အသက် ၉၄ နှစ်ရောက်တဲ့အထိ မြို့တော်ဝန်လုပ်ဦးမယ့် ကိုယ်စားလှယ်လောင်း

ပြီးခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ မြို့တော်ဝန် ရွေးကောက်ပွဲ ပထမအကျော့မှာလည်း မစ္စတာ ထရီဂယ်နိုက မဲအများဆုံးရထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ မြို့တော်ဝန် ရွေးကောက်ပွဲ ပထမအကျော့မှာလည်း မစ္စတာ ထရီဂယ်နိုက မဲအများဆုံးရထား
ရေးသားခဲ့သည်။

ပြင်သစ်နိုင်ငံက မြို့ကြီး၊မြို့ငယ်နဲ့ ရွာတွေက စုစုပေါင်း ၃၆,ဝ၀ဝ လောက်ရှိတဲ့ နယ်ပယ်တွေအတွက် မြို့တော်ဝန် အသီးသီး ရွေးချယ်ဖို့ ဒုတိယအကျော့ ရွေးကောက်ပွဲတွေကို ဇွန်လ နောက်ဆုံးပတ်မှာ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။

ပထမအကျော့ကို ပြီးခဲ့တဲ့ မတ်လကတည်းက ကျင်းပပြီးစီးခဲ့ပေမယ့်ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် ဒုတိယအကျော့ ဆက်လုပ်ဖို့ သုံးလကြာ ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီ ဒုတိယအကျော့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် အထဲမှာ ပါမီယေမြို့ငယ်ကလေးမှာ ဆက်လက်အရွေးခံမယ့် အသက် ၉၄နှစ်အရွယ် အွန်ဒရေး ထရီဂယ်နိုလည်း ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်နေပြီး သူ့ကို ဒေသခံသတင်းထောက် ခရစ်စ် ဘော့ခ်မန်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အနားယူဖို့ စိတ်မကူးသေးတဲ့ မြို့ဝန်

“ကျွန်တော် မသေနိုင်သေးတဲ့အပေါ် ထပ်ပြီး တောင်းပန်နေစရာ မလိုလောက်ဘူးလို့ မျှော်လင့်ရတာပါပဲဗျာ” လို့ ဟာသဉာဏ်ရွှင်ပုံရပြီး သပ်သပ်ရပ်ရပ်လည်း ဝတ်စားထားတဲ့ မစ္စတာ ထရီဂယ်နိုက စ ပြောပါတယ်။

ပီယဲဟေနေ တောင်တန်းတွေရဲ့ တောင်ခြေဒေသ မြေနိမ့် ကုန်းမြင့်လေးတွေ ပေါ်မှာ တည်ရှိပြီး လူဦးရေ ၁၆,ဝ၀ဝ ရှိတဲ့ ပါမီယေမြို့လေးရဲ့ မြို့ဝန် ဖြစ်သူ မစ္စတာ ထရီဂယ်နိုဟာ စုစုပေါင်း မြို့နှစ်မြို့မှာ မြို့တော်ဝန်လုပ်လာခဲ့တာ အနှစ် ၅၀ နီးပါး ရှိလာပြီ ဖြစ်ပြီး အနားယူဖို့လည်း စိတ်မကူးသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ မြို့တော်ဝန် ရွေးကောက်ပွဲ ပထမအကျော့မှာလည်း သူက မဲအများဆုံးရခဲ့ပြီး လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပမယ့်ဒုတိယအကျော့မှာသာ ထပ်မံ အနိုင်ရခဲ့မယ်ဆိုရင် သူ့အသက် ၁၀၁ နှစ် ပြည့်တဲ့အထိ မြို့တော်ဝန် ဆက်ဖြစ်လာနိုင်ပါတယ်။

ပြင်သစ်က အဲဒီ မြို့တော်ဝန် ရွေးကောက်ပွဲတွေမှာ အလားတူ ဆက်လက် အရွေးခံမယ့်သက်ကြီးမြို့တော်ဝန်တွေ ရှိပြီး ဘောဒိုးမြို့နားက ရွာတစ်ရွာမှာဆိုရင် အသက် ၉၈နှစ်အရွယ်ရှိသူ တဦးက မြို့တော်ဝန် အဖြစ် ဆက်လက် အရွေးခံနေပါတယ်။

