အိန္ဒိယမှာ ကိုဗစ် ၁၉ နဲ့ သေတာ အမျိုးသမီးတွေ ပိုများနေသလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုများနေတယ်လို့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။
ဥပမာ အီတလီ၊ တရုတ်နဲ့ အမေရိကန် နိုင်ငံတွေမှာဆိုရင် အမျိုးသားတွေမှာ ရောဂါကူးစက်သူ ပိုများပြီး သေဆုံးမှုနှုန်းမှာလည်း အမျိုးသားတွေက အများကြီး ပိုများတာ တွေ့ရပါတယ်။
အမျိုးသားတွေဟာ အသက်ကြီးသူတွေလိုပဲ ရောဂါကူးစက်ခံရမယ့် အန္တရာယ် ပိုများတယ်လို့ လိင်ကွဲပြားသူတွေရဲ့ ရောဂါကူးစက်မှုတွေအကြောင်း လေ့လာနေတဲ့ ဂျွန်ဟော့ပ်ကင်စ် ဘလွန်းဘာ့ဂ် လူထုကျန်းမာရေး တက္ကသိုလ်က သိပ္ပံပညာရှင် ဆက်ဘရာ ကလိုင်းက ပြောပါတယ်။
ဒါပေမဲ့ အိန္ဒိယမှာ ဖြစ်နေတာတွေကတော့ စဉ်းစားစရာပါ။
အိန္ဒိယနဲ့ အမေရိကန်က သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ လေ့လာချက်သစ်တစ်ခုထဲမှာ ရောဂါကူးစက်သူ အများစုဟာ အမျိုးသားတွေ ဖြစ်ပေမဲ့လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးဖို့ အန္တရာယ် ပိုများတယ်လို့ ဖော်ပြထားပါတယ်။
မေလ ၂၀ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ အိန္ဒိယမှာ သေဆုံးခဲ့သူတွေကို အခြေခံထားတဲ့ အဲဒီ လေ့လာချက်ထဲမှာ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အမျိုးသမီးစုစုပေါင်းရဲ့ ၃ ဒဿမ ၃ ရာခိုင်နှုန်း သေဆုံးခဲ့ပြီး အမျိုးသားတွေကတော့ ရောဂါကူးစက်ခံရသူ စုစုပေါင်းရဲ့ ၂ ဒဿမ ၉ ရာခိုင်နှုန်းသာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၄၀ ကနေ ၄၉ နှစ်အကြား အရွယ်အုပ်စုထဲမှာ ရောဂါကူးစက်သူ အမျိုးသမီးတွေရဲ့ ၃ ဒဿမ ၂ ရာခိုင်နှုန်း သေဆုံးခဲ့ပေမဲ့ အမျိုးသားတွေကတော့ ၂ ဒဿမ ၁ ရာခိုင်နှုန်းသေဆုံးခဲ့ပါတယ်။ အသက် ၅ နှစ်ကနေ ၁၉နှစ် အကြား အရွယ်အုပ်စုမှာတော့ အမျိုးသမီးတွေသာ သေဆုံးတာ တွေ့ရပါတယ်။
ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးခဲ့သူတွေကို အသက်အပိုင်းအခြားအလိုက် အုပ်စုခွဲ လေ့လာရာမှာ အချက်ကြီး နှစ်ချက်ကို အဓိက တွက်ချက် လေ့လာခဲ့တာလို့ ဒီလေ့လာချက်ကို ဦးဆောင် သုတေသန လုပ်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဟားဗာ့ဒ်တက္ကသိုလ် လူထုကျန်းမာရေးဆိုင်ရာ ပါမောက္ခ အက်စ်ဗီ ဆူဘရာမန်နီယန် က ပြောပြပါတယ်။
