ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်- အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ပြန်စမယ်
ယူကေက ကာကွယ်ဆေး စမ်းသပ်ခံ လူနာတစ်ဦးမှာ ပြင်းထန်တဲ့ တုံ့ပြန်မှု တွေ့ရလို့ ဆိုပြီး ရပ်နားထားတဲ့ အောက်စဖို့ဒ် တက္ကသိုလ်နဲ့ အက်စထရာ ဇန်နကာ ကုမ္ပဏီတို့ရဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ပြန်စမှာ ဖြစ်ပါတယ်။
လူနာမှာတွေ့ရတဲ့ တုံ့ပြန်မှုက ကာကွယ်ဆေးနဲ့ ဆက်စပ်မှု ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ဆိုပြီး လေ့လာစမ်းသပ်မှုကို ရပ်နားထားခဲ့တာလို့ အက်စထရာ ဇန်နကာ ကုမ္ပဏီက ပြောပါတယ်။
ဒါပေမဲ့ စနေနေ့မှာတော့ ဆက်စမ်းသပ်ဖို့ စိတ်ချလောက်တဲ့ အခြေအနေ ရှိတယ်လို့ အောက်စဖို့ဒ် တက္ကသိုလ်က ပြောပါတယ်။
အဲဒီကာကွယ်ဆေးဟာ နိုင်ငံတကာက စမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေး ဒါဇင်ချီ ရှိနေတဲ့ထဲက အတော်အလားအလာကောင်းတဲ့ဆေးလို့ မြင်ထားကြတဲ့ ဆေးဖြစ်ပါတယ်။
လူအများအပြားပါဝင်တဲ့ ဒီလို စမ်းသပ်မှုတွေထဲမှာ အခုလို လူနာတချို့ နေမကောင်း ဖြစ်တာ ကြုံရနိုင်တယ်လို့ ကြိုတင်တွက်ဆထားပြီးသား ဖြစ်တယ်လို့ အောက်စဖို့ဒ် တက္ကသိုလ်က ပြောပါတယ်။
ဒါ့အပြင် လုံခြုံစိတ်ချရမှုအပေါ် ပြင်ပက သီးခြားလေ့လာသုံးသပ်တဲ့ ကော်မတီနဲ့ ယူကေ ဆေးဝါးနဲ့ကျန်းမာရေး ကြီးကြပ်မှု အေဂျင်စီတို့ရဲ့ ထောက်ခံချက်တွေနဲ့ ပြန်စမှာ ဖြစ်တယ်လို့လည်း အောက်စဖို့ဒ် တက္ကသိုလ်က ပြောပါတယ်။
ကာကွယ်ဆေးဘယ်တော့ ရမလဲ
ကာကွယ်ဆေး ၁၄၀ က စမ်းသပ်ထုတ်လုပ်မှု အစောပိုင်း အဆင့်မှာ ရှိပြီး ၂၅ ခု လောက်ကတော့ လူတွေနဲ့ စမ်းသပ်တဲ့ အဆင့်ကို ရောက်နေပါပြီ။
အောက်စဖို့ဒ် တက္ကသိုလ်က စမ်းသပ်ထုတ်လုပ်တဲ့ ဆေးကတော့ ဆေးစမ်းသပ်မှု နောက်ပိုင်းအဆင့်ကို ရောက်နေပါပြီ။
ကာကွယ်ဆေး စမ်းသပ်ခံသူ ၁၈၀ လောက် ကမ္ဘာတစ်ဝန်းမှာ ရှိနေပြီး အခုထိတော့ တစ်ယောက်မှ လေ့လာစမ်းသပ်ခံမှု မပြီးဆုံးသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောထားပါတယ်။
ကာကွယ်ဆေး စိတ်ချရမှုအတွက် စမ်းသပ်ဖို့က အချိန်ယူရတာ ဖြစ်တဲ့အတွက် ဆေးအာနိသင်ရဖို့နဲ့ စိတ်ချရမှု လမ်းညွှန်တွေ ဒီနှစ်ထဲမှာ အတည်ပြုပေးနိုင်ဖို့ မမျှော်လင့်ထားဘူးလို့ WHO က ပြောပါတယ်။
ဒီလို အခြေအနေတွေကြားမှာပဲ တရုတ်နဲ့ ရုရှားတို့ကတော့ ပြည်တွင်းထုတ် ကာကွယ်ဆေးတွေကို အဓိက လုပ်ငန်းခွင်တွေက ဝန်ထမ်းတွေကို စထိုးပေးနေပါပြီ။ အဲဒီဆေးတွေအကုန်လုံးဟာ လူသားနဲ့ စမ်းသပ်နေဆဲအဆင့်လို့ WHO မှာ စာရင်းသွင်းခံထားရတဲ့ ဆေးတွေ ဖြစ်ပါတယ်။
အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တတိယအဆင့် စမ်းသပ်မှုတွေ မပြီးသေးခင် အတည်ပြုပေးကောင်း အတည်ပြုနိုင်တဲ့သဘောပြောထားပါတယ်။