ဒါပေမယ့် မစ္စတာ ထရီဂယ်နိုလို ဘဝနောက်ခံ အရောင်စုံလှသူတွေတော့ မပါဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဂျူးလူမျိုးဖြစ်တဲ့ မစ္စတာ ထရီဂယ်နို ငယ်စဉ်က ဒုတိယကမ္ဘာစစ်အတွင်း ပါရီမှာ ရှိနေသေးတဲ့အချိန်ဟာ ဂျာမန်စစ်တပ်တွေကြောင့် ပြင်သစ်က ဂျူးလူမျိုးတွေ ထွက်ပြေးရတဲ့အချိန်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျူးလူမျိုးဖြစ်တဲ့ မစ္စတာ ထရီဂယ်နို ငယ်စဉ်က ဒုတိယကမ္ဘာစစ်အတွင်း ပါရီမှာ ရှိနေသေးတဲ့အချိန်ဟာ ဂျာမန်စစ်တပ်တွေကြောင့် ပြင်သစ်က ဂျူးလူမျိုးတွေ ထွက်ပြေးရတဲ့အချိန်ဖြစ်

ဘဝ နောက်ခံ အရောင်စုံသူ မစ္စတာ ထရီဂယ်နို

မစ္စတာ ထရီဂယ်နိုဟာ ၁၉၂၅ ခုနှစ်မှာ ပြင်သစ်မြို့တော် ပါရီမှာ မွေးဖွားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက ပါရီကို သိမ်းပိုက်ထားချိန်မှာ သူက ဆယ်ကျော်သက်အရွယ် ဖြစ်ပါတယ်။

သူ့ရဲ့ မိဘတွေက အဲဒီအချိန်က ပြင်သစ် ကိုလိုနီဖြစ်တဲ့ အယ်လ်ဂျီးရီးယားက လာတဲ့ ဂျူးလူမျိုးတွေဖြစ်ပါတယ်။

တစ်နေ့မှာ မစ္စတာ ထရီဂယ်နိုတို့ မိသားစုကို ဂျာမန် အထူးရဲတပ်ဖွဲ့ ဂက်စ်တာပိုက ဖမ်းဝရမ်းထုတ်ထားတယ်လို့ တစ်တိုက်တည်းနေတဲ့ ရဲအရာရှိတဦးက သူတို့မိသားစုကို သတိပေးလာပြီး ထွက်ပြေးဖို့လည်း အကြံပေးခဲ့ပါတယ်။

ဒါနဲ့ပဲ သူတို့မိသားစုဟာ တောတောင်ထူထပ်တဲ့ အာဟရီရဲ(ဂျ်) ဒေသမှာ သွားရောက်ပုန်းခိုနေခဲ့ရပြီး အဲဒီအချိန်မှာ လူငယ်လေး ထရီဂယ်နိုကလည်း ဂျာမန်တွေကို တော်လှန်နေပြီး the Resistance လို့ ခေါ်ကြတဲ့ ပြင်သစ်တပ်ဖွဲ့ထဲ ဝင်လိုက်ပါတယ်။

နောက်ပိုင်းမှာတော့ မစ္စတာ ထရီဂယ်နိုဟာ ပြင်သစ်မြေထဲမှာ ဂျာမန်တပ်တွေရဲ့ ပစ်ချခံရပြီး ရောက်လာတဲ့ မဟာမိတ် လေတပ်သားတွေ အများစု အပါအဝင် မဟာမိတ်တပ်သားတွေကို စပိန်ဘက် ထွက်ပြေးနိုင်အောင် စာရွက်စာတမ်း အတုတွေ လုပ်ပေးပြီး ကူညီခဲ့ပါတယ်။

အဲဒီကာလအတွင်းမှာ သူ သုံးကြိမ် အဖမ်းခံခဲ့ရပေမယ့်ကံကောင်းထောက်မစွာပဲ တနည်းနည်းနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

လူငယ်လေး ထရီဂယ်နိုက ဂျာမန်တွေကို တော်လှန်နေပြီး the Resistance လို့ ခေါ်ကြတဲ့ ပြင်သစ်တပ်ဖွဲ့ထဲ ဝင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူငယ်လေး ထရီဂယ်နိုက ဂျာမန်တွေကို တော်လှန်နေပြီး the Resistance လို့ ခေါ်ကြတဲ့ ပြင်သစ်တပ်ဖွဲ့ထဲ ဝင်ခဲ့