ပထမအချက်က သေဆုံးနိုင်တဲ့ အလားအလာ ဆိုတဲ့ အချက်ကို တွက်ချက်တာ ဖြစ်ပြီး စုစုပေါင်း အမျိုးသမီးသေဆုံးသူ အရေအတွက်ကို ဓာတ်ခွဲအတည်ပြုလူနာ အမျိုးသမီး အရေအတွက်နဲ့ စားထားတာ ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ အမျိုးသမီးသေဆုံးသူ အရေအတွက်ဟာ အမျိုးသမီး၊ အမျိုးသား သေဆုံးသူ စုစုပေါင်းရဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိသလဲ ဆိုတာကို တွက်ချက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
Image copyright
"ခြုံငုံ သုံးသပ်ချက်တွေအရ အိန္ဒိယမှာ ရောဂါ ကူးစက်ခံရတဲ့ အမျိုးသမီးတွေဟာ အသက်ရှင်ဖို့ အခွင့်အလမ်း သိပ်မရှိတာ တွေ့ရတယ်"လို့ ပါမောက္ခ အက်စ်ဗီ ဆူဘရာမန်နီယန် က ပြောပါတယ်။
"ဒီတွေ့ရှိချက်အပေါ် ဇီဝပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အချက်အလက်တွေက ဘယ်လောက် ဆက်နွယ် ထောက်ကူသလဲ ဆိုတာကတော့ မသေချာဘူး။အိန္ဒိယမှာ အမျိုးသမီး၊ အမျိုးသား လိင်ကွဲပြားမှုကတော့ အရေးပါတဲ့ အချက်တစ်ခု ဖြစ်နိုင်တယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဒီတွေ့ရှိချက်ဟာ တခြားကမ္ဘာ့နိုင်ငံတွေမှာ လေ့လာတွေ့ရှိခဲ့ချက်တွေနဲ့ မတူတဲ့အတွက် အတော်လေး ထူးခြားနေပါတယ်။
ဥပမာပြောရရင် အမျိုးသားတွေဟာ နှလုံးသွေးကြောရောဂါနဲ့ သွေးတိုးရောဂါတို့လို ရောဂါမျိုးတွေ ဖြစ်ဖို့ အလားအလာ ပိုရှိတယ်လို့ ဂျွန်ဟော့ပ်ကင်စ် ဘလွန်းဘာ့ဂ် လူထုကျန်းမာရေး တက္ကသိုလ်က ကပ်ရောဂါဆိုင်ရာ ပါမောက္ခ ကူနီဟီရို မက်ဆူရှီတာ က ပြောပါတယ်။
နိုင်ငံအတော်များများမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဆေးလိပ် ပိုသောက်လေ့ ရှိကြပြီး လေ့လာချက်တချို့အရ အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် လက်မဆေးကြဘူးလို့ သိရပါတယ်။
သူပါဝင်ပြုစုခဲ့တဲ့ လေ့လာချက်တွေထဲမှာ အမျိုးသား လူနာတွေဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ဖို့ အန္တရာယ် ပိုများတယ် ဆိုတာ တွေ့ခဲ့ရတယ်လို့ ပါမောက္ခ ကူနီဟီရို မက်ဆူရှီတာ က ပြောပါတယ်။
အမျိုးသမီးတွေဟာ ကိုယ်ခံစွမ်းအား ပိုကြံ့ခိုင်တဲ့အတွက် အသက်ဆုံးရှုံးမှု အန္တရာယ် ပိုနည်းတယ်လို့လည်း သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။
ဒါ့အပြင် အမျိုးသမီးဟော်မုန်းတွေကလည်း အသက်ရှူလမ်းကြောင်းမှာ ရောဂါ မကူးစက်စေဖို့ အထောက်အကူ ပြုပါတယ်။
