဟာ လှူထားတဲ့ငွေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စကို မကျေနပ်တဲ့ ထိုင်းလူငယ် ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီအချိန်မှာ ကိုဗစ်ရောဂါကြောင့် လူစုလူဝေး တားမြစ်တဲ့ ကန့်သတ်ချက်တွေ ထွက်လာခဲ့တဲ့အတွက် ဆန္ဒပြမှုတွေ ဆိုင်းငံ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဇွန်လမှာ ဒီမိုကရေစီ လှုပ်ရှားသူ အထင်ကရ ခေါင်းဆောင်တစ်ဦး ပျောက်ဆုံးသွားခဲ့အပြီးမှာ ဆန္ဒပြမှုတွေ ပြန်စခဲ့ကြပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက ကမ္ဘောဒီးယားနိုင်ငံကို ထွက်ပြေး ခိုလှုံနေတဲ့ ဝန်ချလမ် စက်စက်ဆစ် ကို လမ်းပေါ်မှာ ရုတ်တရက် ဖမ်းဆီးပြီး ကားတစ်စင်းပေါ် ဆွဲတင်သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။
သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားဖို့ ထိုင်းအစိုးရက စီစဉ်ခဲ့တာလို့ ဆန္ဒပြသူတွေက စွပ်စွဲနေပါတယ်။ ထိုင်းရဲနဲ့ အစိုးရ တာဝန်ရှိသူတွေကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
တော်ဝင်နန်းဆက်ပိုင် ပစ္စည်းဥစ္စာတွေကို ထိုင်းဘုရင်က သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေအဖြစ် ပြောင်းလဲသတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လပိုင်းက ဆန္ဒပြသူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ အရင်တုန်းက တော်ဝင်နန်းဆက်ပိုင် ပစ္စည်းဥစ္စာတွေကို လူထုအကျိုးအတွက် ရည်ရွယ်ပြီး သီးသန့် သိမ်းထားခဲ့တာပါ။
ဒါ့အပြင် ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ စစ်စခန်းအားလုံးကို သူကိုယ်တိုင် ထိန်းချုပ်ဖို့ ဘုရင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း မေးခွန်းထုတ်နေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ခေတ်သစ်ကာလမှာ ဘုရင်က စစ်တပ်ကို ထိန်းချုပ်ထားတာမျိုး အရင်က မရှိခဲ့ဖူးပါဘူး။