မစ္စတာ ထရီဂယ်နိုဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့အခါမှတော့ ပြင်သစ်တောင်ပိုင်းမှာ ပြောင်းရွှေ့နေထိုင်ပြီး စီးပွားရေးဘက် ရောက်သွားခဲ့ပါတယ်။

စစ်အတွင်းက သူ့ရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး အဲဒီ အတိတ်က ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးတွေကို ကာကွယ်ဖို့က နိုင်ငံအသီးသီးက ဘဝနောက်ခံမတူသူတွေ ခရီးအတူတူထွက်ကြခြင်းအားဖြင့်သာလျှင် ဖြစ်နိုင်မယ်ဆိုပြီး စိတ်ကူးပေါက်လာကြောင်း သူက ဆိုပါတယ်။

သူ့ရဲ့ ဖခင်နဲ့ အစ်ကိုကြီးဖြစ်သူတို့ဟာ စစ်ကြီးမဖြစ်ခင်က ယာယီတဲတွေ လုပ်တဲ့ လုပ်ငန်း လုပ်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ သူက စခန်းချ ခရီးထွက်သူတွေအတွက် စီစဉ်ပေးတဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင် ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူတို့မိသားစုဟာ အဲဒီအချိန်က ထူထောင်ခါစဖြစ်ပြီး လက်ရှိခေတ်မှာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီကြီး တခုဖြစ်လာမယ့် ကလပ်မက် (Club Med)ကို ယာယီတဲတွေ သွင်းရတဲ့ ကန်ထရိုက်ရခဲ့ပါတယ်။

အဲဒီကတဆင့်မစ္စတာ ထရီဂယ်နိုရဲ့ အစ်ကို ဂီးလ်ဘတ်ဟာ ကလပ်မက် မှာ ဝင်ရောက်လုပ်ကိုင်ပြီး ဘဏ္ဍာရေးဒါရိုက်တာဖြစ်၊ အဲဒီကနေမှ ဥက္ကဋ္ဌနဲ့ ညွှန်ကြားရေးမှူးချုပ် နေရာတွေကိုပါ ရရှိလာခဲ့ပါတယ်။

၁၉၆၀ နောက်ပိုင်းမှာ ထရီဂယ်နိုတို့ မိသားစုက ယာယီတဲတွေ သွင်းရတဲ့ ကလပ်မက် ကုမ္ပဏီက တန်ဖိုးကြီး ဇိမ်ခံ ခရီးထွက်တဲ့ လုပ်ငန်းဘက်ကို ရောက်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၆၀ နောက်ပိုင်းမှာ ထရီဂယ်နိုတို့ မိသားစုက ယာယီတဲတွေ သွင်းရတဲ့ ကလပ်မက် ကုမ္ပဏီက တန်ဖိုးကြီး ဇိမ်ခံ ခရီးထွက်တဲ့ လုပ်ငန်းဘက်ကို ရောက်လာခဲ့

လက်ရှိအချိန်မှာ ကလပ်မက် ကုမ္ပဏီဟာ သူ့ရဲ့ တန်ဖိုးကြီး ဇိမ်ခံ ဟော်တယ်တွေကြောင့် နာမည်ကြီးတဲ့ ကုမ္ပဏီ ဖြစ်ပေမယ့်ပထမဆုံး စထောင်တဲ့ ၁၅ နှစ်တာ ကာလမှာတော့ ယာယီတဲနဲ့ မြက်နဲ့လုပ်တဲ့ရုံလေးတွေမှာ စခန်းချ နေထိုင်ရတဲ့ အပျော်ခရီးထွက်တာ မျိုးကို အဓိက စီစဉ်ပေးတဲ့ ကုမ္ပဏီ ဖြစ်ခဲ့ပြီး အဲဒီ တဲတွေဆောက်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို မစ္စတာ ထရီဂယ်နိုက ရှာဖွေ စုဆောင်းပေးခဲ့ရပါတယ်။