"ဒီအချက်တွေကို ကြည့်မယ်ဆိုရင် အခု လေ့လာတွေ့ရှိချက်ထဲမှာ ဖော်ပြထားသလို အမျိုးသမီးတွေက အမျိုးသားတွေထက် သေဆုံးမှုနှုန်း ပိုများတယ် ဆိုတဲ့ အချက်ဟာ ထူးခြားနေပါတယ်" လို့ ပါမောက္ခ မက်ဆူရှီတာ က ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ လေ့လာမှုတွေထဲမှာ အိန္ဒိယနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါရှိမရှိ စမ်းသပ်အတည်ပြုပုံကို အသေအချာ စိစစ်လေ့လာသင့်တယ်လို့ သူက ပြောပါတယ်။
"ဥပမာ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးခွင့်ကို အမျိုးသမီး၊ အမျိုးသား တန်းတူ ရကြသလား ဆိုတာ မေးခွန်းထုတ်စရာပါ"လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီတွေ့ရှိချက်ဟာ ထင်တာထက် ပိုရှုပ်ထွေး နက်နဲနိုင်ပါတယ်။
အိန္ဒိယမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက် ပိုရှည်ကြပြီး အဘိုးအိုတွေထက် အဘွားအိုတွေ ပိုများပါတယ်။ ဒီတော့ အသက်ကြီးသူတွေက ရောဂါကူးစက်မှုဒဏ်ကို ခံနိုင်ရည်အား ပိုနည်းတဲ့အတွက် အမျိုးသမီးတွေကြားမှာ အခုလို သေဆုံးသူတွေ ပိုများလာတာပါလား။
ဒါ့အပြင် အိန္ဒိယမှာ အမျိုးသမီးတွေဟာ ဆရာဝန်သွားပြဖို့ ပိုနှောင့် နှေးတတ်ကြပြီး အိမ်မှာပဲ ဆေးသောက်ပြီး ကိုယ့်ဟာကိုယ် ကုတတ်ကြပါတယ်။ မိသားစုထဲမှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးဆိုရင် သိပ်အလေးထားလေ့ မရှိကြပါဘူး။ ဒီတော့ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ဆေးစစ်ဖို့နဲ့ ဆေးကုသခံဖို့ အမျိုးသမီးတွေ အရောက်နောက်ကျကြတာလား။
အိမ်ထောင့်တာဝန် အိမ်မှုကိစ္စ ပြုစုစောင့်ရှောက်နေသူတွေဟာ ရောဂါကူးစက်ဖို့ အန္တရာယ် ပိုများပါတယ်။ ၁၉၁၈ ခုနှစ် စပိန်တုပ်ကွေး ကပ်ရောဂါကြီး ဖြစ်ပွားခဲ့စဉ်တုန်းက အိန္ဒိယမှာ အမျိုးသမီးတွေဟာ ကိုယ်တိုင်လည်း အာဟာရဓာတ် ချို့တဲ့နေကြသလို သန့်ရှင်းမှု မရှိ၊ လေဝင်လေထွက် နည်းပါးပြီး လူတွေ ပြွတ်သိပ်နေတဲ့ နေအိမ်တွေမှာ နာမကျန်းသူတွေကို ပြုစုရတဲ့အတွက် အမျိုးသားတွေထက် အသေအပျောက် ပိုများခဲ့ကြပါတယ်။
"ဘာတွေ ဖြစ်နေသလဲဆိုတာ ပိုသိနိုင်အောင် အမျိုးသမီး၊ အမျိုးသား လိင်ကွဲပြားမှု အချက်ကို အသေအချာ ဆန်းစစ်ဖို့ လိုပါတယ်" လို့ အိန္ဒိယနိုင်ငံ ဗယ်လိုးရ်မြို့ CMC ခရစ်ယာန် ဆေးတက္ကသိုလ်က ဗိုင်းရပ်စ်ပိုးဆိုင်ရာ အငြိမ်းစား ပါမောက္ခ တီ ဂျက်ကော့ဘ်ဂျွန် က ပြောပါတယ်။
လေ့လာသူတွေကလည်း ဒါကို သဘောတူကြပါတယ်။
"ကျွန်နော်တို့ အနီးကပ် စောင့်ကြည့် လေ့လာပြီး ရလဒ်ကို အသိပေး တင်ပြပါ့မယ်"လို့ ပါမောက္ခ ဆူဘရာမန်နီယန် က ပြောပါတယ်။








