မိသားစုဝင်တွေ အိမ်ပြန်အလာကို မျှော်နေကြတဲ့ ကက်ရှ်မီးယားပြည်သူတွေ

ဓာတ်ပုံ ရင်းမြစ်, Mukhtar Zohoor
အိန္ဒိယနိုင်ငံ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်း ပေးထားကို အိန္ဒိယ အစိုးရက ၂၀၁၉ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ ပယ်ဖျက်ခဲ့ပြီး အဲဒီလိုမလုပ်ဆောင်ခင်မှာ အဲဒီပြည်နယ်တွေက လူပေါင်း ထောင်နဲ့ချီကို အိန္ဒိယ ဗဟိုအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
နောက်တနှစ်အကြာမှာတော့ ဖမ်းဆီးထိန်းသိမ်းထားသူ အများစုကို ကြီးလေးတဲ့ ပြစ်မှုတွေနဲ့ တရားစွဲဆိုခဲ့ပြီး အိန္ဒိယနိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲမှာ ဆက်လက်ထိန်းသိမ်းထားပါတယ်။ ဒီအကြောင်းကို ဘီဘီစီ ဟိန္ဒူဘာသာစကား ဌာနက Majid Jahangir က သတင်းပေးပို့ထားပါတယ်။
ဩဂုတ်လ ၆ ရက်နေ့ညက တက်စ်လီမာ ဝါနီ နဲ့ သူ့မိသားစုဝင်တွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းအိမ်ရှေ့တံခါးကို တဒုန်းဒုန်း ထုနေတဲ့ အသံအကျယ်ကြီး ထွက်လာပါတယ်။
ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်မှာ အထူးနိုင်ငံရေးအာဏာတွေ ပေးဖို့ ဖွဲ့စည်းပုံအခြေခံပါ ပြဋ္ဌာန်းချက်ကို ဒေလီမြို့မှာ ရှိတဲ့ အိန္ဒိယ အစိုးရက ရုပ်သိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံး အံအားသင့်ခဲ့ပြီးတဲ့နောက် တရက်အကြာမှာ အဲဒီလို ကြုံခဲ့ရတာပါ။
အဲဒီအငြင်းပွားစရာဖြစ်နေတဲ့ ဒေသတွေမှာ လူထုကြား သဘောထားကွဲပြားတာတွေလည်းဖြစ်လာသလို အရင်က မကြုံရဖူးတဲ့ ညမထွက်ရ အမိန့် ချမှတ်ခံရတာ၊ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံရတာတွေ ဖြစ်လာပါတယ်။
"စစ်တပ်နဲ့ ရဲ ပေါင်းထားတဲ့ ပူးတွဲလုံခြုံရေးတပ်တွေ ရောက်လာပြီး တခါးဖွင့်ပေးဖို့ အော်ပြောတယ်။ အင်မတန် ထိတ်လန့်ကြောက်ရွံဖို့ ကောင်းတယ်" လို့ မစ္စဝါနီက ပြောပါတယ်။
"ကျွန်မကို အိမ်ထဲ ဝင်ခိုင်းတယ်။ ကျွန်မ သားနှစ်ယောက်လုံးကို အိမ်ပြင်က မြက်ခင်းပြင်ကို ခေါ်သွားပြီး ၁၅ မိနစ်လောက် စစ်ဆေးတယ်။ ပြီးတော့ သူတို့ထွက်သွားကြတယ်။"
ဒါပေမဲ့ ခဏကြာတော့ သူတို့ပြန်လာကြပြီး ၁၉ နှစ်အရွယ် မစ္စ ဝါနီ သားကြီး နဒီးမ်ကို အိမ်နီးချင်းတယောက်အိမ် လိုက်ပြခိုင်းတယ်။ မစ္စဝါနီတယောက် သူ့သားကို အဲဒီညက နောက်ဆုံးတွေ့လိုက်ရတာပါ။
သူ့ကို ရဲစခန်းခေါ်သွားပြီး ဖမ်းထားလိုက်တယ်။ နောက်တော့ ကီလိုမီတာ ၁,၀၀၀ (၆၂၀ မိုင်) ကျော် ဝေးတဲ့ အူတာ ပရာဒက်ရှ်ပြည်နယ်က အကျဉ်းထောင်တခုဆီ လွှဲပြောင်းလိုက်ပါတယ်။