မစ္စတာ ထရီဂယ်နိုဟာ အဲဒီအချိန်က အမေရိကန် စစ်တပ်က အသုံးမလိုတော့ပဲ ဥရောပတိုက်တလွှား ပေါပေါများများ ရှိနေပြီး လူ ၁၀ ယောက် နေလို့ရတဲ့ ယာယီတဲတွေကို ဈေးသက်သက်သာသာနဲ့ ရအောင် စုဆောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အချိန်က ကလပ်မက် ကုမ္ပဏီက စီစဉ်တဲ့ ခရီးစဉ်မျိုးဟာ နေရောင် ကောင်းကောင်းရတဲ့ စပိန်က မယော့ယာကျွန်း၊ ဂရိက ကော်ဖူးကျွန်းနဲ့ အယ်လ်ဂျီးရီးယားက ဂျဲ(ရ်)ဘာ ကျွန်းလို နေရာတွေကို လူအများအပြား တစုတစည်းထဲ နေထိုင်ပြီး ရိုးရိုးရှင်းရှင်း ခရီးထွက်နိုင်တဲ့ ခရီးစဉ်မျိုး ဖြစ်ပါတယ်။

အဲဒီ အချိန်က ကလပ်မက် ကုမ္ပဏီရဲ့ ဆောင်ပုဒ်ကတော့ ခရီးထွက်ချိန်မှာ အားလုံး သာတူညီမ ျှ ပါပဲ ဆိုတဲ့ ဆောင်ပုဒ် ဖြစ်ပြီး ဒီဆောင်ပုဒ်ဟာ မစ္စတာ ထရီဂယ်နိုရဲ့ စေ့ဆော်မှုကြောင့် ဖြစ်နိုင်ပြီး သူကိုယ်တိုင်လည်း သဘောကျနိုင်တဲ့ ဆောင်ပုဒ်လည်း ဖြစ်ပါတယ်။

တန်ဖိုးကြီး ဂန္တဝင်ကား အစီး ၁၂၀ ကို စုဆောင်း ဝယ်ယူနိုင်တဲ့အထိ ကြွယ်ဝလာပြီးနောက်ပိုင်း မစ္စတာ ထရီဂယ်နိုက နိုင်ငံရေးဘက်မှာ နယ်ပယ်ထူထောင်ဖို့ လှည့်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တန်ဖိုးကြီး ဂန္တဝင်ကား အစီး ၁၂၀ ကို စုဆောင်း ဝယ်ယူနိုင်တဲ့အထိ ကြွယ်ဝလာပြီးနောက်ပိုင်း မစ္စတာ ထရီဂယ်နိုက နိုင်ငံရေးဘက်မှာ နယ်ပယ်ထူထောင်ဖို့ လှည့်လာ

စီးပွားရေးကနေ နိုင်ငံရေးဘက် နယ်ချဲ့လာ

၁၉၅၅ ပတ်ဝန်းကျင်လောက်မှာ ပြင်သစ်အစိုးရက တစ်နှစ်ကို လစာ ဆက်ရမယ့် အားလပ်ရက် သုံးပတ်အထိ တိုးပေးလိုက်တာကလည်း ထရီဂယ်နို မိသားစုရဲ့ ယာယီတဲ လုပ်တဲ့ လုပ်ငန်းကို ပိုပြီး ကြီးပွားလာစေခဲ့ပါတယ်။

၁၉၇၀ နောက်ပိုင်း ကာလတွေမှာ “စခန်းချ ခရီးထွက်ပြီဆိုရင် ထရီဂယ်နိုကပဲ ဖြစ်ရမယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ

ထရီဂယ်နို ကုမ္ပဏီဟာ ခရီးထွက်ရာမှာ သုံးတဲ့ နောက်တွဲ လူနေယာဉ် ထုတ်လုပ်မှု အပါအဝင် လူတွေရဲ့ နေအိမ်ပြင်ပ လုပ်ကိုင်မှုတွေနဲ့ ဆိုင်တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ကုမ္ပဏီကြီးတခု ဖြစ်လာခဲ့ပါတယ်။

ဒီလို အောင်မြင်မှုနဲ့အတူ မစ္စတာ ထရီဂယ်နိုရဲ့ စခန်းချ ခရီးထွက်ရေး စီစဉ်တဲ့ ကုမ္ပဏီဟာ ပြင်သစ်၊ စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေမှာရှိတဲ့ ဒါဇင်နဲ့ချီတဲ့ စခန်းချ ခရီးထွက်ရာ နေရာတွေကိုပါ ပိုင်ဆိုင်လာခဲ့ပါတယ်။

အဲဒီကနေရတဲ့ အမြတ်ငွေတွေကြောင့် သူဟာ တန်ဖိုးကြီး ဂန္တဝင်ကား အစီး ၁၂၀ ကို စုဆောင်း ဝယ်ယူနိုင်ခဲ့ပြီး အဲဒီ အထဲမှာ စီထရိုအင်၊ ကက်ဒလက်စ်၊ ထရိုင်ရမ့်(ဖ်စ်)၊ ရိုးရွိုက်စ်နဲ့ အိတ်က်စ် ကားလီဗာ တံဆိပ် ကားတွေလည်း ပါဝင်ပါတယ်။

