ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်-၁၉ က ဦးနှောက်အာရုံကြောကို ဘယ်လို ထိခိုက်နိုင်သလဲ
- ရေးသားသူ, ဇိုဝီ ကော်မီယာ
- ရာထူးတာဝန်, ဘီဘီစီ အနာဂတ်
- ရေးသားခဲ့သည်။
၂၀၂၀ ခုနှစ် မတ်လဦးပိုင်းတုန်းက ဂျူလီယာ ဟဲလ်မ်စ် အလုပ်လုပ်နေတဲ့ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း စတရာဘာ့ဂ်တက္ကသိုလ်ဆေးရုံရဲ့ ICU အထူးကြပ်မတ်ဆောင်ကို ရောက်လာတဲ့ လူနာ အနည်းအပါးလောက်သာ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာတင် အဲဒီ ICU ထဲက လူနာတိုင်းမှာ ကိုဗစ်-၁၉ ရောဂါ ရှိနေတာ တွေ့ခဲ့ရပါတယ်။ ဂျူလီယာ စိုးရိမ်ခဲ့တာက သူတို့တွေရဲ့ အသက်ရှူလမ်းကြောင်း ပြဿနာကိုတင် မဟုတ်ပါဘူး။
"လူနာတွေက အရမ်းကို ကတုန်ကယင် ဖြစ်နေကြပါတယ်။ အတော်များများက ဦးနှောက်အာရုံကြော ပြဿနာတွေ ရှိခဲ့ကြပြီး အထူးသဖြင့် စိတ်ရှုပ်ထွေး၊ ကယောင်ကတမ်းတွေ ဖြစ်ခဲ့ကြတာ တွေ့ရပါတယ်"
"ဒါဟာ သိပ်ကို ထူးဆန်းနေပါတယ်။ အတော်လေး ကြောက်စရာကောင်းခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီလူနာ အတော်များများက အသက် ၃၀ ပိုင်း၊ ၄၀ ပိုင်းတွေ ဖြစ်နေလို့ပါ။ ၁၈ နှစ် အရွယ် တစ်ယောက်တောင် ပါပါတယ်။
အာရုံကြောပြဿနာတွေ
ဂျူလီယာနဲ့ သူ့လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေဟာ ကိုဗစ်-၁၉ ရောဂါသည်တွေရဲ့ သိမြင်မှတ်ယူမှု လျော့ပါးလာတဲ့ ဝေဒနာတွေကအစ စိတ်ရှုပ်ထွေးမှုဝေဒနာအဆုံး အာရုံကြောပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေအကြောင်း လေ့လာချက်တစ်ခုကို နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ တင်ပြခဲ့ပါတယ်။
ဒါတွေအားလုံးဟာ ဦးနှောက်အာရုံကြောထိခိုက်တဲ့ လက္ခဏာတွေ ဖြစ်ပြီး ဖေဖော်ဝါရီလတုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်လူနာတွေမှာ ဒီလက္ခဏာတွေ ဖြစ်ခဲ့တာကို အဲဒီက သုတေသီတွေက သတိပြုမိခဲ့ကြပါတယ်။
