ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန်မှာ ကိုရိုနာကာကွယ်ဆေးသစ် လူနဲ့စမ်းသပ်
စမ်းသပ်ဆဲ တခြားကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ မတူဘဲနည်းလမ်းအသစ်နဲ့ ချဥ်းကပ်ထားတဲ့ ကိုရိုနာကာကွယ်ဆေးသစ်ကို စေတနာ့ဝန်ထမ်းတွေ ယူကေမှာ စတင် အစမ်းသပ်ခံနေကြပါပြီ။
လာမယ့်သီတင်းပတ်တွေအတွင်း ဗြိတိန်မှာလူပေါင်း ၃၀၀ လောက်ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှာ ဖြစ်ပါတယ်။
လန်ဒန် အင်ပီးရီးယဲကောလိပ်က လုပ်မယ့် စမ်းသပ်မှု ဖြစ်ပြီး ပါမောက္ခရော်ဘင် ရှတ်တော့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဦးဆောင်မယ့် စမ်းသပ်မှုရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။
တိရစ္ဆာန်နဲ့လုပ်ခဲ့တဲ့ စမ်းသပ်မှု ရလဒ်တွေမှာတော့ ကာကွယ်ဆေးဟာ ဘေးကင်းပြီး ခုခံအားစနစ်ကို ထိထိရောက်ရောက် အလုပ်လုပ်လာအောင် နှိုးဆော်ပေးနိုင်တာ တွေ့ရပါတယ်။
အောက်စဖို့တက္ကသိုလ် ကျွမ်းကျင်ပညာရှင်တွေကလည်း လူနဲ့ စမ်းသပ်မှုတွေ စတင်ခဲ့ပြီးပါပြီ။
တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပေါင်း ၁၂၀ လောက်ကို စမ်းသပ်နေကြတဲ့အထဲက တခုဖြစ်ပါတယ်။
အင်ပီရီးယဲရဲ့စမ်းသပ်မှုမှာ ကိုယ့်သဘောနဲ့ကိုယ် ပါဝင်အစမ်းသပ်ခံသူတွေထဲက တယောက်က အသက် ၃၉ နှစ်အရွယ် ကေသီဖြစ်ပြီး ဘဏ္ဍာရေးအလုပ် လုပ်နေသူပါ။
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ တထောင့်တနေရာက ပါဝင်ချင်တဲ့ အတွက် ဝင်ရောက်အစမ်းသပ်ခံခဲ့တာပါလို့ သူကဆိုပါတယ်။
“ကျွန်မဘာများအကူအညီပေးနိုင်မလဲဆိုတာ စဥ်းစားမရခဲ့ရာကနေ ဒါတခုတော့ ငါလုပ်နိုင်တာပဲဆိုပြီး လုပ်ဖြစ်သွားတာပါ။ ကာကွယ်ဆေးမပေါ်မချင်း အခြေအနေဟာ ဘယ်လိုမှပုံမှန် ပြန်မဖြစ်လောက်ဘူးဆိုတာ သိလာတော့ အခုစမ်းသပ်မှုအစီအစဥ်မှာ ကိုယ်တိုင်ပါဝင်ချင်လာတာပါ။”
ဒါဟာ ပထမအဆင့်ဖြစ်ပြီး နောက်ထပ်စမ်းသပ်မှုကိုတော့ အောက်တိုဘာလမှာ လူပေါင်း ၆၀၀၀ ပါဝင်လုပ်ဆောင်ဖို့ စီစဥ်ထားပါတယ်။
ဗြိတိန်ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေကို ၂၀၂၁ ခုနှစ် အစောပိုင်းလောက်မှာ ကာကွယ်ဆေးဖြန့်ဖြူးနိုင်လိမ့်မယ်လို့ အင်ပီးရီးယဲ အဖွဲ့က မျှော်လင့်ထားပါတယ်။
ဒီအတောအတွင်းမှာပဲ အောက်စဖို့တက္ကသိုလ်က လုပ်တဲ့ စမ်းသပ်မှုမှာ ပါဝင်ခဲ့ကြသူတွေကို ဗြိတိန်တော်ဝင်မင်းသားဝီလျံက ချာချီဆေးရုံမှာ တွေ့ဆုံခဲ့ပါတယ်။
“ဒါဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ ကြိုဆိုရမယ့် အစီအစဥ်တခုမို့ ဒီအစီအစဥ်မှာ ပါဝင်လုပ်ဆောင်ခဲ့ကြတာဟာ ဝမ်းသာစရာပါပဲ”လို့ မင်းသားဝီလျံက ပါဝင်စမ်းသပ်ခံခဲ့ကြသူတွေကို ပြောခဲ့ပါတယ်။
အခုကာကွယ်ဆေးရဲ့ချဥ်းကပ်ပုံအသစ်
လုပ်ရိုးလုပ်စဥ်ကာကွယ်ဆေးတွေက အားပျော့တဲ့ဗိုင်းရပ်စ်ကိုဖြစ်စေ၊ ပြုပြင်ထားတဲ့ ဗိုင်းရပ်စ်ကိုဖြစ်စေ၊ ဒါမှမဟုတ်ဗိုင်းရပ်စ်ရဲ့အစိတ်အပိုင်းတချို့ကိုဖြစ်စေ ထိုးသွင်းတာပါ။
အခုအင်ပီးရီးယဲကလုပ်တဲ့ ကာကွယ်ဆေးကတော့ ချဥ်းကပ်ပုံအသစ် ဖြစ်ပါတယ်။ ဗိုင်းရပ်စ်နဲ့ သဏ္ဍန်ဆင်တူတဲ့ အာရ်အန်အေ မျိုးဗီဇအတုကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ကြွက်သားထဲကို ဆေးထိုးသွင်းလိုက်တာနဲ့ အာရ်အန်အေက သူ့ကိုယ်သူမိတ္တူပွားပစ်လိုက်ပါတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ပေါ်က ဆူးချွန်ပရိုတိန်းတွေပုံစံ မိတ္တူတွေဖန်တီးဖို့ ညွှန်ကြားလိုက်ပါတယ်။
ဒါဟာခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ကို သိရှိပြီး တိုက်ခိုက်တတ်အောင် လေ့ကျင့်ပေးတာဖြစ်ပါတယ်။
အရေပြားပေါ်ခြစ်ရုံခြစ်ရတဲ့ ကာကွယ်ဆေးတမျိုးကိုလည်း ထုတ်လုပ်ထားပြီး နောက်လအနည်းငယ်အတွင်း လူနဲ့စမ်းသပ်နိုင်မှာ ဖြစ်တယ်လို့လည်း ပါမောက္ခရှတ်တော့က ဆိုပါတယ်။
ကျွန်တော်တို့ရဲ့ချဥ်းကပ်ပုံအသစ်က အလုပ်ဖြစ်မယ်ဆိုရင် ဆိုလိုတာက ရောဂါတိုက်ဖျက်ဖို့အတွက် ထိရောက်တဲ့ပရိုတိန်းမျိုးကို ကာကွယ်ဆေးက ပံ့ပိုးပေးနိုင်မယ်ဆိုရင် ဒါဟာဆေးလောကမှာ အပြောင်းအလဲကြီးတရပ်ပါပဲ။ အနာဂတ်မှာရောဂါတွေကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို နည်းလမ်းသစ်နဲ့ ဆောင်ရွက်သွားနိုင်မှာပါ။
“ပါဝင်အစမ်းသပ်ခံသူတွေရဲ့ ကိုယ်ခံအားစနစ်ကနေ ကောင်းမွန်တဲ့တုံ့ပြန်မှုမျိုးကို မြင်တွေ့လာရလိမ့်မယ်ဆိုတဲ့ အကောင်းမြင်မျှော်လင့်ချက်မျိုးသာ မရှိခဲ့ရင် ဒီစမ်းသပ်မှုမှာ ကျွန်မဘယ်ပါဝင်ပါ့မလဲ” လို့လေ့လာစမ်းသပ်မှုမှာ အကြီးအကဲတယောက်အနေနဲ့ ပါဝင်ခဲ့သူ ဒေါက်တာကက်ထရီနာပူးလော့က ဆိုပါတယ်။
“စမ်းသပ်မှုအကြို အချက်အလက်တွေကလည်း အားတက်စရာပါ။ ကိုယ်ခံအားရဲ့ ကာကွယ်တားဆီးတဲ့ တုံ့ပြန်မှုကိုတွေ့ခဲ့ရပါတယ်။ ရောဂါမကူးစက်အောင် ခုခံအားစနစ်က တုံ့ပြန်မှုပေးတဲ့သဘောပါ။ ဒါပေမယ့် ကာကွယ်ဆေးကို အပြီးသတ် အကဲဖြတ်ချက်ပေးဖို့ကတော့ စောပါသေးတယ်”လို့လည်း ဆိုပါတယ်။
ဒီသုတေသနအတွက်အစိုးရက ရန်ပုံငွေ ပေါင် ၄၁ သန်းပေးခဲ့ပါတယ်။ လှူဒါန်းငွေ ၅ သန်းလည်း ရခဲ့ပါတယ်။