ပိုပြီး အပစ်ပယ်ခံလာရနေပြီလို့ အိန္ဒိယ မွတ်ဆလင်တွေ ခံစားနေရ

အိန္ဒိယ မွတ်ဆလင်အများစုက လက်လုပ်လက်စားတွေ၊ ဝင်ငွေနည်းတဲ့ အလုပ်တွေတွေမှာ လုပ်နေကြရသူတွေဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိန္ဒိယ မွတ်ဆလင်အများစုက လက်လုပ်လက်စားတွေ၊ ဝင်ငွေနည်းတဲ့ အလုပ်တွေတွေမှာ လုပ်နေကြရသူတွေဖြစ်
ရေးသားခဲ့သည်။

ဘာသာရေးအရ အထွတ်အမြတ်ထားကြတဲ့ အယုဒ္ဓယမြို့မှာ ၁၆ ရာစု ကတည်းက တည်ထားခဲ့တဲ့ ဗလီကြီးတစ်ခုကို ဟိန္ဒူ လူအုပ်ကြီးကဖြိုချခဲ့တဲ့အမှုနဲ့ ပတ်သက်လို့ မျက်မြင်သက်သေ အယောက် ၈၅၀၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတိတ်ခွေတွေ၊ စာရွက်စာတမ်းတွေ အထောက်အထား စုစုပေါင်း ၇၀၀၀ ကျော် စတာတွေကို နှစ်ပေါင်း ၃၀ နီးပါး စစ်ဆေးစီရင်လာပြီးတဲ့နောက် အိန္ဒိယက တရားရုံးတစ်ခုကနေ ဒီအမှုမှာ ဘယ်သူမှ အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်။

စွပ်စွဲခံရသူတွေထဲ လက်ရှိအချိန်မှာ သက်ရှိထင်ရှားရှိနေသူ ၃၂ ယောက်ရှိပြီး အဲဒီသူတွေထဲမှာ ဒု ဝန်ကြီးချုပ်ဟောင်း လာလ် ခရစ်ရှ်နာ အက်ဒ်ဗာနီ နဲ့ ဘေဂျီပီ ထိပ်တန်းခေါင်းဆောင်တွေ ပါဝင်ပါတယ်။ ၁၉၉၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ဘာဘရီ ဗလီဖြိုချမှုဟာ ဘယ်သူဘယ်ဝါမသိရတဲ့ "လူ့ထုံးတမ်း အစဉ်အလာ တွေကို ချိုးဖောက်သူတွေ (anti-socials)" က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဘယ်သူကမှ အစီအစဉ်ချမှတ် လုပ်ဆောင်ခဲ့တာမဟုတ်ဘူးလို့ ဆိုကာ တရားခံအဖြစ် စွပ်စွဲခံရသူ အားလုံးကို တရားရုံးက ဗုဒ္ဓဟူးနေ့က တရားသေလွှတ်ပေးလိုက်ပါတယ်။

ဗလီကို ဖြိုဖို့ ကြိုတင်စီမံ အစီအစဉ်ချခဲ့ကြတာ၊ နာရီပိုင်း အနည်းငယ်အတွင်း ဗလီကိုဖြိုချလိုက်ကြတာ၊ ဒေသခံရဲတွေက ထောင်ပေါင်းများစွာသော လူများစွာရဲ့ ရှေ့မှာပဲ ကျူးလွန်နေသူတွေကို ဘာမှ မတားဆီးတာ စတာတွေကို မျက်မြင်သက်သေအများအပြားက ပြောခဲ့ကြပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က အခုလို ထွက်လာခဲ့ပါတယ်။

မနှစ်တုန်းက အိန္ဒိယရဲ့ အမြင့်ဆုံး တရားရုံးချုပ်က ဒီ အမှုဟာ "ကြိုတင်တွက်ချက် စီမံပြီးမှ လုပ်တဲ့ အမှု" ဖြစ်တယ်၊ "တရားဥပဒေစိုးမိုးမှုကို ကမ်းကုန်အောင် ချိုးဖောက်တာဖြစ်တယ်" လို့ သတ်မှတ်ခဲ့ပါတယ်။