အခုအခါ ကမ္ဘာတဝန်းက လေ့လာချက်ပေါင်း ၃၀၀ ကျော်အရ ကိုဗစ်-၁၉ ရောဂါသည်တွေမှာ ခေါင်းကိုက်တာ၊ အနံ့အရသာ ပျောက်တာ၊ ခြေလက် ထုံကျင်တာလို ရောဂါလက္ခဏာ အပျော့စားမျိုးတွေ၊ စကားမပြောနိုင်တော့တာ၊ လေဖြတ်တာ၊ သတိလစ်တာ စတဲ့ အပြင်းစား ရောဂါလက္ခဏာမျိုးတွေ အပါအဝင် အာရုံကြောထိခိုက်တဲ့ ဝေဒနာတွေ ခံစားခဲ့ရတာ တွေ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလို့ အများက သတ်မှတ်ထားပေမဲ့ ကျောက်ကပ်၊ အသည်း၊ နှလုံးနဲ့ ခန္ဓာကိုယ်တွင်းက အင်္ဂါအစိတ်အပိုင်းတိုင်းကိုလည်း အကြီးအကျယ် ထိခိုက်စေနိုင်တယ် ဆိုတဲ့ လေ့လာထားချက်တွေကို ဒီတွေ့ရှိချက်က ထပ်အားဖြည့် ပေးလိုက်တာပါ။
"ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဦးနှောက်အာရုံကြော ထိခိုက်မှုဟာ တခြားဗိုင်းရပ်စ်တွေထက် ပိုဆိုးသလား ဆိုတာကို ကျွန်တော်တို့ အသေအချာ မသိသေးပါဘူး။ ဒါပေမဲ့ ပိုဆိုးတယ် ဆိုတာကိုတော့ တော်တော်များများ တွေ့နေရပါတယ်" လို့ မီရှီကန်ပြည်နယ်၊ ဒက်ထရွုက်မြို့ ဟန်နရီဖို့ဒ်ဖောင်ဒေးရှင်းက ဦးနှောက် အာရုံကြောပညာရှင် အယ်လစ်ဆာ ဖိုရီက ပြောပါတယ်။
"ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု အရေအတွက် များလာတာနဲ့အမျှ သာမန် ထင်ရှားတဲ့ ရောဂါလက္ခဏာတွေကိုရော၊ ထူးခြားတဲ့ ရောဂါလက္ခဏာတွေကိုပါ စတွေ့လာရပါတယ်။ ဒါ့အပြင် ဒီလက္ခဏာတွေ အားလုံးကို တစ်ပြိုင်နက်တည်း တွေ့နေရတာပါ။ ဒီလိုမျိုး ကျွန်မတို့တစ်သက်မှာ မကြုံခဲ့ဖူးကြပါဘူး"
ဒီရောဂါလက္ခဏာတွေ ဘယ်လောက် ပျံ့နှံ့ဖြစ်ပွားနေသလဲဆိုတာကို အမျိုးမျိုး ခန့်မှန်းပြောနေကြပေမဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်လာစေတယ်ဆိုတဲ့ ဆားစ်-ကော့ဗ်-၂ Sars-CoV-2 ဗိုင်းရပ်စ်ပိုး ရှိနေတဲ့ လူနာ ၅၀ ရာခိုင်နှုန်းဟာ ဦးနှောက်အာရုံကြော ထိခိုက်တဲ့ ဝေဒနာတွေ ခံစားကြရပုံ တွေ့ရပါတယ်။
အဲဒီ ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာတွေရဲ့ ပမာဏအတိုင်းအတာနဲ့ ဆိုးဝါးမှုကို လူတွေ ဂရုမပြုမိဘဲ သတိလက်လွတ် ဖြစ်တတ်ကြပါတယ်။
ဒီရောဂါလက္ခဏာတွေ ပြလာချိန်မှာ ဒါဟာ ပုံမှန်မဟုတ်တဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေ ဆိုတာကို ဆရာဝန်တွေ အပါအဝင် အများစုက သတိမပြုမိတတ်ကြပါဘူး။ တုန်တာမျိုး မရှိဘဲ ရုတ်တရက် တက်သွားတတ်တဲ့ လူနာကို ကြည့်လိုက်ရင် မိန်းမောနေသလို ထင်ရတတ် ပါတယ်။