နောက်ပိုင်းမှာတော့ မစ္စတာ ထရီဂယ်နိုဟာ နိုင်ငံရေးဘက်ကို ပိုပြီး အာရုံစိုက်လာပြီး သူအခု မြို့ဝန်လုပ်နေတဲ့ ပီယဲဟေနေ တောင်ခြေနယ်တစ်ဝိုက်ကို သူပိုင် နိုင်ငံရေး နယ်မြေ တစ်ခုအဖြစ် အသွင်ပြောင်းလာနိုင်ခဲ့ပါတယ်။

သူဟာ အာဟရီရဲ(ဂျ်)ဒေသမှာ အကြီးဆုံးဖြစ်တဲ့ ပါမီယေမြို့လေးမှာ မြို့တော်ဝန်အဖြစ် ၂၅ နှစ် လုပ်ကိုင်ခဲ့ပြီး အဲဒီ မတိုင်ခင်ကလည်း ပါမီယေမြို့ထက်သေးတဲ့ မက်ဇဲ(ဟ်) မြို့မှာ ၂၄ နှစ်ကြာ မြို့ဝန် လုပ်ခဲ့ပါတယ်။

မစ္စတာ ထရီဂယ်နိုဟာ အခုလို မြို့ဝန်လုပ်နေစဉ်ကာအတွင်းမှာလည်း မြို့တော် ပါရီက နိုင်ငံတော် ပါလီမန်မှာ အမတ်လည်း ဖြစ်ခဲ့ပါသေးတယ်။

မြို့တော်ဝန်အနေနဲ့ မြို့လယ်ပိုင်းကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ကိစ္စတွေ ကျန်နေသေးတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, CHRIS BOCKMAN

ဓာတ်ပုံ ပုံစာ, မြို့တော်ဝန်အနေနဲ့ မြို့လယ်ပိုင်းကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ကိစ္စတွေ ကျန်နေသေးတယ်လို့ ဆို

မစ္စတာ ထရီဂယ်နိုက ဘာဖြစ်လို့ မြို့တော်ဝန်ဆက်လုပ်ချင်နေရတာလဲ

သူ့ရဲ့ ရှိပြီးသား ပိုင်ဆိုင်မှုတွေကြောင့် ရာထူးကို အသုံးချပြီး ကိုယ်ကျိုး လုပ်မယ်ဆိုတာမျိုး သိပ်စိတ်မပူကြလို့ သူ့ကို ယုံကြည် စိတ်ချကြတယ်လို့လည်း မစ္စတာ ထရီဂယ်နိုက ပြောပါတယ်။

ဒါဆို ဒီလောက်အထိ ပြည်သူ့ဝန်ထမ်း လုပ်လာပြီးမှ ဘာလို့ဆက်လုပ်ချင်နေသေးတာလဲ ဆိုပြီး မေးတဲ့ အခါမှာတော့ သူက မြို့တော်ဝန်အနေနဲ့ လုပ်စရာတွေ ကျန်နေသေးလို့ပါလို့ ဆိုပါတယ်။

လေကြောင်းဆိုင်ရာလုပ်ငန်းတွေအတွက် အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ ဒါဇင်နဲ့ချီတဲ့ စက်ရုံတွေက ပါမီယေမြို့ အလယ်ပိုင်း တဝိုက်မှာ အချိန်ပိုသုံး လည်ပတ်နေကြပြီး အဲဒီနေရာတစ်ဝိုက်မှာ ဆင်းရဲမွဲတေမှုတွေ ရှိနေတဲ့အတွက် မြို့လယ်ပိုင်းကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ကိစ္စကလည်း ဒီလုပ်စရာတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော် အိပ်ရာဝင်ပြီး နိုးလာတိုင်း ဒါဇင်နဲ့ချီတဲ့ မြို့နဲ့ ပတ်သက်တဲ့ စိတ်ကူးအကြံအစည်တွေကလည်း ရနေတယ်လေ” လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဘာပဲပြောပြော သူ့ရဲ့ အသက်က ရှောင်လွဲလို့မရတဲ့ သူ့ပြိုင်ဘက်တွေ ထောက်ပြစရာ တခုဖြစ်နေပြီး အဲဒီ ပြိုင်ဘက်တွေထဲက ၂ ဦးကလည်း မစ္စတာ ထရီဂယ်နို မြို့တော်ဝန် ဆက်မလုပ်ဖို့ အချိန်တန်ပြီလို့ ဆိုပါတယ်။