ဘီဘီစီက တွေ့မြင်ခဲ့တဲ့ တရားဝင် ရုံးလွှဲစာတစောင်မှာတော့ နဒီးမ် ဝါနီကို လက်နက်ကိုင်အဖွဲ့အစည်းကို ကူညီထောက်ပံ့နေသူ "Over Ground Worker" တဦး အဖြစ် ရဲတပ်ဖွဲက စွပ်စွဲထားပါတယ်။ အဲဒီလူတွေဟာ လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်ရေးမဟုတ်တဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍတွေ လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ လုံခြုံရေးတပ်တွေက ယူဆပါတယ်။
၂၀၁၄ ရွေးကောက်ပွဲတွေမှာ ပူးပေါင်းမပါဝင်ကြဖို့ လူထုကို လှုံ့ဆော်တဲ့ နံရံကပ် ကြေညာ (ပိုစတာ)တွေ လိုက်ကပ်တာ အပါအဝင် တခြားပုဒ်မတွေနဲ့လည်း သူတရားစွဲဆိုခံခဲ့ရပါတယ်။ အဲဒီ့အချိန်တုန်းက သူ့အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။
"ကျွန်မသားအကြောင်း ကျွန်မ သိတယ်။ သူဟာ လက်နက်ကိုင်အဖွဲ့ဝင် မဟုတ်ဘူး။ တရားမဝင်အလုပ်တွေကို ဘယ်တော့မှ မလုပ်ဘူး။ သူ့ကို လွှတ်ပေးဖို့ အစိုးရကို ကျွန်မ အနူးအညွတ် တောင်းပန်ချင်တယ်" လို့ မစ္စဝါနီက ပြောပါတယ်။
သူ့ခင်ပွန်း မိုဟာမက် အာရှရွပ်ဖ် ဝါနီ တယောက်ပဲ သားဖြစ်သူ နဒီးမ် ထောင်ကျနေတဲ့ တနှစ်လုံးမှာတကြိမ်သာ တွေ့ခွင့်ရခဲ့ပါတယ်။
အဲဒီ ဒေသတွင်းမှာ ဩဂုတ်လ ၅ ရက်မတိုင်ခင်နဲ့ ဒီနောက်ပိုင်း သီတင်းပတ်တွေနဲ့ချီ ဆက်ရှိခဲ့တဲ့ စစ်ဆင်ရေးကြီးတခုအတွင်း နဒီးမ်လိုပဲ ကက်ရှ်မီးယားပြည်သူ ထောင်နဲ့ချီ အဖမ်းခံခဲ့ရပါတယ်။
ဆန္ဒပြပွဲတွေ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွှယ်ပတ်သက်နေတယ်လို့ စွပ်စွဲပြီး နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ ရှေ့နေတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တခြားပြည်သူတွေကို ဖမ်းဆီး ထောင်ချတာတွေ ရှိသလို နေအိမ်အကျယ်ချုပ် ထားတာတွေလည်း ရှိပါတယ်။
အဲဒီလို ဖမ်းဆီးခံထားရသူတွေထဲမှာဒေသဆိုင်ရာ ဝန်ကြီးချုပ်ဟောင်း သုံးဦးလည်း ပါပြီး သူတို့ထဲက တဦးကိုတော့ နေအိမ်အကျယ်ချုပ် ချထားပါတယ်။
ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ အိန္ဒိယမှာရော ပြည်ပမှာပါ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပေမယ့် ဒီဒေသမှာ ဥပဒေနဲ့ အမိန့်အာဏာ စိုးမိုးဖို့အတွက် ဒီလိုဖမ်းဆီးမှုတွေ လုပ်ဖို့လိုတယ်လို့ အစိုးရက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်းမှာလည်း အဲဒီဒေသတွေအတွင်း အစိုးရက စစ်အင်အားတွေ တိုးချထားခဲ့တာပါ။

PSA လို့ခေါ်တဲ့ အငြင်းပွားဖွယ် ပြည်သူလူထု ဘေးကင်းလုံခြုံမှု ဥပဒေနဲ့ နဒီးမ်အပါအဝင် အများအပြား အဖမ်းခံခဲ့ရပါတယ်။
