ရှားပါးမျောက်လွှဲကျော်တွေ မျိုးမသုဥ်းရေး ကူညီပေးမဲ့ ကြိုးတံတား

ရေးသားခဲ့သည်။

ဟယ်လင် ဘရစ်ခ်ျစ်

ဘီဘီစီ သဘာဝပတ်ဝန်းကျင် သတင်းထောက်

မျောက်လွှဲကျော်တွေအဖို့ သစ်ပင်ထိပ်ဖျားမှာ တွဲလောင်းခိုပြီး တစ်ပင်နဲ့ တစ်ပင်ကြားကူးပြီး သစ်တောအနှံ့ ရောက်နိုင်သွားနိုင်ကြပါတယ်။

ဒါပေမဲ့ တောင်ပြို မြေပြိုတာတွေ ဖြစ်လာပြီး သစ်တောကို ကြားကဖြတ်ချလိုက်သလို ဖြစ်သွားရင် သူတို့အဖို့ အစာရှာရ၊ ကြင်ဖော်ရှာရတာ ခက်သွားပါပြီ။

အခုတော့ သစ်ပင်တွေအကြား ကြိုးတံတား ပြန်ဆက်ပေးပြီး သူတို့ရဲ့ ဒီအခက်အခဲကို ယာယီဖြေရှင်းပေးလာနေကြပါတယ်။

(မြန်မာပြည်မှာလည်းတွေ့ရတဲ့) ဂစ်ဘွန်မျိုးနွယ် မျောက်လွှဲကျော်တွေထဲက မျိုးစိတ် တချို့ဟာ ကမ္ဘာမှာရှားနေပါပြီ။

ကြိုးတွေဆက်ပေးလိုက်တဲ့ အခါမှာ စက္ကန့်ပိုင်းအတွင်းပဲ မျောက်လွှဲကျော်တွေ ကြိုးကို သုံးပြီး ကူးကြတယ်ဆိုတာကို ပညာရှင်တွေ ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

တချို့က ကြိုးကို လက်တန်းသဖွယ်ကိုင်လို့၊ တချို့က လက်နဲ့ဆွဲ ကိုယ်ကို လွှဲယမ်းလို့၊ တချို့ သိပ်ရဲတဲ့ အကောင်တွေကတော့ ကြိုးတန်းပေါ်လမ်းလျှောက်လို့ တစ်ပင်နဲ့ တစ်ပင်ကို ကူးသွားကြပါတယ်။

ဒီကြိုးတံတားကို တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းပေါ်က သစ်တောအတွင်း မျိုးသုဥ်း ပျောက်ကွယ်သွားတော့ မတတ်ဖြစ်နေတဲ့ ဂစ်ဘွန် မျောက်လွှဲကျော် မျိုးစိတ်တွေအတွက် ဆောက်လုပ်ခဲ့တာပါ။ အဲဒီ မျိုးစိတ်ကို တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှာပဲ တွေ့ရတာပါ။

မျောက်အုပ်စုတစ်စုထဲက ၉ ကောင်လုံး ဒီကြိုးတံတားကို သုံးကြတာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ တွေ့ရပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်တွေက သစ်တောကို နဂိုအတိုင်းပြန်ရအောင် ပြန်ပြုစုနေရတဲ့အချိန်မှာ ဒီ ၁၈ မီတာရှည်တဲ့ ကြိုးတံတားဟာ မျိုးသုဥ်းနိုင်တဲ့ ဒီမျောက်လွှဲကျော်မျိုးစိတ်ကို ကယ်တင်နိုင်မယ်လို့ ဆိုပါတယ်။