ဘယ်သူမှ အပြစ်မရှိဆုံးဖြတ်ချက်ကို ဘယ်လိုမြင်ကြလဲ

ဒီဆုံးဖြတ်ချက်ကိုသိရပြီးတဲ့နောက် ဒါဟာ ကမောက်ကမဖြစ်နေတဲ့ အိန္ဒိယ တရားစီရင်ရေးစနစ်ဆီက ထွက်ပေါ်လာတဲ့ နောက်ထပ် အမှားအယွင်းတစ်ခုပဲလို့ လူအများက သုံးသပ်ကြပါတယ်။ တရားစီရင်ရေးစနစ်က ဆယ်စုနှစ်တွေများစွာချီပြီးရှိလာနေတဲ့ နိုင်ငံရေးပိုင်းက လွှမ်းမိုးစွက်ဖက်မှုတွေ၊ ရန်ပုံငွေ လိုအပ်သလောက်မရတာတွေ၊ စွမ်းဆောင်ရည် မပြည့်ဝ တာတွေကြောင့် ပြင်လို့မရနိုင်တဲ့ အထိပျက်စီးနေပြီလို့ အများက မြင်ကြ၊ စိုးရိမ်ကြပါတယ်။

တိတိကျကျပြောရမယ်ဆိုရင်တော့ အိန္ဒိယမှာ သန်း ၂၀၀ လောက်ရှိတဲ့ မွတ်ဆလင်တွေအတွက် ဒီဆုံးဖြတ်ချက်ဟာ ပိုပြီး ဘေးဖယ်ခံထားရတဲ့ အခြေကိုစိုက်စေခဲ့တာပါ။

၁၉၄၇ မှာ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း လူမျိုးစုံ၊ အတွေးအခေါ်စုံ ပြည်သူတို့နေထိုင်ကြတဲ့ နိုင်ငံ၊ ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်တဲ့ နိုင်ငံ၊ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီ နိုင်ငံ၊ ဒီလို အိန္ဒိယ နိုင်ငံရဲ့ သမိုင်းမှာ မွတ်ဆလင် လူမှုအသိုင်းအဝိုင်းအဖို့ ဘယ်ခေတ်အခါကမှ အခု နာရန်ဒရာ မိုဒီရဲ့ ဟိန္ဒူ အမျိုးသားရေး ဘီဂျေပီ အစိုးရခေတ်လောက် အခက်အခဲကြုံရတာ၊ ဂုဏ်သိက္ခာမဲ့ရတာမျိုး မရှိခဲ့ပါဘူး။

အိန္ဒိယမှာ မွတ်ဆလင် သန်း ၂၀၀ လောက် မှီတင်းနေထိုင်ကြတာဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ မွတ်ဆလင် သန်း ၂၀၀ လောက် မှီတင်းနေထိုင်ကြတာဖြစ်

လူများစု ဟိန္ဒူတွေက နွား သတ္တဝါကို အထွတ်အမြတ်ထားကြတဲ့ အိန္ဒိယမှာ အမဲသားစားတဲ့ ဒါမှမဟုတ် နွား ကုန်ကူးတဲ့ မွတ်ဆလင်တွေကို လူအုပ်တွေက ဝိုင်းတိုက်ခိုက်ကာ သတ်ဖြတ်ကြပါတယ်။

မိုဒီ အစိုးရဟာ ဘေးပတ်ဝန်းကျင်နိုင်ငံတွေက မွတ်ဆလင်မဟုတ်တဲ့ ပြောင်းရွှေ့ခိုလှုံသူတွေကို နိုင်ငံသား အမြန်ဖြစ်စေဖို့အတွက် ဥပဒေ ပြဌာန်းပေးပါတယ်။ အိန္ဒိယ လက်ရှိအစိုးရဟာ မွတ်ဆလင်က အများစုဖြစ်တဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်အတွင်း သွေးကွဲတာတွေကို ဖြစ်စေခဲ့သလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီ ဒေသမှာ ရှိနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။

ဒီနှစ်ထဲ ဒေလီမှာ အစ္စလာမ်အဖွဲ့တစ်ခုရဲ့ ဘာသာရေးပွဲတစ်ခု လုပ်ပြီးတဲ့နောက်ပိုင်း မွတ်ဆလင်တွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားတာလို့ အပြစ်ပုံခဲ့ကြပါတယ်။ ဒီထက် လူအများကြီး ပိုစုဝေးတဲ့ ဟိန္ဒူဘာသာရေးပွဲတွေ လုပ်ကြရာမှာတော့ ပြည်သူတွေထဲကဖြစ်ဖြစ်၊ မီဒီယာက ဖြစ်ဖြစ်၊ နိုင်ငံရေး အသိုင်းအဝိုင်းကဖြစ်ဖြစ် အပြစ်ပြောတာ မရှိခဲ့ပါဘူး။