ဒီဥပဒေအရ တရားရုံးမှာ တစုံတရာ စွဲချက်တင် စွဲဆိုစရာ မလိုပဲ ၂ နှစ်အထိ ဖမ်းဆီးထိန်းသိမ်းခွင့် ပြုထားပါတယ်။
ဒီစစ်ဆင်ရေးကြီးအတွင်း ကက်ရှ်မီးယား ပြည်သူ ဘယ်လောက်များများ ထိန်းသိမ်းခံထားရတယ် ဒါမှမဟုတ် ထောင်ချခံထားရလဲဆိုတာကို အတိအကျ မသိနိုင်ပါဘူး။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က လွှတ်တော်မှာ အစိုးရ ပြောသွားတာကတော့ ကာကွယ်တားဆီးတဲ့အနေနဲ့ လူပေါင်း ၅,၁၆၁ ဦးကို ဩဂုတ်လ ၄ ရက် နောက်ပိုင်းကတည်းက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လူထုဘေးကင်းလုံခြုံရေး ဥပဒေ (PSA) နဲ့ လူဘယ်နှယောက် တရားစွဲဆိုခံထားရတယ်၊ ဘယ်နှယောက် အခုထိ အကျဉ်းချခံထားရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မပြောပါဘူး။
ပျောက်နေတဲ့ သားသမီးတွေရဲ့ မိဘတွေ ဖွဲ့စည်းထားတဲ့ အရပ်ဖက်အဖွဲ့အစည်းတခုက ရတဲ့ ၂၀၁၉ ခုနှစ် တရားရုံးမှတ်တမ်းတွေအရ ပြည်သူလူထု ဘေးကင်းလုံခြုံရေး ဥပဒေ (PSA) နဲ့ ထိန်းသိမ်းထားတာကို လွှတ်ပေးဖို့ တောင်းဆိုလွှာ ၆၆၂ စောင်ရှိကြောင်း သိရပါတယ်။
အဲဒီထဲက အများစုဖြစ်တဲ့ ၄၁၂ ဦးကို ဩဂုတ်လ ၅ ရက်နေ့ နောက်ပိုင်းမှာ အမှုဖွင့်ခဲ့တာပါ။
ဖမ်းဆီးမှု သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီက ကက်ရှ်မီးယားရဲအုပ် ဗီဂျေ ကူမာ (Vijay Kumar) ကို မေးခဲ့ပေမယ့် "ထိလွယ်ရှလွယ်တဲ့ ဒီလိုမျိုး သတင်းအချက်အလက်တွေကို" မပေးနိုင်ဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကြောက်စိတ်တွေ ပေါ်လာအောင် ရည်ရွယ်ပြီး ဒီလို ဖမ်းဆီးထိန်းသိမ်းတာလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲပါတယ်။
"ဒီဖမ်းဆီးမှုတွေက ပြည်သူတွေ ပါးစပ်ပိတ်သွာအောင် လုပ်တာပါ။ လူထုဘေးကင်းလုံခြုံရေး ဥပဒေ (PSA) နဲ့ လူအများအပြား အဖမ်းခံခဲ့ရပါတယ်။ တချို့လည်း ပြန်လွတ်လာကြပါပြီ။ ဘယ်သူမှ အိမ်ပြင် ထွက်မလာကြအောင်နဲ့ ဥပဒေသစ်ကို ဆန္ဒမပြအောင် အစိုးရက စနစ်တကျ လုပ်တာ" လို့ ဆရီနာဂါ အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပါဗစ်ဇ် အမ်ရော့ဇ် (Parvaiz Imroz) က ပြောပါတယ်။
ဆရီနာဂါ အခြေစိုက် သတင်းထောက်လည်းဖြစ် နိုင်ငံရေး အစီအစဉ်ထုတ်လွှင့်သူလည်းဖြစ်တဲ့ ဟာရွန် ရက်ရှီ (Haroon Reshi) ကလည်း ဒါကိုသဘောတူပါတယ်။
"ဩဂုတ်လ ၅ ရက်နေ့မှာ လုပ်လိုက်တာက ကြီးမားတဲ့ ဖြစ်ရပ်တခုပါ။ ပြည်သူတွေ မကျေမချမ်းဖြစ်လာနိုင်တယ် အမျက်ဒေါသထွက်လာနိုင်တယ်ဆိုတာကိုလည်း အစိုးရက သိပါတယ်။ သူတို့ကို အာခံတဲ့ အတိုက်အခံလုပ်တဲ့ အသံတွေကိုလည်း အစိုးရက မကြားချင်ပါဘူး" လို့ သူက ဆိုပါတယ်။
