ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် ကာကွယ်ဆေး စမ်းသပ်မှုပြီးရင် အခမဲ့ပေးဖို့ ဩစတြေးလျမှာ အာမခံ
ဩစတြေးလျအစိုးရက သူတို့နိုင်ငံအနေနဲ့ အလားအလာကောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လက်လှမ်းမီရရှိနိုင်မယ်လို့ ဆိုသလို သူ့နိုင်ငံသား ၂၅ သန်း လုံးအတွက် အခမဲ့ထိုးပေးဖို့လည်း လုပ်ပေးနိုင်မယ်လို့ ပြောပါတယ်။
ဒီကာကွယ်ဆေးကို အက်စ်ထရာဇန်နီကာ (AstraZeneca) ဆေးဝါးကုမ္ပဏီနဲ့ အောက်စဖို့ဒ် တက္ကသိုလ်တို့က ပူးပေါင်းထုတ်လုပ်နေကြတာပါ။
လူသားတွေနဲ့ကာကွယ်ဆေးကို စမ်းသပ်တဲ့အဆင့်တွေ အောင်မြင်သွားပြီဆိုရင် AstraZeneca ကုမ္ပဏီနဲ့ သဘောတူထားတဲ့အတိုင်း ဖြစ်လာပြီး "ဩစတြေးလျ ပြည်သူတိုင်းအတွက် စောစောစီးစီးပဲ" အဲဒီကာကွယ်ဆေးကို ရနိုင်မယ်လို့ ဝန်ကြီးချုပ် စကော့ မောရစ်ဆန်က ပြောပါတယ်။
ကာကွယ်ဆေးကို မထိုးမနေရထိုးကြဖို့ လုပ်ရနိုင်ဖွယ်ရှိတယ်လို့လည်း မစ္စတာ မောရစ်ဆန်က ပြောပါတယ်။
ဩစတြေးလျမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးပါးရသူ ၄၅၀ ဦး ရှိပြီး ရောဂါအများဆုံး ပြန့်ခဲ့တဲ့ ပြည်နယ်က ဗစ်တိုးရီးယား ပြည်နယ်ပါ။
ဒီလ အစောပိုင်းတုန်းက ဗစ်တိုးရီးယားပြည်နယ်မှာ ရောဂါဖြစ်သူအရေအတွက် ထိုးတက်လာခဲ့တဲ့နောက် ကပ်ဘေး အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး တင်းကျပ်တဲ့ လော့ခ်ဒေါင်း စည်းမျဉ်းတွေ ချမှတ်ခဲ့ရပါတယ်။
အခုအချိန်ထိ ရောဂါပိုးရှိသူ အဲဒီမှာ ၇, ၀၀၀ ကျော်ရှိနေသေးပါတယ်၊ ဒါပေမဲ့ ရောဂါဖြစ်သူ လူနာအသစ် တွေ့ရမှုက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ကျဆင်းလာခဲ့ပါတယ်။
ဩစတြေးလျမှာ ထုတ်လုပ်မယ် ဆိုတဲ့ ကတိ
ကိုရိုနာကာကွယ်ဆေး ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး လူတွေနဲ့ စမ်းကြည့်တဲ့ အဆင့်မြင့်မြင့်ထိ တက်လှမ်းလာနိုင်တဲ့ စမ်းသပ် ကာကွယ်ဆေးမျိုးပေါင်းက ကမ္ဘာမှာ ၅ မျိုးရှိပြီး ဒီ Oxford/AstraZeneca ကာကွယ်ဆေးက အဲဒီဆေးတွေထဲမှာ ပါပါတယ်။ ကမ္ဘာအနှံ့က နိုင်ငံတွေကလည်း သူတို့ နိုင်ငံသားတွေအတွက် ကာကွယ်ဆေး လုံလုံလောက်လောက် ရနိုင်ဖို့ ကြိုးစားနေကြတာပါ။