တတီတီ မြည်နေတဲ့ စက်ပစ္စည်းတွေ၊ စိတ်ငြိမ်ဆေးတွေပေးပြီး လူနာကို ကုတင်ပေါ်မှာပဲ တချိန်လုံး သီးသန့်ထားတဲ့ ICU အထူးကြပ်မတ်ဆောင် တစ်ခုရဲ့ ပတ်ဝန်းကျင် အနေအထားဟာ လူနာကို ကယောင်ကတမ်းတွေ ပိုဖြစ်လာစေနိုင်တဲ့အတွက် ဒီရောဂါ လက္ခဏာတွေဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်နေသလား ဆိုတာ ဖော်ထုတ်ဖို့ ပိုခက်ခဲ ရှုပ်ထွေးလာစေပါတယ်။
ဆက်နွှယ်နေတဲ့ ရောဂါလက္ခဏာတွေ မတွေ့ရမှု
နောက်ထပ် ပိုရှုပ်ထွေးစေတာက ဆားစ်-ကော့ဗ်-၂ ဗိုင်းရပ်စ်ပိုး ရှိနေတဲ့ လူနာအတော်များများမှာ အထူးသဖြင့် ချောင်းမဆိုး၊ ကိုယ်မပူရင် သူတို့ကို ရောဂါပိုးရှိမရှိ ဆေးစစ်တာမျိုး မလုပ်ခဲ့ကြပါဘူး။
ဒါ့ကြောင့် တကယ်လို့ သူတို့မှာ ဦးနှောက်အာရုံကြော ထိခိုက်တဲ့ ရောဂါလက္ခဏာတွေ ရှိခဲ့ရင် ဒါဟာ ဆားစ်-ကော့ဗ်-၂ ဗိုင်းရပ်စ်ပိုးနဲ့ ဆက်နွှယ်နေသလား ဆိုတာကို သိနိုင်တော့မှာ မဟုတ်ပါဘူး။
"တကယ်တမ်းမှာ စိတ်ဇဝေဇဝါ ဖြစ်တဲ့ ရောဂါလက္ခဏာမျိုးပဲ ပြတဲ့ ကိုဗစ်-၁၉ ရောဂါသည် ရာခိုင်နှုန်းက သိသာထင်ရှားတယ်လို့ အမေရိကန်နိုင်ငံ ဘော်လ်တီးမိုးမြို့မှာ ရှိတဲ့ ဂျွန်ဟော့ပ်ကင်းစ် ဆေးတက္ကသိုလ်က မေ့ဆေးနဲ့ အထူးကုဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ ရောဘတ် စတီဗန်စ်က ပြောပါတယ်။
"ဦးနှောက်အာရုံကြောကို ထိခိုက်စေတဲ့ ဆင့်ကဲ ကပ်ရောဂါဆိုးကြီးတစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရပါပြီ"
မတူကွဲပြားတဲ့ ရောဂါတစ်ခု
ဒီဗိုင်းရပ်စ်ကြောင့် ဦးနှောက်အာရုံကြော ထိခိုက်မှု ဖြစ်ရတာဟာ ဦးနှောက်ထဲမှာ အောက်ဆီဂျင် နည်းသွားလို့ ဒါမှမဟုတ် cytokine storm လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်ရဲ့ ဘေးထွက်ပစ္စည်း ဆိုက်တိုခိုင်းစ် ပရိုတိန်းဓာတ်တွေ သွေးထဲကို အလွန်အကျွံ ထုတ်လွှတ်လို့ ဖြစ်ရတာလို့ သုတေသီအများစုက ယူဆနေကြပါတယ်။
ဒီလို ဦးနှောက်အာရုံကြော ထိခိုက်မှု ဖြစ်တာဟာ ဆိုက်တိုခိုင်းစ်ကြောင့်လို့ အယ်လစ်ဆာ ဖိုရီရော၊ ဂျူလီယာဟဲလ်မ်စ်ကပါ ယူဆကြပါတယ်။