ဒါတွေတင်မကပါဘူး။ အငြင်းပွားဖွယ်ရာ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ပတ်သက်ပြီး ဒေလီမှာ မနှစ် ဆောင်းတွင်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကို လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ အပြစ်နဲ့ မွတ်ဆလင် ကျောင်းသားတွေ၊ လှုပ်ရှားတက်ကြွသူတွေ ထောင်ထဲ အသွင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ ဟိန္ဒူ လှုံ့ဆော်ရေးသမားတွေ ဘာမှအပြစ်ပေးတာ မခံရပါဘူး။ အခု ဘာဘရီ ဗလီအမှု ဆုံးဖြတ်ချက်က ဒီလို ခွဲခြားဖိနှိပ် အသရေဖျက်လာတာတွေထဲ နောက်တစ်ခု ထပ်တိုးလာတာလို့ မွတ်ဆလင်တွေက ပြောပါတယ်။

သီးခြားဖယ်ထုတ်ခံရတယ်ဆိုတာက တကယ်ခံစားနေကြရတာပါ။ မိုဒီ အစိုးရအနေနဲ့ ဟိန္ဒူလူများစုက လွှမ်းမိုးချုပ်ကိုင်မယ်ဆိုတဲ့ အတွေးအခေါ်ကို ဖုန်းကွယ်ထားနေတာ မဟုတ်ပါဘူး။ မွတ်ဆလင်တွေကို ပြည်တွင်းကနာမည်ကျော် သတင်းဌာနတွေက မကောင်းဆိုးဝါးတွေ အဖြစ် ပုံဖော်နေတာက ပေါ်ပေါ်ထင်ထင်ပါ။

တချိန်က အိန္ဒိယမှာ နိုင်ငံရေးပါတီတွေက မွတ်ဆလင် လူမှုအသိုင်းအဝိုင်းဘက်က ရပ်တည်ခဲ့ကြပေမဲ့ အခုတော့ ဒီအသိုင်းအဝိုင်းကို သူတို့ စွန့်ခွာခဲ့ပါပြီ။ အဓိက အတိုက်အခံပါတီ ကွန်ဂရက်ပါတီဟာ မွတ်ဆလင်တွေဆီကသာ သူတို့ပါတီအကျိုးအတွက် မဲထည့်ဖို့ စည်းရုံးခဲ့ကြပြီး တကယ်တမ်း ဘာမှပြန်ပြီး အကူအညီပေးတာမဟုတ်ဘူး ဆိုတဲ့ ဝေဖန်တာတွေလည်း ထွက်ပေါ်နေတာပါ။ မွတ်ဆလင်အသိုင်းအဝိုင်းအဖို့ သူတို့အရေးကို ပြောပေးမဲ့ ခေါင်းဆောင်က အနည်းအကျဉ်းသာ ရှိပါတယ်။

ဒေလီမှာ အခြေစိုက်တဲ့ Centre for Policy Research အဖွဲ့က အာဆင်မ် အလီ က "မွတ်ဆလင်တွေအဖို့ ဒီစနစ်ကို ယုံကြည်မှုနည်းလာနေပါပြီ။ သူတို့ အခက်အခဲတွေကြုံလာနေပြီ၊ နိုင်ငံရေးပါတီတွေ၊ ဌာန အဖွဲ့အစည်းတွေ၊ မီဒီယာတွေက သူတို့ ဆုံးရှုံးသွားအောင် လုပ်နေကြတယ်လို့ ခံစားနေကြရပါတယ်။ ဒီလူမှုအသိုင်းအဝိုင်းထဲမှာ မျှော်လင့်ချက်မဲ့နေပြီလို့ မြင်နေကြသူတွေ အများကြီးရှိနေပါတယ်" လို့ ဆိုပါတယ်။၊ြ ါ

