ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယမှာ ကုန်တိုက်တွေ၊ ရုံးတွေ ပြန်ဖွင့်တော့မယ်
တင်းကျပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းစည်းမျဉ်းတွေကို ပြန်လျှော့ချပေးလာနေတဲ့ အိန္ဒိယနိုင်ငံမှာ ဇွန်လ ၈ ရက်နေ့ကျရင် ကုန်တိုက်တွေ၊ ဘာသာရေးဝတ်ပြုတဲ့နေရာတွေ၊ စားသောက်ဆိုင်တွေ၊ ရုံးတွေကို ပြန်ဖွင့်ပေးတော့မှာပါ။
လမ်းညွှန်ချက်တွေထဲမှာ အလုပ်သမားတွေကို ပုံမှန်လို တပြိုင်နက်ထဲမလာစေဖို့ အလုပ်ချိန်တွေ မတူအောင်လွှဲပြီး ချပေးတာ၊ ဘုရားကျောင်းတွေမှာ အစားအစာတွေ မလှူရတာ၊ အခန်းထဲမှာ လေအေးစက်ဖွင့်ရင်လည်း ၂၄ ဒီဂရီ စင်တီဂရိတ်ထက် နည်းအောင်မထားရတာ စတာတွေလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ ကန့်သတ်ထားသေးတဲ့ ဇုန်တွေအတွင်းမှာတော့ ဆက်လက်ပိတ်ထားတာတွေ လုပ်ထားဦးမှာဖြစ်ပြီး မရှိမဖြစ်လုပ်ငန်းတွေသာ လုပ်ခွင့်ပြုမှာပါ။
ရောဂါအခံရှိနေသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက်အရွယ်ကြီးသူတွေကိုတော့ အိမ်ထဲမှာပဲ ဆက်နေဖို့ တိုက်တွန်းထားပါတယ်။
အဆောက်အအုံ၊ ပရဝဏ်တွေရဲ့ ဝင်ပေါက်အားလုံးမှာ လက်သန့်ရှင်းရေးလုပ်ဖို့ ဆေးရည်တွေထားပေးဖို့၊ လူတွေ ခပ်ခွာခွာနေတဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းပေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ပြန်ဖွင့်ဖို့ ခွင့်ပြုပေမယ့် တင်းကျပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာပါ။
ဘာသာရေးအရ အစားအစာဝေတာတွေ မလုပ်ဖို့၊ သိဒ္ဓိတင်ထားတဲ့ရေတွေ၊ ပရိတ်ရေတွေနဲ့ မဖျန်းဖို့၊ ဆင်းတုတော်တွေ၊ ရုပ်တုတွေကို မပွတ်သပ်ဖို့၊ လူစုလူဝေးမလုပ်ဖို့ စတာတွေကို ကန့်သတ်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားစေဖို့ တားမြစ်တဲ့အချက်တွေထဲမှာ ဘာသာရေး ဆုတောင်း သီချင်းတွေ၊ ဂုဏ်တော်ကျူးရင့်တာတွေကို အုပ်စုလိုက်ဆိုတာ၊ တီးမှုတ်တာတွေမလုပ်ဘဲ အသံသွင်းထားတဲ့ တိပ်ခွေတွေသာဖွင့်ဖို့လည်း စည်းကမ်းထုတ်ထားပါတယ်။
စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေလိုက်နာရမယ့် စံနမူနာ လုပ်ထုံးလုပ်နည်းတွေထဲမှာ အစားအသောက်ထုပ်တွေကို စားသုံးမယ့်သူဆီ တိုက်ရိုက်မပေးရတာလည်း ပါဝင်ပါတယ်၊ ပါဆယ်ရောင်းတဲ့ စနစ်ကို အားပေးထားပြီး၊ စားသောက်ဆိုင်မှာ မူရင်းခုံ အရေအတွက်ရဲ့ ၅၀% အတွက်ပဲ လူလက်ခံဖို့ကို သတ်မှတ်ထားပါတယ်။
အိမ်တွေကို ပါဆယ်လိုက်ပို့တဲ့ ဝန်ထမ်းတွေ၊ စားဖိုမှူးတွေရဲ့ ကိုယ်အပူချိန်ကို အမြဲတမ်းစောင့်ကြည့် စစ်ဆေးရမယ်ဆိုတဲ့ စည်းမျဉ်းလည်း လမ်းညွှန်ချက်တွေထဲမှာ ပါဝင်ပါတယ်။
အလုပ်တွေ၊ ရုံးတွေနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေမှာတော့ ဝန်ထမ်းတွေရဲ့ အလုပ်ချိန်တွေကို နေ့လယ်ပိုင်း အားချိန်ပေးတာကို လွှဲပြီး ခွဲချထားစေပါတယ်။
ရုံးတွင်းနဲ့ ရုံးပရဝဏ်က ကော်ဖီဆိုင်တွေ၊ အစားအစာဆိုင်တွေ၊ တခြားဆိုင်တွေမှာလည်း လူတွေခပ်ခွာခွာနေရမယ့် စည်းမျဉ်းကိုလိုက်နာကြရမှာပါ။
ဓာတ်လှေခါးစီးရင် တကြိမ်မှာ စီးခွင့်ပြုတဲ့ လူအရေအတွက်ကိုလည်း ကန့်သတ်လိုက်ပါတယ်။
အဆောက်အအုံအတွင်းက လေအေးပေးစက်တွေကို ၂၄ ဒီဂရီ - ၃၀ ဒီဂရီ စင်တီဂရိတ်အကြား၊ စိုထိုင်းဆ အဆင့်ကို ၄၀% ကနေ ၇၀% ကြားမှာပဲ ထားဖို့ ကန့်သတ်ထားပါတယ်။
ကုန်တိုက်တွေအတွင်းမှာ ဂိမ်းကစားတဲ့နေရာတွေ၊ ရုပ်ရှင်ခန်းမတွေ၊ ကစားတဲ့နေရာတွေကို ပိတ်ထားဖို့လည်း ညွှန်ကြားထားပါတယ်။