တခြားသူတွေကတော့ ဒီလို တပ်အပ်ကြီး မယူဆကြပါဘူး။ ဒီဗိုင်းရပ်စ်က ဦးနှောက်ထဲကို သူ့ဟာသူ ထိုးဖောက် ဝင်ရောက်နိုင်တယ် ဆိုတဲ့ အထောက်အထားတွေ စုပုံ တွေ့လာနေရတာကြောင့်ပါ။
"ဆားစ်-ကိုဗစ်-၂ ဗိုင်းရပ်စ်ပိုးဟာ သွေးထဲကနေ ဖြတ်ပြီး ဦးနှောက်ထဲ ဝင်လာနိုင်တယ်ဆိုတဲ့ အထောက်အထားတစ်ခုခု လွန်ခဲ့တဲ့တစ်လလောက်ကသာ ထုတ်ပြန်မယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ ကျွန်တော်ကတော့ ပြောမိမှာပဲ။ ဒါပေမဲ့ အခုတော့ ဒါလုံးဝ ဖြစ်နိုင်တယ်ဆိုတာကို ဖော်ပြနေတဲ့ တွေ့ရှိချက်တွေ အများကြီး ပေါ်လာနေပါပြီ" လို့ ရောဘတ် စတီဗန်စ် က ပြောပါတယ်။
ဂျပန်နိုင်ငံမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး အန်ဖတ်တွေနဲ့ ကြမ်းပြင်ပေါ်မှာ လဲကျ သတိလစ်သွားတဲ့ကိစ္စကို သုတေသီတွေက လေ့လာ သုံးသပ်ခဲ့ကြပါတယ်။
သူ့ကို ဆေးရုံကို အမြန်ခေါ်သွားတုန်းမှာ တက်သွားခဲ့ပါတယ်။
သူ့ဦးနှောက်ကို MRI စကင်ရိုက်ကြည့်တဲ့အခါ ဦးနှောက်ရောင်နေတဲ့ လက္ခဏာတွေ့ရပြီး ကျောရိုးအောက်ပိုင်းကို အပ်နဲ့ဖောက် စစ်ဆေးကြည့်တဲ့အခါ သူ့ရဲ့ဦးနှောက်ရည်ကြည်ထဲမှာ ဆားစ်-ကိုဗစ်-၂ ဗိုင်းရပ်စ်ပိုးတွေ့ခဲ့ပါတယ်။
တစ်ခါ ဦးနှောက်ရောင်ရောဂါ အပြင်းအထန် ခံစားနေရတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသားလူနာတစ်ဦးရဲ့ဦးနှောက်အရည်ကြည်ထဲမှာလည်း ဗိုင်းရပ်စ်ပိုး အစအနတွေ တွေ့ခဲ့တယ်လို့ တရုတ်သုတေသီတွေက ပြောပါတယ်။
အီတလီက ကိုဗစ်-၁၉ လူနာတစ်ဦးရဲ့အလောင်းကို သုတေသီတွေက ရင်ခွဲ စစ်ဆေးကြည့်တဲ့အခါမှာလည်းဦးနှောက်သွေးကြော အတွင်းနံရံဆဲလ်တွေမှာ ဗိုင်းရပ်စ်အမှုန်တွေကို တွေ့ခဲ့ပါတယ်။
တကယ်တမ်းမှာ ဗိုင်းရပ်စ်ကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက် ပျက်စီးစေပြီး လူတွေ သေဆုံးရတာဟာ အဆုတ် ထိခိုက်တာကြောင့် မဟုတ်ဘဲ ဦးနှောက် ထိခိုက်ခဲ့တဲ့အတွက် ဖြစ်တယ် ဆိုတာကို သိပ္ပံပညာရှင်တချို့က အခုအခါ သံသယရှိနေကြပါတယ်။ ဦးနှောက်ဟာ သတိမေ့နေရင်တောင် ဆက်အသက်ရှူနေအောင် ထိန်းချုပ်ပေးနေတဲ့ နေရာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် သွေးနဲ့ ဦးနှောက်ကို ခြားထားတဲ့ အရံအတားအဖြစ် သိကြတဲ့ ဦးနှောက်နဲ့ ကျောရိုးတစ်လျှောက်က သွေးကြောငယ်လေးတွေထဲက အထူးဆဲလ်တွေဟာ ဦးနှောက်ထဲ ရောဂါ မကူးစက်အောင် ကာကွယ်ပေးထားတာပါ။