လူတွေ တပ်ဆင်ပေးတဲ့ ကြိုးတန်းကို အော်ရန်ဂူတမ် မျောက်ဝံတွေအပါအဝင် မျောက်မျိုးနွယ်အနည်းငယ်လောက်ပဲ အရင်က သုံးကြတာတွေ့ဖူးပါတယ်။ ဟိုင်နန် ဂစ်ဘွန် မျောက်လွှဲကျော်တွေ အတွက်တော့ အခုကြိုးတံတားက ပထမဆုံးအတွေ့အကြုံပါ။ ကမ္ဘာမှာ ဒီတစ်နေရာသာ တွေ့ရတဲ့ ဒီ ဂစ်ဘွန်မျိုးစိတ်ဟာ အကောင် ၃၀ သာ ရှိပါတော့တယ်။

ဒီ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်ကို ဟောင်ကောင်က Kadoorie Farm and Botanic Garden အဖွဲ့က ဦးစီးလုပ်ကိုင်ကာ သူတို့ မျိုးသုဥ်းမရေးအတွက် လုပ်ဆောင်နေပါတယ်။

အဲဒီအဖွဲ့က ဒေါက်တာ ဘော့စ်ကို ချန်းက သဘာဝထိန်းသိမ်းရေး ကြိုးစားမှုတွေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဒီကြိုးတံတားကနေ မျောက်လွှဲကျော်ကောင်ရေတွေ တိုးလာမယ်လို့ ဆိုပါတယ်။

"၂၀၀၃ မှာ ကျွန်တော်တို့ ဒီ အစီအစဉ်စတုန်းက မျောက်အုပ်စု နှစ်စုပဲ ရှိပြီး အကောင်စုစုပေါင်းမှ ၁၃ ကောင်ပဲတွေ့ရပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

"ဂစ်ဘွန် မျောက်လွှဲကျော် အရေအတွက်က တဖြည်းဖြည်းတိုးလာတယ်၊ ၂၀၁၁ မှာ တတိယ မျောက်အုပ်၊ ၂၀၁၅ မှာ စတုတ္ထမျောက်အုပ် စသဖြင့် ဖြစ်လာပါတယ်"

"၂၀၂၀ အစမှာတော့ ပဉ္စမ မျောက်အုပ်တိုးလာပြီဆိုတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပြီး ကောင်ရေကလည်း ၃၀ ကျော်လာပါပြီ"

"အမဲပစ်တာတွေမရှိအောင်လည်း ကျွန်တော်တို့ သေချာအောင်လုပ်ရပါတယ်၊ ဂစ်ဘွန်မျောက်လွှဲကျော်တွေ နေထိုင်ကျက်စားတဲ့ မြေပြန့် သစ်တောတွေ ပြန်ဖြစ်လာအောင်လည်း ချဲ့ထွင်လုပ်ဆောင်ပေးရပါတယ်။"

ဂစ်ဘွန် မျောက်လွှဲကျော်မျိုးစိတ် ၂၀ နီးပါး ကမ္ဘာပေါ်မှာရှိပြီး အထူးသဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်းကနေ ဘော်နီယိုကျွန်းစုနေရာတွေကြားက ဒေသတွေမှာ ကျက်စားကြတာပါ။ သစ်တောတွေပြုန်းလာတာ၊ တောရိုင်းသဘာဝ တိရစ္ဆာန်တွေ တရားမဝင်ကုန်ကူးကြတာတွေကြောင့် အများစုဟာ ပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ကြုံနေရပါတယ်။

တရုတ်မှာ လောလောလတ်လတ်အချိန်ကာလအတွင်းမှာပဲ ဂစ်ဘွန် မျောက်လွှဲကျော်မျိုးစိတ် ၂ စိတ် မျိုးသုဥ်းပျောက်ကွယ်သွားပါပြီ။ ဒီ ဟိုင်နန် ဂစ်ဘွန် မျောက်လွှဲကျော် အပါအဝင် ကျန်ရှိနေသေးတဲ့ တရုတ်က ဂစ်ဘွန် မျောက်လွှဲကျော် မျိုးစိတ်တွေကို နိုင်ငံတကာ သဘာဝတောရိုင်းထိန်းသိမ်းရေး သမဂ္ဂ (International Union for the Conservation of Nature) က မျိုးသုဥ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ သတ္တဝါတွေအဖြစ် သတ်မှတ်ထားပါတယ်။