ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ အမျိုးသမီးတွေ ကိုဗစ်ပိုဖြစ်
အိန္ဒိယနိုင်ငံ မြို့ တော် ဒေလီမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်ဆိုတာကို လေ့လာမှု တခုမှာ တွေ့ရှိခဲ့ပါတယ်။
ဒေသခံတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေ ရှိမရှိ ဒုတိယ အကြိမ် စမ်းသပ်စစ်ဆေးခဲ့ရာမှာ အခုလို တွေ့ရှိခဲ့တာပါ။
သွေးနမူနာ စမ်းသပ်ခဲ့တဲ့ ဒေသခံ ၁၅,၀၀၀ ကျော်ရဲ့ သုံးပုံတပုံလောက်ဟာ ကိုဗစ်-၁၉ ပဋိပစ္စည်းတွေ ရှိနေတယ်ဆိုတာကို အစိုးရရဲ့ ဒီလေ့လာမှုကနေ သိရှိခဲ့ပါတယ်။
တနည်းအားဖြင့် အဲဒီလူဦးရေ သုံးပုံ တပုံလောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ဒါမှမဟုတ် ကူးစက်ခံဖူးသူတွေ ဖြစ်ပါတယ်။
ဇူလိုင်လတုန်းက လုပ်ခဲ့တဲ့ ပထမတကြိမ် လေ့လာမှုမှာတော့ သွေးနမူနာ စစ်ဆေးခဲ့တဲ့ လူတွေရဲ့ ၂၃.၄၈ ရာခိုင်နှုန်းမှာပဲ ပဋိပစ္စည်းတွေ ရှိခဲ့တာပါ။
လက်ရှိအချိန်ထိ ဒေလီမြို့မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူ ၁၅၀,၀၀၀ ကျော် ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၄,၂၅၇ ဦး ရှိပါတယ်။
ဩဂုတ်လ အစောပိုင်းမှာ လုပ်ခဲ့တဲ့ အခုနောက်ဆုံး လေ့လာမှုမှာတော့ ဒေလီမြို့တော်မှာ အမျိုးသမီး ၃၂.၂ ရာခိုင်နှုန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေ ရှိနေပြီး ပဋိပစ္စည်းတွေ့ရသူ အမျိုးသားကတော့ ၂၈.၃ ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။
အခုလို ဘာကြောင့်ဖြစ်နေသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ လောလောဆယ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အားလုံးခြုံငုံကြည့်ရင်တော့ စမ်းသပ်စစ်ဆေးခဲ့တဲ့ လူတွေရဲ့ ၂၉ ရာခိုင်နှုန်းဟာ ပဋိပစ္စည်းတွေ ရှိနေတယ်ဆိုတာ တွေ့ရှိခဲ့တာပါ။
ဒါဟာ လူဦးရေ သန်း ၂၀ ရှိတဲ့ ဒေလီမြို့တော်မှာ ၆ သန်းနီးပါးမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပြီး ပြန်လည် သက်သာလာတယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ဒီရောဂါပိုးကို မြို့ခံတွေ အစုလိုက်ရောဂါခုခံနိုင်စွမ်း ရှိသွားတဲ့ အဆင့်ထိ ရောက်ဖို့ တော့ လိုပါသေးတယ်လို့ ဒေလီမြို့တော် ကျန်းမာရေးဝန်ကြီး ဆက်တန်ဒရာ ဂျိန်း က ပြောပါတယ်။
ဗိုင်းရပ်စ်ကို အစုလိုက်ရောဂါခုခံနိုင်စွမ်း ရှိသွားတဲ့ လူဦးရေက လိုအပ်တဲ့ အရေအတွက်ထိ ရောက်သွားပြီဆိုရင် အဲဒီလူထုကြားမှာ ဒီရောဂါပိုးကို ခံနိုင်သွားပြီး ရောဂါ ဆက်လက်မပြန့်ပွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
"လူဦးရေ ၂၉ ရာခိုင်နှုန်းလောက်ဟာ ပြန်လည် သက်သာလာပြီး ဗိုင်းရပ်စ်ပိုးကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေ ရှိလာတယ်ဆိုတာ ကောင်းပါတယ်။
ပထမတကြိမ် စမ်းသပ်တုန်းကတော့ လူဦးရေ ၂၃ ရာခိုင်နှုန်းမှာပဲ တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ ၄၀ရာခိုင်နှုန်း နဲ့ ၇၀ရာခိုင်နှုန်း ကြား ဒေသခံတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပဋိပစ္စည်းတွေ တွေ့ရှိမှသာ လူထုကြား ဒီဗိုင်းရပ်စ်ပိုးကို ခံနိုင်ရည် ရှိသွားပြီး ရောဂါပိုး ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မှာပါ" လို့ မစ္စတာ ဂျိန်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒီလိုမျိုး အလားတူ လေ့လာဆန်းစစ်မှုတွေကို နိုင်ငံအနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ခံနေရတဲ့ မွန်ဘိုင်းမြို့နဲ့ ပူနမ်မြို့တို့မှာလည်း လုပ်ခဲ့ပြီး စမ်းသပ်စစ်ဆေးခဲ့သူတွေရဲ့ ၄၀ရာခိုင်နှုန်းကျော်ဆီမှာ ဗိုင်းရပ်စ်ပိုးကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေ ရှိနေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။
ပူနမ်မြို့မှာတော့ စမ်းသပ်ခဲ့သူ ထက်ဝက်ကျော်ဆီမှာ ပဋိပစ္စည်းတွေ ရှိနေတာပါ။
ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုအကြောင်း အာဏာပိုင်တွေ ပိုပြီး နားလည် သဘောပေါက်လာအောင် အထောက်အကူပြုတဲ့အတွက် ဒီလေ့လာမှုတွေဟာ အင်မတန် အရေးပါတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်စစ်ဆေးတဲ့ နေရာတွေ ပိုပြီး များပြားလာဖို့နဲ့ သတ်မှတ်ထားတဲ့ နယ်မြေမှာ ကန့်သတ်ပိတ်ဆို့မှု မူဝါဒတွေ ချနိုင်ဖို့အတွက် ဒီလေ့လာမှုတွေက လမ်းညွှန်ပြသပေးနေတယ်လို့လည်း ဆိုပါတယ်။
ဒေလီမြို့တော်ဟာ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ခံခဲ့ရတဲ့ မြို့တမြို့ ဖြစ်ပြီး ဇွန်လ ပထမ သီတင်းပတ် နှစ်ပတ်မှာ ဆေးရုံကုတင် ရှားပါးမှု ပြဿနာတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။
ဒါပေမဲ့ အဲဒီနောက်ပိုင်းကတည်းက အခြေခံ ဆေးရုံ ဝန်ဆောင်မှု စနစ်တွေ ကောင်းလာခဲ့ပြီး နေ့စဉ် ဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေကလည်း လျော့ကျလာခဲ့ပါတယ်။