"ဒီ ကာကွယ်ဆေး (စမ်းသပ်လို့) အောင်မြင်ပြီဆိုတာနဲ့ ကျွန်တော်တို့ ကိုယ်ပိုင် အမြန်နှုန်းနဲ့ ချက်ချင်း ထုတ်လုပ် ဖြန့်ချိသွားမှာဖြစ်ပြီး၊ ဩစတြေလျနိုင်ငံသား ၂၅ သန်းအတွက် အခမဲ့ ဖြစ်စေရမယ်" လို့ မစ္စတာ မောရစ်ဆန်က ပြောပါတယ်။
တတိုင်းပြည်လုံးအတွက် ကာကွယ်ဆေး ပေးဖို့ ကုန်ကျငွေကိုတော့ အခုထိ မတွက်ချက်ရသေးပါဘူး။ ဩစတြေးလျအစိုးရဟာ အမေရိကန် ဆေးဝါးကုမ္ပဏီ ဘက်ခ်တန် ဒစ်ကင်ဆန် (Becton Dickinson) နဲ့လည်း ဆေးထိုးပြွန်၊ ဆေးထိုးအပ် အရေအတွက်ပေါင်း သန်း ၁၀၀ ရဖို့ ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိတဲ့ စာချုပ်ချုပ်ထားပါတယ်။
ကိုရိုနာကာကွယ်ဆေးနဲ့ပတ်သက်လို့တော့ ဩစတြေးလျအနေနဲ့ AstraZeneca နဲ့ စာချုပ်ချုပ်တာက ပထမဆုံးပါ။
တကယ်လို့ စမ်းသပ်တာတွေ အောင်မြင်ပြီဆိုရင် နောင်နှစ် အစောပိုင်းလောက်မှာ ကာကွယ်ဆေးကို ရနိုင်မယ်လို့ သူမျှော်လင့်တဲ့အကြောင်း မစ္စတာ မောရစ်ဆန်က ပြောပါတယ်။
ကာကွယ်ဆေးက မထိုးမနေရ ဖြစ်လာမှာလား
မစ္စတာ မောရစ်ဆန်က ကာကွယ်ဆေးအောင်အောင်မြင်မြင်ရပြီ ဆိုရင် "သင့်အနေနဲ့ ထိုးဖို့ဖြစ်နိုင်ပြီ ဆိုတာနဲ့ မဖြစ်မနေ ထိုးဖို့လိုမယ်" လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ကတော့ ဒီကိစ္စ အတွက် မူချမှတ်ပေးရဦးမှာပါ။
"ကာကွယ်ဆေးတိုင်းမှာ ကိုယ့်ကျန်းမာရေးသီးခြားအခြေအနေတွေအရ မထိုးဘဲ ကင်းလွတ်ခွင့်တွေ ရှိတတ်ပါတယ်၊ ဒါပေမဲ့ အဲဒါမျိုးမှာပဲ ကင်းလွတ်ခွင့်ရှိမှာပါ" လို့ သူက 3AW ရေဒီယို သတင်းဌာနနဲ့ ပြောရာမှာ ထည့်သွင်းပြောသွားပါတယ်။
"ကျွန်တော်တို့ဟာ ကမ္ဘာ့နိုင်တွေရဲ့ စီးပွားရေးတွေကို ဖျက်ဆီးထားပြီး ဩစတြေလျ ပြည်သူ ၄၃၀ ကျော် ရဲ့ အသက်နဲ့ ကမ္ဘာတလွှားက ပြည်သူ သိန်းပေါင်းများစွာရဲ့ အသက်ကို ဆုံးရှုံးစေခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါ အကြောင်းကို ပြောနေကြတာပါ။"
နိုင်ငံလူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ နိုင်ငံအနေနဲ့ ရည်ရွယ်ထားကြောင်းလည်း သူက ထည့်ပြောသွားပါတယ်။