ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဩစတေးလျက ဗစ်တိုးရီးယားပြည်နယ်မှာ ကိုရိုနာပိုးတွေ့ရှိသူ မြင့်တက်
ဩစတေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်က အဆိုးဆုံး အခြေအနေမှာ ရှိနေပြီး ဗိုင်းရပ်စ်ကူးစက်သူ ဦးရေလည်း တိုးလာနေပါတယ်။ ပြည်နယ် မြို့တော် မဲလ်ဘုန်းမြို့မှာ သီတင်း ၆ ပတ်ကြာ လော့ခ်ဒေါင်း လုပ်တာတောင် မထိရောက်ဘူး ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာ ကြာသပတေးနေ့က ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၇၂၃ ဦးတွေ့ခဲ့ပြီး သေဆုံးသူ ၁၃ ဦး ရှိခဲ့ပါတယ်။ ဒါဟာ ပိုးတွေ့ရှိသူ စံချိန်တင် အနေအထားထိ ရောက်ခဲ့တဲ့ တနင်္လာနေ့ကထက် ၃၆ ရာခိုင်နှုန်း ခုန်တက်ခဲ့တာ ဖြစ်ပါတယ်။
မဲလ်ဘုန်းမြို့မှာ ဇူလိုင်လ ၇ ရက်နေ့က စတင်ချမှတ်ခဲ့တဲ့ လော့ခ်ဒေါင်းချ ကန့်သတ်ပိတ်ဆို့မှုတွေ ကို ရက်ထပ်တိုး ချမှတ်ဖို့ လိုအပ်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်းထွက်ပေါ်လာနေပါတယ်။
အခုလိုမျိုး မြင့်တက်မှုတွေကြောင့် ဩစတေးလျနိုင်ငံတစ်ဝန်းမှာ ဒီကပ်ဘေးကြီးအတွင်း သေဆုံးသူ အများဆုံး နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
ဗိုင်းရပ်စ်ပိုး ရောဂါလက္ခဏာ ရှိသူတွေအနေနဲ့ ချက်ချင်း စမ်းသပ်စစ်ဆေးကြဖို့ ဗစ်တိုးရီးယားပြည်နယ် တာဝန်ရှိသူတွေက ပန်ကြားထားပါတယ်။
လော့ခ်ဒေါင်း ကန့်သတ်မှုတွေ ချမှတ်ထားပေမဲ့ သီးခြားခွဲနေရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာ ဒါမှမဟုတ် အချိန်မီ စမ်းသပ်စစ်ဆေးတာတွေ မလုပ်တဲ့ ဖျားနာသူတွေကြောင့် ဗိုင်းရပ်စ်ပိုး ဆက်လက် ပျံ့နှံ့နေတာ ဖြစ်တယ်လို့ ဗစ်တိုးရီးယားပြည်နယ် အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောထားပါတယ်။
"ရောဂါ လက္ခဏာ ရှိရင် တစ်ခုတည်းသော လုပ်စရာက စမ်းသပ်စစ်ဆေးဖို့ပါ"လို့ပြည်နယ် ဝန်ကြီးချုပ် ဒန်နီယယ် အန်ဒရူးက ပြောပါတယ်။
" အလုပ်ကို သွားလို့ မရပါဘူး။ ဗိုင်းရပ်စ်ကို လိုက်ဖြန့်နေ့သလို ဖြစ်ပါလိမ့်မယ်" လို့လည်း သူက ဆိုပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာ မကြာသေးခင် ကာလတွေအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နည်းပါးခဲ့တာကြောင့် အခြေအနေတွေ အကောင်းဘက်ကို ဦးတည်လာနေပြီဆိုတဲ့ မျှော်လင့်ချက်တွေလည်း ကြာသပတေးနေ့က တိုးလာတဲ့ ကိန်းဂဏန်းတွေကြောင့် ပျက်စီးသွားခဲ့ပါတယ်။
အိမ်ထဲမှာ နေကြဖို့ မဲလ်ဘုန်းမြို့ ရဲ့ ဒုတိယအကြိမ် ညွှန်ကြားချက်အရ ဒေသခံတွေဟာ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက် ဝယ်တာ၊ အလုပ်နဲ့ ကူညီစောင့်ရှောက်ရေး ကိစ္စရပ်တွေက လွဲလို့ အပြင်ကို ထွက်လို့ မရပါဘူး။
