ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တွေမှာ NLD မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ စိုက်ထူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။
လမ်းမတော်တောင်ရပ်ကွက်က ပြည်တွင်းအခွန်ရုံးနဲ့ မျက်နှာချင်းဆိုင်မှာ စိုက်ထူထားတဲ့ ဆိုင်းဘုတ်ကို စက်တင်ဘာ ၂၆ ရက် စနေနေ့က ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ဦးဥတ္တမပန်းခြံရှေ့ကဆိုင်းဘုတ်ကိုတော့ ၂၇ ရက် တနင်္ဂနွေနေ့မှာ ဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ NLD ပါတီ စစ်တွေမြို့နယ် ဥက္ကဋ္ဌ လည်းဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလည်း ဖြစ်တဲ့ ဦးစံရွှေကျော် က ဘီဘီစီကို ပြောပါတယ်။
အခုလို ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတာနဲ့ ပတ်သက်လို့ လောလောဆယ်မှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ကော်မရှင်ကို တိုင်ကြားထားပြီး ပါတီဗဟိုကို တင်ပြထားတယ်လို့ သူကပြောပါတယ်။
"ဒီလိုဖျက်ဆီးခံရတာက ဘယ်သူဖျက်တယ်။ ဘယ်ပုဂ္ဂိုလ်ဖျက်တယ်။ ဘယ်အဖွဲ့အစည်းကဖျက်တယ်ဆိုတာကို မသိရဘူး။ ဒီလိုအဖျက်အမှောင့်လုပ်ငန်းတွေ ရှိတာက အစဉ်အလာမကောင်းဘူးပေါ့။ စိတ်မကောင်းစရာပေါ့။ နောက်လည်း အစဉ်အလာ ဖြစ်သွားမယ်ဆိုတော့ ဒါတွေက ကိုယ့်တိုင်းပြည်။ ကိုယ့်ပြည်နယ်အတွက် မကောင်းတဲ့ အလားအလာတွေ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က စိတ်မကောင်းရုံထက်လွဲပြီး ဘာမှမတတ်နိုင်ဘူး" လို့ ဦးစံရွှေကျော်က ပြောပါတယ်။
စစ်တွေမြို့ဟာ ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်သလို NLD အစိုးရရုံးစိုက်ရာမြို့လည်း ဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တွေ အပြိုင်အဆိုင် စိုက်ထူနေကြတဲ့အထဲ စစ်တွေမြို့မှာ ပထမဆုံးအကြိမ်အဖြစ် NLD ပါတီရဲ့ ဆိုင်းဘုတ် ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက NLD အားကောင်းတဲ့ တောင်ကုတ်နဲ့ မာန်အောင်မြို့နယ်တွေမှာလည်း အခုလိုမျိုး NLD မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံနေရတာတွေ အများအပြားရှိနေပါတယ်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးအတွက် ဝင်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးရေးကာလအဖြစ် နှစ်လ ခွင့်ပြုထားပြီး မဲဆွယ်ကာလ သုံးပတ်အတွင်း တောင်ကုတ်၊ မာန်အောင်နဲ့ စစ်တွေမြို့တွေမှာ ဖျက်ဆီးခံခဲ့ရတဲ့ NLD ဆိုင်းဘုတ်ပေါင်း အနည်းဆုံး ငါးခုလောက် ရှိသွားပြီ ဖြစ်ပါတယ်။
မာန်အောင်မြို့နယ်မှာ ဆိုင်းဘုတ်တစ်ခု ဖျက်ဆီးခံလိုက်ရသလို တချို့ကျေးရွာတွေမှာ ဆိုင်းဘုတ် စိုက်ထူတာတွေကိုပါ ဟန့်တားခံရတာတွေ ရှိနေတယ်လို့သိရပါတယ်။
"ဒါကတော့ လူအမျိုးမျိုး စိတ်အမျိုးမျိုးရှိပါတယ်။ ဆိုတော့ တချို့ကထောက်ခံတယ်။ တချို့က မထောက်ခံဘူး။အဲ့ဒါမျိုးတွေ ရှိကြတယ်။ ငါတို့ဖျက်ပစ်လိုက်မယ် NLD ဆိုင်းဘုတ်တွေကို။ အဲ့လိုဆိုတဲ့လူတွေလည်း ရှိမှာပဲ။ ပြောလို့တော့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့ NLD က အနိုင်ရထားတဲ့ တောင်ပိုင်းက မြို့နယ်တွေမှာလည်း အဲ့လိုဖြစ်နေတာကိုတွေ့ရတယ်" လို့ ဦးစံရွှေကျော်က ဆက်ပြောပါတယ်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေကို အခုနှစ်မှာ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အတွက် ယခင်ရွေးကောက်ပွဲ ကာလကလိုမျိုး မဲဆွယ်စည်းရုံး ဟောပြောတာတွေ၊ လူစုလူဝေးတွေ မလုပ်ကြဖို့ ကျန်းမာရေးဌာနက တားမြစ်ထားပါတယ်။
မဲဆွယ်စည်းရုံးရေးကာလ နှစ်လတာအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းမှာ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆိုင်းဘုတ်စိုက်ထူတာတွေကိုသာ အဓိကလုပ်ဆောင်နေကြချိန်မှာပဲ မြို့နယ်တချို့မှာ NLD ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံနေကြရတာပါ။
တောင်ကုတ်မြို့နယ်မှာ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့တွေမှာ အမှုဖွင့် တိုင်ကြားတာတွေ ရှိခဲ့ပေမယ့် စစ်တွေမြို့မှာတော့ ညအချိန်မှာ ဖျက်ဆီးတာဖြစ်တဲ့အတွက် ဘယ်သူ ဖျက်ဆီးတယ် ဆိုတာကို သိရဖို့ခက်ခဲတာကြောင့် အမှုဖွင့်တိုင်ကြားတာမျိုး မလုပ်ဘူးလို့ စစ်တွေမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးစံရွှေကျော်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ဖြစ်ပွားလာခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့က စပြီး စစ်တွေမြို့မှာလူတွေကို အပြင်မထွက်ကြဖို့ ကျန်းမာရေးဌာနက အမိန့်ထုတ်ပြန်ထားပြီး ဒေသန္တရအာဏာပိုင်တွေကလည်း ညမထွက်ရအမိန့်ကို ၂၁ ရက်နေ့ကစလို့ နှစ်လတာ ထုတ်ပြန်ထားပါတယ်။
ညဘက်တွေမှာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေပါဝင်တဲ့ စုပေါင်းအဖွဲ့တွေက မြို့ကိုလှည့်လည်ပြီး လုံခြုံရေး ဆောင်ရွက်နေတဲ့ကြားက အခုလိုမျိုး NLD ဆိုင်းဘုတ်တွေ ရက်ဆက် ဖျက်ဆီးခံနေရတာ ဖြစ်ပါတယ်။