အဲဒီဆဲလ်တွေဟာ ဦးနှောက်ကို ရောဂါ မကူးစက်အောင် ပိုးမွှားတွေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ တခြားပစ္စည်းတွေကို ပိတ်ဆို့ တားဆီးပေးထားပါတယ်။
ကိုဗစ်-၂ ဗိုင်းရပ်စ်ပိုးက ဒီဆဲလ်တွေကို ကျော်ဖြတ်သွားနိုင်ခဲ့တယ် ဆိုရင်တော့ ဗဟိုနာ့ဗ်ကြောစနစ်ထဲ ဗိုင်းရပ်စ်ပိုး ဝင်သွားနိုင်ရုံမက အဲဒီထဲမှာ ဆက်နေနိုင်ပြီး နောက်နှစ်နဲ့ချီကြာတဲ့အခါ ပြန်လာနိုင်ပါတယ်။
ငုပ်နေတဲ့ ဗိုင်းရပ်စ်တွေ
ဥပမာအားဖြင့် Herpes zoster လို့ခေါ်တဲ့ ရေကျောက် ဗိုင်းရပ်စ်ပိုးဟာ ကျောရိုးထဲက နာ့ဗ်ကြောတွေကို ကူးစက်လေ့ရှိပြီး နောက်ပိုင်း အရွယ်ရောက်လာတဲ့အခါ ရေယုန်တွေအဖြစ် ပြန်ပေါ်လာတတ်ပါတယ်။
ကလေးဘဝမှာ ရေကျောက် ပေါက်ခဲ့ဖူးသူတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ နောင်တချိန်ချိန်မှာ ရေယုန်နာတွေ ပေါက်တတ်ကြပါတယ်။
တခြားဗိုင်းရပ်စ်တွေကတော့ ပိုဆိုးဝါးတဲ့ ရေရှည် ထိခိုက်မှုတွေကို ဖြစ်စေပါတယ်။
အဆိုးဆုံး ဗိုင်းရပ်စ်တစ်မျိုးကတော့ ၁၉၁၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ တုပ်ကွေးပိုး ဖြစ်ပြီး ဦးနှောက်နဲ့ ဗဟိုနာ့ဗ်ကြောစနစ်ရဲ့ အာရုံခံဆဲလ်တွေကို ရာသက်ပန် အကြီးအကျယ် ထိခိုက်စေခဲ့တာပါ။
ကမ္ဘာတဝန်းမှာ လူ ၅ သန်းလောက်ဟာ encephalitis lethargica လို့ ခေါ်တဲ့ လုံးဝ သတိ ပြန်လည် မလာတတ်တဲ့အထိ ခေါင်းကိုက်၊အိပ်ချင်လာတတ်တဲ့ ဦးနှောက်ရောင်ရောဂါ တစ်မျိုးကို ခံစားခဲ့ရပါတယ်။
အဲဒီရောဂါကနေ မသေဘဲ ကျန်ခဲ့သူတွေအထဲက အတော်များများဟာ သတိမေ့နေတဲ့ အခြေအနေမှာ ဆက်ရှင်သန်နေကြပါတယ်။
"အဲဒီလူတွေဟာ သူတို့ဘဝ ခံစားချက်တွေကို ဖော်ပြနိုင်စွမ်း၊ သိနိုင်စွမ်း မရှိကြတော့ပါဘူး၊ အသက်သာ ရှင်နေတယ် ဘာမှ မလုပ်နိုင်တဲ့ ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားကြရတာပါ" လို့ ကွယ်လွန်သူ နာမည်ကြီး အာရုံကြောပါရဂူ အော်လစ်ဗာ ဆက်စ် က သူ့ရဲ့ Awakenings ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားပါတယ်။