မဲလ်ဘုန်းမြို့ဟာ လူအများသွားလာကြတဲ့နေရာတွေကို ထွက်ရင် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ကြဖို့ ဩစတေးလျနိုင်ငံမှာ ပထမဆုံး ညွှန်ကြားထားတဲ့ မြို့ပါ။ ဒီညွှန်ကြားချက်ကို တနင်္လာနေ့ကစပြီး ဗစ်တိုးရီးယားပြည်နယ်တစ်ခုလုံး အထိ ချဲ့ထွင်ချမှတ်သွားမှာပါ။
အခုနောက်ဆုံးတွေ့ရှိခဲ့တဲ့ ကိန်းဂဏန်းတွေအရ ဗိုင်းရပ်စ်ပိုးဟာ မဲလ်ဘုန်းမြို့အတွင်းက ဘိုးဘွားရိပ်သာတွေမှာ ရှိနေနိုင်တယ်လို့ ဝန်ကြီးချုပ် အန်ဒရူးက ပြောပါတယ်။ ပိုးတွေ့ရှိသူ ၆ ယောက်မှာ တစ်ယောက်က ဘိုးဘွားရိပ်သာတွေမှာ နေထိုင်သူတွေ ဒါမှမဟုတ် အဲဒီက ဝန်ထမ်းတွေနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာ သေဆုံးသူအများစုဟာ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။
ဩစတေးလျက တခြားပြည်နယ်တွေမှာ ဘယ်လိုကိုင်တွယ်ဆောင်ရွက်နေလဲ
ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ် စဖြစ်ပွားခဲ့တဲ့ အစောပိုင်းလတွေမှာ ဗိုင်းရပ်စ်ပိုးကို ထိထိရောက်ရောက် နှိမ်နှင်းနိုင်ခဲ့တာကြောင့် တခြားနိုင်ငံအများစုနဲ့ယှဥ်ရင် ဩစတေးလျနိုင်ငံဟာ ဗိုင်းရပ်စ်ကြောင့်ထိခိုက်သူ အရေအတွက် အတော်လေး နည်းပါးခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၆,၀၀၀ နဲ့ သေဆုံးသူ ၁၈၉ ဦး သာရှိပါတယ်။
ဒါပေမဲ့ ဇွန်လမှာ ဗိုင်းရပ်စ်ပိုး စပျံ့နှံ့ခဲ့တဲ့ မဲလ်ဘုန်းမြို့မှာတော့ လက်ရှိဇူလိုင်လ တစ်လထဲမှာတင် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇,၀၀၀ ကျော်သွားပြီ ဖြစ်ပြီး အဲဒီအရေအတွက်ဟာ ဒုတိယအကျော့လှိုင်း အဖြစ် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ချိန် ပိုးတွေ့ရှိသူ အရေအတွက်စုစုပေါင်း ရဲ့ ၉၅ ရာခိုင်နှုန်း ရှိနေပါတယ်။
ဗစ်တိုးရီးယားပြည်နယ်ကို သွားတဲ့ နယ်စပ်ဂိတ်တွေကို တခြားပြည်နယ်တွေ အားလုံးက ပိတ်ခဲ့ပြီး ပြီးခဲ့တဲ့လအတွင်းက အဲဒီ့တခြားပြည်နယ်တွေက ဒေသတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုက မရှိသလောက် ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့ ဆစ်ဒနီမြို့ကို လာလည်တဲ့ မဲလ်ဘုန်း ဒေသခံတွေဆီကနေ ဗိုင်းရပ်စ်ပိုးဟာ ဆစ်ဒနီထိ ပျံ့နှံ့သွားခဲ့ပါတယ်။
စားသောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေမှာ လူအများအပြား သွားရောက်မှုတွေကို လက်ရှိမှာ အာဏာပိုင်တွေကတားဆီးနေရပြီး ဆစ်ဒနီဟာ အရေးထားရမယ့် အနေအထားမှာ ရှိနေတယ်လို့ သတိပေးထားပါတယ်။
ဗိုင်းရပ်စ်ပိုး နောက်တစ်ကြိမ် ထပ်ပျံ့နှံ့မှာကို စိုးရိမ်တဲ့အတွက်ကြောင့် ဆစ်ဒနီမြို့က လာရောက်သူတွေကို အားလုံးကို ဝင်ခွင့်မပေးတဲ့ မြောက်ပိုင်းဒေသနဲ့ အနောက် ဩစတေးလျပြည်နယ်တွေလိုပဲ ကွင်းစလန်းပြည်နယ်ကလည်း ဗုဒ္ဓဟူးနေ့က စတင်ကာ ပိတ်ပင်ထားလိုက်ပြီ ဖြစ်ပါတယ်။