နဂိုနို-ကရာဘတ် အရေး- အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ခနော်ခနဲ့ အပစ်ရပ် စတင်

ရေးသားခဲ့သည်။

နဂိုနို-ကရာဘတ် နယ်မြေအငြင်းပွားမှုကြောင့် နှစ်ပတ်နီးပါး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ဥရောပ အရှေ့တောင်ပိုင်းက အာမေနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ ယာယီ အပစ်အခတ် ရပ်စဲမှု စတင်ပါပြီ။

ဒါပေမဲ့ အပစ်ရပ် တစ်နာရီ မပြည့်ခင်မှာပဲ အပစ်ရပ်သဘောတူမှုကို ချိုးဖောက်တယ်ဆိုပြီး နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။

အဲဒါမတိုင်ခင်ကလည်း အရပ်သားတွေ နေထိုင်ရာနေရာတွေကို ဗုံးကြဲတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ဒီလို အပစ်ရပ်တာဟာ အကျဥ်းသားတွေချင်း လဲလှယ်ဖို့နဲ့ အလောင်းပြန်ကောက်တာတွေ လုပ်နိုင်ကြဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့မှာ ၁၀ နာရီလောက် ဆွေးနွေးခဲ့ကြပြီးနောက် အခုလို ယာယီ အပစ်ရပ်ရေး သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးသဘောတူကြဖို့ "တော်တော်ခက်ခဲတယ်"လို့ အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဇိုရပ် မန်နတ်ဆက်ကန်ယန်းက ပြောပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လဗ်ရော့ဗ်ကတော့ အခုဆိုရင် နှစ်နိုင်ငံ ခြေခြေမြစ်မြစ် စဆွေးနွေးနိုင်ပြီလို့ ပြောပါတယ်။

ကာလရှည် ရှိနေခဲ့တဲ့ ပဋိပက္ခက စက်တင်ဘာ ၂၇ ရက်မှာ တစ်ကြော့ပြန် စခဲ့တဲ့နောက် တိုက်ခိုက်မှုတွေအတွင်း လူ ၃၀၀ မက သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်တွေ စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

နဂိုနို-ကရာဘတ်ဒေသဟာ တရားဝင်အားဖြင့် အဇာဘိုင်ဂျန်နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေပေမဲ့ ဒီဒေသကို အာမေးနီးယား မျိုးနွယ်တွေက အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုထဲက နိုင်ငံတွေဖြစ်ခဲ့ကြဖူးတဲ့ ဒီနှစ်နိုင်ငံဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး ဖြစ်ခဲ့တဲ့ အခုတိုက်ပွဲနဲ့ ပတ်သက်ပြီး အချင်းချင်း ပြစ်တင်နေကြပါတယ်။

ရုရှား စစ်အခြေစိုက်စခန်းတစ်ခု အာမေးနီးယားမှာ ရှိနေပြီး နှစ်နိုင်ငံစလုံးက လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (CSTO) အဖွဲ့ဝင် နိုင်ငံတွေပါ။

ရုရှားဟာ အဇာဘိုင်ဂျန်နဲ့လည်း ဆက်ဆံရေးကောင်း ရှိနေပါတယ်။

မြေပြင်နောက်ဆုံး အခြေအနေ ဘယ်လိုရှိလဲ

အပစ်ရပ်စပြီး ငါးမိနစ်မှာပဲ အဇာဘိုင်ဂျန်ဘက်က အဇဲရီမျိုးနွယ်တပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေ စခဲ့ပြီး အာမေးနီးယားတပ်တွေက ပြန်တုံ့ပြန်ခဲ့တယ်လို့ အာမေနီးယား ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် အဇဲရီတပ်ဖွဲ့တွေက မြို့တွေကို ဗုံးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးက အာမေးနီးယားက အပစ်ရပ်သဘောတူမှုကို ပြောင်ကျကျ ချိုးဖောက်ခဲ့ပြီး အဇဲရီဒေသတွေ ဖြစ်တဲ့ တာတာနဲ့ အာ့ဂ်ဒမ်းဒေသတွေကို ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ အာမေးနီးယားကတော့ ဒါကို ငြင်းထားပါတယ်။