ပြန်လွတ်လာသူတွေကလည်း သူတို့ အဖမ်းခံခဲ့ရတုန်းက ဒုက္ခတွေကို ဖွင့်ဟကြပါတယ်။
ကက်ရှ်မီးယားရက် (Kashmiryat) ဒေသတွင်း အွန်လိုင်း သတင်းစာမျက်နှာရဲ့ အယ်ဒီတာ ကာမာ ဇာမန် ကာဇီ ဆိုရင်လည်း တွစ်တာပေါ်က သူ့ရဲ့ ရေးသားချက်တချို့ကို ရှင်းပြဖို့ ဆင့်ခေါ်ခံရပြီးနောက်ပိုင်း ရက်ပိုင်းအကြာမှာ အဖမ်းခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mukhtar Zohoor
ဩဂုတ်လ ၅ ရက်နေ့ မတိုင်ခင် ရက်ပိုင်းတွေကတည်းက ကက်ရှ်မီးယားပြည်နယ်မှာ စစ်အင်အား အလုံးအရင်း ချထားပါတယ်။အဲဒါ မတိုင်မီအထိ အစိုးရက ဘာလုပ်လာမလဲဆိုတဲ့ အရိပ်အယောင်တခုမှ မပြခဲ့ပါဘူး၊ ဒီ လုပ်ငန်းစဉ်ကြီးတခုလုံးကို လျှို့လျှို့ဝှက်ဝှက် လုပ်ခဲ့ကြတာပါ။
စစ်အင်အားတိုးချဲ့ချထားမှုတွေနဲ့ ပတ်သက်လို့ ဇူလိုင်လ ၂၆ ရက်နေ့က မစ္စတာ ကာဇီရဲ့ တွစ်တာမှာ ရေးသားချက်တွေကို သတိပြုမူခဲ့တဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တဦးက သူ့ကို နောက်တရက်မှာ ရဲစခန်းကို ဆင့်ခေါ်ခဲ့ပြီး ဖမ်းဆီးလိုက်ပါတယ်။ ဩဂုတ်လ ၈ ရက်နေ့မှာတော့ အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားပြည်နယ် မြို့တော်ဆရီနာဂါမြို့ရဲ့ ဗဟိုအကျဉ်းထောင်ကို လွှဲပြောင်းပေးခဲ့ပါတယ်။
" ကျွန်တော်တို့ကို ဝတ်လစ်စလစ် ချွတ်ထားခိုင်းတယ်။ မလုပ်နိုင်ဘူးလို့ ငြင်းဆန် ကြိုးစားပေမယ့် မရပါဘူး။" လို့ သူက ပြောပါတယ်။
သူ့ကို လူထုဘေးကင်းလုံခြုံရေး ဥပဒေ (PSA) နဲ့ စွဲချက်တင်ထားတဲ့အကြောင်း လာပြောတယ်လို့လည်း မစ္စတာ ကာဇီက ဆိုပါတယ်။ သူ့ကို အူတာ ပရာဒက်ရှ်ပြည်နယ်က ဘရေးလီ ဗဟိုအကျဉ်းထောင်ကို လွှဲပြောင်းခဲ့ပြန်ပါတယ်။
ထောင်ပြောင်းဖို့ စစ်လေယာဉ်ထဲကို တက်ခိုင်းတော့ ကျွန်တော်တို့ အူရဒူ ကဗျာဆရာ ဖဲဇ် အာမက် ဖဲဇ် (Faiz Ahmad Faiz) ရဲ့ တော်လှန်ရေးကဗျာ "Hum Dekhenge" "ဟမ်ဒေဂေ"ကို ဟစ်ကြွေးခဲ့ကြတယ်။
သူ့ကို ဘယ်မှာ ဖမ်းထားသလဲဆိုတဲ့ သတင်းအစအန ရှာမရတော့ မစ္စတာ ကာဇီရဲ့ မိသားစုဝင်တွေဟာ သူ့ကို လိုက်ရှာရင်း နိုင်ငံတွင်း အကျဉ်းထောင် ၄ ခုကို ရောက်ခဲ့ကြတယ်။ သူ့ကို ရှာတွေ့ဖို့ ၅၂ ရက်တောင် ကြာခဲ့တယ်။ သူတို့နဲ့ တွေ့တဲ့အချိန်ထိ ရဲစခန်းကို သွားတုန်းက သူဝတ်ခဲ့တဲ့ ရှပ်အင်္ကျီကိုပဲ သူဝတ်ထားဆဲပါ။
