ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှမ်းနဲ့ဧရာဝတီတိုင်းက ကိုယ်ဝန်ဆောင်နဲ့၂နှစ်အောက်ကလေးတွေကို အစိုးရကငွေကြေး ထောက်ပံ့မယ်
အစိုးရက ထောက်ပံ့ပေးနေတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်နဲ့ ၂နှစ်အောက်ကလေးငယ်တွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့အစီအစဉ်မှာ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းကိုပါထပ်မံတိုးမြှင့်ထောက်ပံ့ပေး သွားဖို့စီစဉ်နေပြီလို့ လူမှုဝန်ထမ်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ဘီဘီစီကိုပြောပါ တယ်။
ဒီထောက်ပံ့မှုဟာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်အောက်ကနေ ချင်း၊ရခိုင်၊ နာဂ၊ ကရင်ပြည်နယ် ကယား ပြည်နယ်တွေက ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနဲ့ တစ်လကို ကျပ်တစ်သောင်းခွဲနှုန်းနဲ့ ၃လတစ်ကြိမ် ထောက်ပံ့ပေးနေတဲ့ အစီအစဉ်အတွက် နောက်ထပ်ဒေသတွေထပ်မံတိုးချဲ့ထောက်ပံ့ပေးသွားမှာလည်းဖြစ်ပါတယ်။
' ' အဓိက အာဟာရဆိုင်ရာအညွှန်းကိန်းတွေပေါ်အခြေခံပြီးပဲရွေးတာပါ။ ထပ်တိုးတဲ့နေရာတွေက ထောက်ပံ့မှုအကျုံးဝင်တဲ့စာရင်းကို ဇူလိုင် ၁ရက်နေ့မှာ စကောက်ပါမယ်။ ထောက်ပံ့မှုကိုတော့ သြဂုတ်လမှာ ပေးသွားမယ်။ တိုးချဲ့လိုက်တဲ့နေရာက အကျုံးဝင်သူတွေအနေနဲ့ ဇူလိုင် ၁ရက်နေ့ကစပြီး ရပ်ကျေးစာရေးတွေဆီမှာ စာရင်းပေးသွားရမှာဖြစ်ပါတယ်'' လို့ ဦးကျော်လင်းထင်ကပြောပါတယ်။
ထပ်တိုးတဲ့ဒေသတွေက ကိုယ်ဝန်ဆောင်နဲ့ ၂နှစ်အောက်ကလေးငယ်တွေကို ဧပြီလကနေ စတင်ထောက်ပံ့ ပေးဖို့ သတ်မှတ်ထားတာဖြစ်တဲ့အတွက် ၂၀၂၀ ဧပြီလမှာမွေးဖွားတဲ့ကလေးငယ်တွေကနေ ဒီထောက်ပံ့မှု မှာ အကျုံးဝင်မှာဖြစ်ပါတယ်။
' ' ၂၀၂၀-၂၁ တစ်နှစ်စာအတွက်လက်ရှိအကောင်အထည်ဖော်နေတဲ့ နေရာတွေအပါအဝင် အခု၂၀၁၉-၂၀မှာ ထပ်တိုးတဲ့ ရှမ်း၊ ဧရာဝတီရှိတယ်။ ပြီးတဲ့အခါ ၂၀၂၀-၂၁ မှာ ဆက်လက်တိုးချဲ့ဖို့ ပလန်မှာပါတဲ့ ကချင်ပြည်နယ် အပါအဝင် လက်ရှိ လူမှုရေးပင်စင်ပေးနေတာတွေရှိတယ်။ ဒါတွေအားလုံးပေါင်းရင်တော့ ပလန်အတိုင်းဆိုရင်တော့ ရန်ပုံငွေက ၁၁၇ ဘီလီယံခန့်မှန်းတွက်ချက်ထားပါတယ်။''လို့ တစ်နှစ်အတွင်း ထောက်ပံ့သုံးစွဲသွားမယ့် ရန်ပုံငွေပမာဏကို ဦးကျော်လင်းထင်ကပြောပြပါတယ်။
ဒီထောက်ပံ့မှုအစီအစဉ်မှာ ကချင်ပြည်နယ်အတွင်းက ကိုယ်ဝန်ဆောင်တွေနဲ့ ၂နှစ်အောက်ကလေးငယ် တွေကိုလည်း လာမယ့် ၂၀၂၀ -၂၁ ဘဏ္ဍနှစ်အတွင်း ထပ်မံတိုးချဲ့ထောက်ပံ့သွားဖို့ လျာထားတယ်လို့ လည်း သိရပါတယ်။
' ' ဒီအစီအစဉ်မှာ အကျုံးဝင်သူတိုင်း ထောက်ပံ့မှုရစေဖို့အတွက် ရှမ်းမှာဆိုလည်း တိုင်းရင်းသား လက်နက်ကိုင် တွေကြီးစိုးတဲ့ အထူးဒေသတွေလိုနေရာတွေကအစ အားလုံးရနိုင်စေဖို့ ညှိနှိုင်းမှုတွေစလုပ်နေပါပြီ။ တချို့နေရာ တွေမှာလည်း ပြီးပါပြီ။''လို့ လူမှုဝန်ထမ်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်လင်းထက်က ထောက်ပံ့မှု အကျုံးဝင်သူတိုင်းရနိုင်စေဖို့ လုပ်ဆောင်နေတဲ့အခြေအနေကိုလည်းရှင်းပြပါတယ်။
ဒီထောက်ပံ့မှုဟာ မွေးဖွားလာတဲ့ ကလေးငယ်တွေ ဖွံ့ဖြိုးတိုးတက်မှု၊ ကြီးထွားမှုကို ရည်ရွယ်ပြီး အာဟာရ ဖြည့်စွက်တဲ့ အစားအသောက်တွေ ဝယ်ယူစားသောက်နိုင်အောင် ရည်ရွယ် ထောက်ပံ့ပေးတာဖြစ် တယ်လို့ လည်းသိရပါတယ်။