အဲဒီလူနာတွေဟာ ဒိုပါမင်း အာရုံခံဆဲလ်တွေရဲ့ ပမာဏကို ပြန်ဖြည့်တင်းပေးတဲ့ L-DOPA ဆေး မပေါ်မချင်း ဒီလို ရှင်ရက်နဲ့ သေနေရတဲ့ အခြေအနေမှာ ဆက်နေခဲ့ကြရပါတယ်။
နောက်ထပ် စုံစမ်းလေ့လာမှုတွေ
ဦးနှောက်ရောင်တဲ့ ဒါမှမဟုတ် အာရုံခံဆဲလ်ပမာဏ မူမမှန်တဲ့ အရိပ်လက္ခဏာတွေကို ရှာဖွေဖို့ အင်ပီးရီးယဲလ် တက္ကသိုလ်ရဲ့ နောက်ဆုံးပေါ် ခေတ်မီ PET စကင်နာစက်ကို အသုံးပြုမယ့် လေ့လာချက်တစ်ခုမှာ စိတ်ကျ ဝေဒနာ ဒါမှမဟုတ် အာရုံကြော စိတ်ရောဂါ ဝေဒနာ ခံစားနေရတဲ့ ကိုဗစ်-၁၉ လူနာ ၂၀ ကို ထည့်သွင်း စာရင်းပေးဖို့ ပါမောက္ခ ဒေးဗစ် နပ်က စီစဉ်နေပါတယ်။
ဘော်လ်တီမိုးမြို့မှာ ပါမောက္ခ ရောဘတ် စတီဗန်စ်က ICU အဆောင်ထဲကနေ ဆင်းလာတဲ့ ကိုဗစ်-၁၉ လူနာတွေအကြောင်း နှစ်ရှည် လေ့လာမှုတစ်ခု လုပ်ဖို့ စီစဉ်နေပါတယ်။
အဲဒီလေ့လာချက်မှာ ဦးနှောက်ကို စကင်နဲ့ စစ်ဆေးကြည့်ရှုမှာ ဖြစ်သလို မှတ်ဉာဏ်စွမ်းအားလို လုပ်ဆောင်မှုတွေပေါ်မှာလည်း သိမြင်စမ်းသပ်မှု အသေးစိတ်တွေ လုပ်မှာ ဖြစ်ပါတယ်။
ပစ်စ်ဘာ့ဂ်မြို့မှာလည်း ကိုဗစ်-၁၉ ဆိုင်ရာ အာရုံကြော ချို့ယွင်းမှုအကြောင်း ကမ္ဘာတဝန်း စုပေါင်းလေ့လာချက်ကနေတစ်ဆင့် ပစ်စ်ဘာ့ဂ် တက္ကသိုလ်က အာရုံကြော ပါရဂူ ရှယ်ရီ ချောင် က ဦးနှောက် စကင်ဖတ် စစ်ဆေးတာ အပါအဝင် ကိုဗစ်-၁၉ ရောဂါရဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေကို တပေါင်းတစည်းတည်း စောင့်ကြည့် လေ့လာနိုင်ဖို့အတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံက သိပ္ပံပညာရှင် တွေကို စုစည်းညှိနှိုင်းပေးခဲ့ပါတယ်။
အဆုတ်အပေါ် ဒီဗိုင်းရပ်စ်ရဲ့ ထိခိုက်မှုက အမြန်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံး အန္တရာယ် ဆောင်နေပေမဲ့ နာဗ်ကြောစနစ်ပေါ် တာရှည်ထိခိုက်မှုကတော့ အများကြီး ပိုကြီးမားနိုင်ပြီး အများကြီး ပိုဆိုးဝါးနိုင်တယ်လို့ ပါမောက္ခ ရှယ်ရီ ချောင်က ပြောပါတယ်။