သူ့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမိန့်ကို ခရိုင်တရားသူကြီးတဦးက ပြန်လည်ရုပ်သိမ်းပေးလိုက်တဲ့အတွက် သူပြန်လွတ်လာပြီးတဲ့နောက် သူ့အိမ်မှာပဲ အပေါက်ပေါင်း ၁၁၉ ပေါက်နဲ့ စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ အဲဒီ တီ ရှပ်အင်္ကျီကို ပြပါတယ်။
"အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ထောင်ထဲမှာ စာရွက်နဲ့ ဘောပင် ကျွန်တော့်ကို လုံး၀ မပေးတာက အဆိုးဆုံးပါ။ ၉ လကြာ ထောင်ထဲမှာ ခံစားခဲ့ရတဲ့ နာကျင်မှုတွေ၊ လူရော စိတ်ပါ ထောင်းထောင်းကြေခဲ့ရတဲ့ အခြေအနေတွေကို မှတ်တမ်းတင်ထားချင်တာ" လို့လည်း သူက ပြောပါတယ်။
သူရေးခဲ့တဲ့ သတင်းတခုကြောင့် ဒီသတင်းပတ် အစောပိုင်းမှာ မစ္စတာ ကာဇီ ထပ်အဖမ်းခံခဲ့ရပါတယ်။
ဩဂုတ်လ ၆ ရက်နေ့နောက်ပိုင်း အာမခံ လျှောက်ထားဖို့ သူ့မိသားစုကို အာဏာပိုင်တွေက အသိပေးထားပါတယ်။
အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေချိန်မျိုးမှာ သူတို့ချစ်ခင်ရတဲ့ သွေးသားတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်လို့ နိုင်ငံတဝန်း မိသားစုပေါင်း ထောင်နဲ့ချီ ပူပန်သောကရောက်နေကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Mukhtar Zohoor
အဲဒီလို စိတ်ပူပန်နေသူတွေထဲ ၂၀၁၉ ဩဂုတ်လ ၈ ရက်နေ့က ရဲစခန်းကိုသွားပြီး ကိုယ်တိုင်အဖမ်းခံခဲ့တဲ့ ဝါဆီးမ် အာမက် ရှိခ်ရဲ့ မိခင်လည်း ပါပါတယ်။
အဲဒီမတိုင်မီရက်က ညနက်သန်းခေါင်ကြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သူမရှိတုန်းမှာ သူ့အိမ်ကို လာရှာခဲ့ကြပါတယ်။
လက်နက်ကိုင် စစ်သွေးကြွတွေကို ကူညီခဲ့မှု၊ လုံခြုံရေးတပ်တွေကို ကျောက်ခဲနဲ့ပေါက်မှုတွေနဲ့ သူ့ကို စွပ်စွဲထားပါတယ်။
ဝါဆီးမ်ကိုလည်း ဝေးလံတဲ့ အူတာပရာဒက်ရှ် ပြည်နယ်က အကျဉ်းထောင်တခုဆီ လေယာဉ်နဲ့သယ်ပြီးပို့ခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်းကတည်းက သူ့မိသားစုဝင်တွေ သူ့ကို သွားမတွေ့နိုင်ကြတော့ပါဘူး။
သူ့မိခင် ဆာရာ ဘီဂမ်ကတော့ သူတို့နှစ်ယောက် ပြန်မဆုံနိုင်သေးခင် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကြောင့် သူဖြစ်ဖြစ် သူ့သားဖြစ်ဖြစ် သေဆုံးသွားမှာကို ကြောက်ရွံနေမိတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ အတူတူပဲ သေချင်တယ်။ ကျွန်မ သိပ်ချစ်ရတဲ့ သားလေးနဲ့ မတွေ့ရတာ ၁၁ လရှိပြီ " လို့ ငိုယိုရင်း ပြောပါတယ်။ ကျွန်မသားကို ပြန်လွှတ်မပေးသေးဘူးဆိုရင်တောင် အနည်းဆုံးတော့ ကက်ရှ်မီးယားက အကျဉ်းထောင်တခုကို လွှဲပြောင်းပေးဖို့ အစိုးရဆီကို ကျွန်မ အသနားခံစာ တင်ထားပါတယ်။"