အဲဒီအထဲက တဦးဖြစ်ပြီး မြို့ခံမုန့်ဖိုတစ်ခုကို ဝန်ထမ်း ၂၀ နဲ့ ကြီးကြပ်နေသူလည်း ဖြစ်တဲ့ မာဟီလင်း ဒူးဆာ့ ကလည်း မစ္စတာ ထရီဂယ်နိုဟာ အရင်က မြို့အတွက် အများကြီး လုပ်ပေးခဲ့တာတွေရှိတယ် ဆိုပေမဲ့ အခုအချိန်မှာတော့ သက်ကြီး အာဏာရှင် တစ်ယောက်လို ဖြစ်လာပြီလို့ ဆိုပါတယ်။

မစ္စတာ ထရီဂယ်နိုက သူမသေနိုင်သေးတဲ့အပေါ် မတောင်းပန်ရလောက်ဘူးလို့ မျှော်လင့်တယ်ဆိုပြီး နောက်ပြောင် ပြောခဲ့တာကလည်း ဒီလို မကျေနပ်မှုတွေရှိလာလို့ ဖြစ်တယ်လို့ ယူဆရပါတယ်။

မစ္စတာ ထရီဂယ်နိုရဲ့ ပြိုင်ဘက်တွေက အပြိုင်အဆိုင် "တိုက်ယူရမယ်" ဆိုတဲ့ ပါမီယေမြို့လေးရဲ့ မြို့တော်ခန်းမ အဝင်

ဓာတ်ပုံ ရင်းမြစ်, CHRIS BOCKMAN

ဓာတ်ပုံ ပုံစာ, မစ္စတာ ထရီဂယ်နိုရဲ့ ပြိုင်ဘက်တွေက အပြိုင်အဆိုင် "တိုက်ယူရမယ်" ဆိုတဲ့ ပါမီယေမြို့လေးရဲ့ မြို့တော်ခန်းမ အဝင်

မစ္စတာ ထရီဂယ်နို ဟာ စကားပြောပြီး တစ်နာရီလောက် ကြာလာတဲ့အခါမှာ “ကျွန်တော်ပြောနေတာ ရှင်းရဲ့လား၊ အဓိပ္ပါယ်ရော ပေါက်ရဲ့လား” ဆိုပြီး သူအသက်ကြီးလာလို့ စကားပြော မရှင်းမရှင်း ဖြစ်နေနိုင်တဲ့ အပေါ် ဟာသနှောသလိုနဲ့လည်း မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။

လူငယ်တွေ ဒါမှမဟုတ် အနည်းဆုံး သူ့ထက် ငယ်သူတွေအနေနဲ့ သူတို့အလှည့်ကို စောင့်ရမှာပဲ လို့လည်း မစ္စတာ ထရီဂယ်နိုက ဆိုပါတယ်။

“ဆယ်ထပ်တိုက် ဆောက်မယ် ဆိုလို့ရှိရင် ငါးထပ်အထိ ဆောက်ပြီးကာမှ ဆောက်နေတဲ့ ဗိသုကာသမားကို လူပြောင်းလို့ မဖြစ်ဘူး၊ အဓိပ္ပာယ်လည်း မရှိဘူးလေ” လို့လည်း သူက ရယ်ရယ်မောမော ပြောဆိုခဲ့ပါတယ်။

မစ္စတာ ထရီဂယ်နိုဟာ အရောင်တောက်နေတဲ့ မျက်လုံးတွေနဲ့အတူ မြို့တော်ဝန် ရွေးကောက်ပွဲကနေ ဒေသကောင်စီရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲအထိ သူဝင်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲ အမျိုးမျိုး ၁၉ခုမှာ တစ်ကြိမ်ပဲ ရှုံးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“ကျွန်တော့နေရာကို လိုချင်တဲ့သူက အပြိုင်အဆိုင် တိုက်ယူဖို့တော့ လိုမှာပေါ့” လို့ မစ္စတာ ထရီဂယ်နိုက အဆုံးသတ် စကားဆိုခဲ့ပါတယ်။