နိုင်ငံသားဖြစ်မှု ဥပဒေကို မနှစ်က ကန့်ကွက်နေကြတဲ့ မွတ်ဆလင်ဆန္ဒပြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နိုင်ငံသားဖြစ်မှု ဥပဒေကို မနှစ်က ကန့်ကွက်နေကြတဲ့ မွတ်ဆလင်ဆန္ဒပြသူတွေ

အမှန်တကယ်တော့ မွတ်ဆလင်တွေကို ဘေးဖယ်ကန့်သတ်ထားတဲ့ သမိုင်းက အိန္ဒိယမှာ ရှည်ရှည်လျားလျားရှိနေခဲ့တာပါ။ သူတို့ဟာ "နိုင်ငံကို ဆန့်ကျင်သူ" တွေလို့ တံဆိပ်ကပ်တာ ခံရသလို တစ်ဖက်မှာလည်း "ချွေးသိပ်ပေးပြီး နောက်ချန်ထားခံရသူ"ပါလို့ အစီရင်ခံစာ တစောင်ကရေးပါတယ်။

မဆီမလျော်ဖြစ်တာတစ်ခုကတော့ မွတ်ဆလင်တွေဟာ သူများတွေထက် ပိုထူးကဲတဲ့ ကောင်းကျိုးစည်းစိမ်တွေ ခံစားနေရတယ်ဆိုတဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီတွေရဲ့ မမှန်ကန်တဲ့ နိုင်ငံရေး ထိုးလုံးတွေကို အိန္ဒိယနိုင်ငံသား အများအပြားက ယုံကြတယ်၊ တကယ်က လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတွေဘက်မှာ မွတ်ဆလင်အသိုင်းအဝိုင်းက အကျိုးစီးပွားခံစားနေရတာ မဟုတ်ဘူးလို့ သမိုင်းပညာရှင်တွေကပြောပါတယ်။

အိန္ဒိယက လူဦးရေထူထပ်လှတဲ့ မြို့တွေက ဆင်းရဲသားရပ်ကွက်တွေမှာ မွတ်ဆလင်တွေ အချိုးအစားက အများစုပါ။ အိန္ဒိယလူဦးရေမှာ မွတ်ဆလင်က ၁၄% ရှိပြီး အစီရင်ခံစာ တစ်ခုအရ ဩဇာကြီးတဲ့ အိန္ဒိယဖက်ဒရယ် ရဲတပ်ဖွဲ့က အရာရှိတွေထဲ မွတ်ဆလင်က ၂၀၁၆ ခုနှစ်မှာ ၃% အောက်သာရှိတယ်၊ မြို့ပြမှာနေထိုင်ကြတဲ့ မွတ်ဆလင် ၈% သာ ပုံမှန်လစာငွေရတဲ့ အလုပ်တွေရကြပြီး ဒါဟာ တစ်နိုင်ငံလုံးပျှမ်းမျစာရင်းထက် တစ်ဝက်ကျော်နည်းတယ်ဆိုတာကို သိရပါတယ်။

ကလေးတွေ မူလတန်းကျောင်းကို တက်ရောက်တဲ့နှုန်းက များပေမဲ့ အထက်တန်းကျောင်းမှာ ကျောင်းထွက်နှုန်းကမြင့်မားပါတယ်။ ကျောင်းထွက်ကုန်ကြတဲ့ အဓိကအကြောင်းကတော့ မိသားစု စီးပွားရေး အခြေအနေမကောင်းတာကြောင့်ပါ။ အိန္ဒိယလွှတ်တော်မှာ မွတ်ဆလင်ကိုယ်စားပြုမှု ကလည်း ဆက်တိုက်ကျဆင်းနေတာဖြစ်ပြီး အခုဆိုရင် ရွေးချယ်ခံ အောက်လွှတ်တော်မှာ ၅% သာရှိပါတယ်၊ ၁၉၈၀ ခုနှစ်က ၉% ရှိခဲ့ရာကနေ ကျလာတာပါ။ ၂၀၁၄ ခုနှစ် ဘီဂျေပီပါတီ အာဏာရတော့ အာဏာရပါတီက အမတ်တွေထဲ မွတ်ဆလင် အမတ် တစ်ယောက်မှ မပါပါဘူး၊ ဒါဟာ အိန္ဒိယ နိုင်ငံရေးပါတီတွေ သမိုင်းမှာ ပထမဆုံး အဖြစ်ပါ။