"ကိုဗစ်-၁၉ ရောဂါမှာ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေကို အဆုတ်ပြဿနာလောက် သိပ်မတွေ့ရပေမဲ့ အာရုံကြော ဒဏ်ရာတွေကနေ ပြန်နာလန်ထူလာတဲ့အခါ အပြည့်အဝ ကောင်းမလာတတ်ဘဲ တခြားအင်္ဂါအစိပ်အပိုင်းတွေနဲ့ယှဉ်ရင် အများကြီး ပို ကြာတတ်ပါတယ်။ ဒါ့ကြောင့် မသန်မစွမ်းမှုတွေ ပိုဖြစ်တတ်ပြီး အသက်ဆုံးရှုံးမယ့် အန္တရာယ် ပိုများတတ်ပါတယ်"
ပြင်သစ်နိုင်ငံမှာတော့ ဦးနှောက်အာရုံကြောဆိုင်ရာ ထိခိုက်မှု အရှိန်အဟုန် ဘယ်လောက် ကြီးနိုင်သလဲဆိုတာကို တခြားလူအားလုံးနီးပါးထက် ဂျူလီယာ ဟဲလ်မ်စ်က ပိုသိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်လက ဆေးရုံက ဆင်းသွားခဲ့တဲ့ သူ့ရဲ့ ကိုဗစ်-၁၉ လူနာတစ်ယောက် ဗိုင်းရပ်စ်ကြောင့် နွမ်းနယ် စိတ်ဓာတ်ကျတဲ့ဝေဒနာကို အကြီးအကျယ် ခံစားနေရပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့် အန္တရာယ် ရှိနေတဲ့အတွက် အရေးပေါ် ဆွေးနွေးကုသပေးဖို့ လိုနေတာကြောင့် ဂျူလီယာ ဟဲလ်မ်စ်နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းဖို့ စီစဉ်ထားတာကို ရွှေ့ခဲ့ရပါတယ်။
ဒီလူနာက သိပ်ထူးခြားလှတာတော့ မဟုတ်ပါဘူး။ ဒီလို စိတ်ဓာတ်ကျတဲ့ အခြေအနေနဲ့ လူအတော်များများသူတွေ့ခဲ့ဖူးပါတယ်။
"အဲဒီလူနာအမျိုးသမီးဟာ ဇဝေဇဝါဖြစ်နေပါတယ်၊ လမ်းလည်းမလျှောက်နိုင်ပါဘူး၊ သေဖို့သာ ဆန္ဒရှိနေပါတယ်၊ တကယ့်ကို ကြောက်စရာပါ" လို့ ဂျူလီယာ ဟဲလ်မ်စ် က ပြောပြပါတယ်။
"လူနာက အသက် ၆၀ ပဲ ရှိပါသေးတယ်၊ ဒါပေမဲ့ ကိုဗစ်က သူ့ကို သတ်လိုက်ပြီလို့ ကျွန်မကိုပြောပါတယ်၊ ကိုဗစ်က သူ့ဦးနှောက်ကို သတ်လိုက်ပြီလို့ ဆိုလိုတာပါ၊ သူ့ဘဝမှာ ဘာကိုမှ မလိုချင်တော့ပါဘူး"
ဒီလို ထိခိုက်မှုမျိုးကို ဘယ်လို တားဆီးရမလဲဆိုတာ အစကတည်းက မသိတဲ့အတွက် အတော်လေး ခက်ပါတယ်၊ ဦးနှောက် ထိခိုက်ပျက်စီးတာကို ကာကွယ်ဖို့ ကုထုံး ကျွန်မတို့မှာ မရှိပါဘူး"လို့ ဂျူလီယာ ဟဲလ်မ်စ် ကပြောပါတယ်။
အဆုတ် ပျက်စီးတဲ့ လူနာတွေကို အသက်ရှူစက်ပေါ် တင်ပြီး ကုနိုင်သလို ကျောက်ကပ် ပျက်စီးရင်လည်း ကျောက်ကပ်ဆေးတဲ့စက်နဲ့ ကုစားနိုင်ပါတယ်။ ကံကောင်းရင် အဲဒီ အင်္ဂါနှစ်ခုစလုံး ပြန်ကောင်းလာနိုင်ပါတယ်။
ဒါပေမဲ့ ဦးနှောက်ပြန်ကောင်းလာအောင် ကုပေးနိုင်တဲ့ စက်တော့ မရှိသေးပါဘူး။