ကိုရိုနာဗိုင်းရပ်စ်- ဝူဟန်ဒေသခံ ၁၁ သန်းကို ကိုရိုနာဗိုင်းရပ်စ် စစ်ဖို့ ပြင်ဆင်

ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် စပြန့်ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ မြို့ခံ ၁၁ သန်းလုံးကို ပိုးစစ်ဖို့ လုပ်နေတယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။

ဒီအစီအစဥ်က အစပိုင်း အဆင့်မှာပဲ ရှိသေးပြီး ဝူဟန်က သက်ဆိုင်ရာ ဒေသအပိုင်းအလိုက် စစ်ဆေးမယ့် အစီအစဥ် အသေးစိတ်တွေကို တင်ပြကြရမှာ ဖြစ်ပါတယ်။

အဲဒီ မတိုင်ခင်တုန်းက ဧပြီ ၃ ရက် က စပြီး ကူးစက်မှု အသစ်မတွေ့ခဲ့ပါဘူး။

ရောဂါကူးစက်မှုတွေကြောင့် တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေ ဝူဟန်မှာ သီတင်း ၁၁ ပတ် လုပ်ခဲ့ပါတယ်။ နောက်တော့ ဧပြီ ၈ ရက်မှာ မြို့ကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

အဲဒီအချိန်အတွင်း ပုံမှန် အခြေအနေ ပြန်ဖြစ်လာပုံ တွေ့ရပါတယ်။ ကျောင်းတွေ ပုံမှန်ပြန်ဖွင့်တာ၊ စီးပွားရေးလုပ်ငန်းတွေ ဖြည်းဖြည်းချင်း ပြန်စလာကြတာ၊ ကား၊ရထားတွေ ပြန်စဆွဲတာတွေ တွေ့ရပါတယ်။

ဒါပေမဲ့ အခုလို အစုလိုက်ကူးစက်မှု တွေ့လာရလို့ ပုံမှန် ပြန်ရောက်မယ့်အရေးကို အတားအဆီး ဖြစ်လာပါတယ်။ ဒီကူးစက်မှုတွေက အိမ်ရာတစ်ခုတည်းမှာ တွေ့ခဲ့တာပါ။

၁၀ ရက် တိုက်ပွဲ

ဝူဟန်က ဒေသအပိုင်းလိုက်တိုင်းဟာ ၁၀ ရက်အတွင်း ပိုးစစ်မယ့် အစီအစဥ်တွေကို အင်္ဂါနေ့ နေ့လယ် အပြီးဆွဲဖို့ ညွှန်ကြားထားတဲ့စာ ပျံ့နှံ့နေပါတယ်။

ဒေသအပိုင်းတိုင်းဟာ ကိုယ့်ကိုယ်ပိုင် အစီအစဥ်ကို ဒေသ လူဦးရေနဲ့ ကူးစက်မှု အခြေအနေအလိုက် ကိုယ့်ဘာသာ ရေးဆွဲရမှာပါ။

ဒီအစဥ်ကို ညွှန်ကြားချက်ထဲမှာ ၁၀ ရက် တိုက်ပွဲလို့ သုံးထားပြီး အသက်ကြီးသူတွေနဲ့ လူထူထပ်တဲ့နေရာတွေကို ဦးစားပေး စစ်ဖို့ လည်း ညွှန်ကြားထားပါတယ်။

ဒါပေမဲ့ ဒီလို တမြို့လုံး စစ်ဖို့ဆိုတာ လက်တွေ့ လုပ်ဖို့ မလွယ်ဘဲ အကုန်အကျလည်း များမယ်လို့ အကြီးတန်း ကျန်းမာရေး အရာရှိတွေကို ကိုးကားပြီး Global Times သတင်းစာက ပြောပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ၊ ကူးစက်နိုင်ခြေ မြင့်တဲ့သူတွေနဲ့ ကူးစက်သူတွေနဲ့ ထိတွေ့ဖူးသူတွေကို စစ်ဆေးတာ ပိုဖြစ်နိုင်ခြေရှိတယ်လို့ ဝူဟန်တက္ကသိုလ် ကျုံးနန်ဆေးရုံက အထူးကြပ်မတ်ကုသဆောင် ညွှန်ကြားရေးမှူး ဖုန့်ကြည်ယုံးက ပြောပါတယ်။

တခြား ညွှန်ကြားရေးမှူး တစ်ယောက်ကတော့ ဝူဟန်က လူ သုံးသန်းက နေ ငါးသန်းလောက်က စစ်ထားပြီးသား ဖြစ်လို့ ကျန်တဲ့ လူ ခြောက်သန်းကနေ ၁၀ သန်းလောက်ကို ၁၀ ရက်အတွင်း စစ်နိုင်စွမ်း ရှိတယ်လို့ ပြောပါတယ်။