မစ္စတာ မိုဒီနဲ့ သူ့ လုပ်ဖော်ကိုင်ဘက်တွေက ဘယ်ဘာသာဝင်ကိုမဆို သူတို့ပါတီက ခွဲခြားဆက်ဆံတာ မလုပ်ပါဘူးလို့ အစဉ်တစိုက်ပြောခဲ့ပါတယ်။ အစ္စလာမ်မစ်နိုင်ငံတွေက ထောက်ခံမှုတွေရတဲ့အတွက် သူ့အနေနဲ့ စိတ်ချမ်းမြေ့ပျော်ရွှင်ရကြောင်း ဝန်ကြီးချုပ်က ဆိုသလို၊ ဘဏ္ဍာငွေတွေ အများအပြားစိုက်ထုတ် သုံးစွဲထားတဲ့ သူ့ရဲ့ လူမှုဖူလုံရေး ထောက်ပံ့မှုတွေကလည်း ဘာသာမရွေး၊ ဇာတ်နိမ့် ဇာတ်မြင့်မရွေး ဆင်းရဲတဲ့ အိန္ဒိယပြည်သူတိုင်းဆီကို ရောက်နေတာပါလို့ ပြောပါတယ်။ လက်ဝဲအမြင်ရှိပြီး ညီမျှတဲ့လူ့ဘောင်တည်ထောင်ရေးကို အားပေးတဲ့ လစ်ဘရယ် ဝါဒီ အတိုက်အခံတွေကို ဘီဂျေပီက "နိုင်ငံရေးနဲ့ ဘာသာရေး မရောယှက်ဘူးလို့ ဟန်ဆောင်ပြောနေသူတွေ" လို့ ညွှန်းဆိုပြောဆိုလာတာ နှစ်ပေါင်းများစွာပါ။

တချို့က ဒီစွပ်စွဲချက်ထဲမှာ ရည်ရွယ်ချက်ပါတယ်လို့ မြင်ကြပါတယ်။ သူတို့ထောက်ပြတာ တစ်ခုကတော့ အိန္ဒိယအရှေ့ပိုင်း ဘန်ဂေါ အနောက်ပြည်နယ်ပါ၊ အဲဒီမှာ ကွန်မြူနစ်တွေက ဆယ်စုနှစ် ၃ စု ကျော် အာဏာရနေတာပါ။ သူတို့က ဘာသာရေးကို နိုင်ငံရေးနဲ့ မပတ်သက်စေပါဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြီး သူတို့ပြည်နယ်တွင်းက မွတ်ဆလင်တွေအတွက် လုံခြုံစိတ်ချစွာနေနိုင်ရေးအာမခံ ကြပါတယ်၊ အဲဒီ ပြည်နယ်အတွင်း မွတ်ဆလင် လူဦးရေက ၄ ပုံ ၁ ပုံ ရှိပါတယ်။

ခွဲခြားကန့်သတ်တဲ့ ဥပဒေကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဒေလီမှာ ရေရှည်ဖြစ်နေခဲ့ပြီး ဦးဆောင်သူအများစုက မွတ်ဆလင် အမျိုးသမီးတွေပါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခွဲခြားကန့်သတ်တဲ့ ဥပဒေကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဒေလီမှာ ရေရှည်ဖြစ်နေခဲ့ပြီး ဦးဆောင်သူအများစုက မွတ်ဆလင် အမျိုးသမီးတွေပါ

တခြားပြည်နယ်မှာထက် ဘာသာရေးတင်းမာမှုတွေ၊ ဂိုဏ်းဂဏစွဲနိုင်ငံရေးတွေ ပိုများပြီးတဲ့ ဂူဂျာရတ်ပြည်နယ်က မွတ်ဆလင်တွေ အခြေအနေကိုကြည့်ရင် နှိုင်းယှဉ်မှုအရ စီးပွားရေး ပိုကောင်းသလို၊ လူထု ဖွံ့ဖြိုးရေး ညွှန်းကိန်းတွေကလည်း ပိုကောင်းတာကို တွေ့ရကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ "အိန္ဒိယမှာ ဈေးကွက်နေရာက ဘာသာရေး ကင်းပတဲ့နေရာဖြစ်တယ်၊ ဂူဂျာရတ်လို ပြည်နယ်တွေမှာ တိုးတက်နေတဲ့စီးပွားရေးက ဟိန္ဒူကော မွတ်ဆလင်တွေ အတွက် အကျိုးဖြစ်စေတယ်" လို့ အလီဂါ့ဂ် မွတ်ဆလင် တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ် ဆိုင်ရာ ပါမောက္ခ မီယာဇာ အက်စ်မာ ဘက်ဂ် က ပြောပါတယ်။

ဒါပေမဲ့ ဘီဂျေပီရဲ့ ရွေးကောက်ပွဲကို ဘာသာရေးအရပြိုင်ဆိုင်တဲ့ ဗျူဟာက မွတ်ဆလင်တွေကို တခြားသူတွေအဖြစ် တွန်းပို့နေတာမျိုးဖြစ်သွားနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ နိုင်ငံရေးသိပ္ပံ ပါရဂူ ခရစ်စ်တော့ဖ် ဂျက်ဖရယ်လော့က အိန္ဒိယဟာ "(တို့နဲ့သာ) ဆိုင်တာ၊ (တို့ကသာ) အထက်စည်းက လွှမ်းမိုးမှာ" ဆိုတဲ့ လူမျိုးစွဲစိတ်ဓာတ်တွေကနေ ပေါ်ထွန်းလာတဲ့ "လူမျိုးရေး ဒီမိုကရေစီ - ethnic democracy" ဆီကို ဦးတည်သွားနေတယ်လို့ သူမြင်ကြောင်းပြောပါတယ်။

အဆိုးတွေချည်းပဲဖြစ်နေတာတော့ မဟုတ်သေးပါဘူး။ လူငယ် လူလတ်တန်းစားတွေ ပိုတိုးပွားလာမှုကို ခွဲခြားမှုတွေက အနှောင့်အရှက်မပေးနိုင်ပါဘူး။ အစဉ်အလာအရ ဆန္ဒထုတ်ဖော်တာတွေမရှိတတ်တဲ့ မွတ်ဆလင် အမျိုးသမီးတွေ အပါအဝင် လူငယ်တွေ အများအပြားဟာ အငြင်းပွားဖွယ်ရာနိုင်ငံသားဖြစ်မှု ဥပဒေကို ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပြီး အိန္ဒိယရဲ့ လမ်းမတွေပေါ်ထွက်လာခဲ့ကြပါတယ်။ အလုပ်ရဖို့ အပြိုင်အဆိုင်များလှတဲ့ အစိုးရဌာနအလုပ်တွေမှာ ဝင်ခွင့်ရရေးအတွက် မွတ်ဆလင် လူငယ်တွေကို ရပ်ရွာအသိုင်းအဝိုင်းအတွင်းမှာ လေ့ကျင့်သင်တန်းပေးတာတွေ ပိုများလာပါတယ်။

ဘာပဲဖြစ်စေ ဘာဘရီ ဗလီအမှုကို တရားသေလွှတ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယ မွတ်ဆလင် အသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေ ပိုနက်ရှိုင်းလာမှာဖြစ်သလို၊ တရားမမျှတဘူး ဆိုတဲ့ အမြင်တွေလည်း ပိုများလာမှာပါ။ "ဒါဟာ အသိုင်းအဝိုင်းတစ်ခုကို ပစ်ပယ်ထားလိုက်တာလို့ အများကြီးပြောနိုင်ပါတယ်၊ ခံနေရုံကလွဲလို့ ဘာမှတုံ့ပြန်လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ စိတ်တွေလည်း ပေါ်နေပါတယ်၊ မွတ်ဆလင်အသိုင်းအဝိုင်းဟာ သူတို့မွတ်ဆလင်ခေါင်းဆောင်တွေကော၊ ဟိန္ဒူခေါင်းဆောင်တွေကော၊ နိုင်ငံရေးပါတီတွေကော အကုန်လုံးက နှစ်ပေါင်းများစွာ သူတို့ကို အမြတ်ထုတ် အသုံးချတာကို ခံလာနေရတာပါ" လို့ နိုင်ငံရေး သိပ္ပံပါရဂူ ဇာဟီယာ အလီက ဆိုပြီး "ဆင်းရဲမွဲတေမှုက အခြေအနေတွေကို ပိုဆိုးစေတယ်" လို့လည်း ပြောပါတယ်။