လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုရိုနာဗိုင်းရပ်စ် ပိုးရှိမရှိ စစ်မယ်

လွှတ်တော်ကိုယ်စားလှယ်တွေဟာ မေလ ၉ ရက်နေ့ကစလို့နေပြည်တော်ကိုရောက်ရှိနေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွှတ်တော်ကိုယ်စားလှယ်တွေဟာ မေလ ၉ ရက်နေ့ကစလို့နေပြည်တော်ကိုရောက်ရှိနေကြ
ရေးသားခဲ့သည်။

မေလ ၁၈ ရက်နေ့မှာပြန်လည်စတင်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ မေလ ၉ ရက်နေ့ကစလို့နေပြည်တော်ကိုရောက်ရှိနေကြပါတယ်။

နေပြည်တော်ကို ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အစည်းအဝေးမတက်ခင် ကိုဗစ်-၁၉ ရော ဂါပိုးရှိမရှိ စစ်ဆေးသွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဋ္ဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး ကဘီဘီစီကိုပြောပါတယ်။

ဒါအပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို မိမိနေထိုင်တဲ့အခန်းမှာပဲ Home Stay ပုံစံသီးခြားစီနေထိုင်ဖို့ကို မေတ္တာရပ်ခံထားတယ်လို လည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆိုပါတယ်။

မကြာခင်စတင်မယ့် လွှတ်တော်အစည်းအဝေးကို တက်ရောက်ဖို့ နေပြည်တော်ကိုလာရောက်တဲ့ NLD ပါတီကိုယ်စားလှယ်တွေအနေနဲ့ မိသားစု ခေါ်မလာရဘဲ တစ်ယောက်တည်းလာဖို့ NLD ပါတီက ခေါင်းဆောင်တွေက ညွှန်ကြားထားခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကိုဗစ်နိုင်တင်းရောဂါပိုးရှိမရှိ စစ်ဆေးထားပြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကိုဗစ်နိုင်တင်းရောဂါပိုးရှိမရှိ စစ်ဆေးထားပြီး

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတက်ရောက်မယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ မေလ ၇ ရက်နေ့က ကိုဗစ်နိုင်တင်းရောဂါပိုးရှိမရှိ စစ်ဆေးထားပြီးပိုးတွေ့တဲ့ လူမရှိဘူးလို့ လည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

လွှတ်တော်အစည်းအဝေးခန်းမကိုလည်း အစည်းအဝေးကျင်းပနေစဥ်မှာ တံခါးတွေဖွင့်ထားမှာ ဖြစ်သလို့လွှတ်တော်ကိုယ်စားလှယ်တွေနေနဲ့လည်း တစ်ခုံခြားစီထိုင်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

မေလ ၁၈ ရက်နေ့မှာ ပြန်လည်စတင်မယ့် အစည်းအဝေးမှာ အဓိကအားဖြင့်ဖြည့်စွက်ဘက်ဂျက်တောင်းခံမူ့ကို အဓိက ဆွေးနွေးမှာဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်းတွေကချေးယူမယ့် ချေးငွေကိစ္စတို့ ကို အဓိက ထား ဆွေးနွေးမှာဖြစ်ပါတယ်။

အခုပြန်လည်စတင်မယ့် အစည်းအဝေးဟာ နှစ်ပတ်လောက်သာကျင်းပဖို ရှိပြီး NLD ပါတီကိုယ်စားလှယ်တွေကလွဲလို့ ကျန်တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ်အများစုကတော့ ဒီတစ်ကြိမ်အစည်းအဝေးကို မတက်ရောက်ကြဘဲ ခွင့်ယူထားကြပါတယ် ။

မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားသူ ၁၈၀ ဦးရှိပြီး သေဆုံးသူ ၆ ဦး၊ ပြန်လည်ကောင်းမွန်သူ ၇၂ ဦးရှိပါတယ်၊ လက်ရှိမှာ စောင့်ကြည့်လူနာ ၃,၈၃၅ ဦး ရှိပြီး တစ်နိုင်ငံလုံးဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်းတစ်သောင်းတစ်ထောင်ကျော် ရှိတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၁၁ က ထုတ်ပြန်ထားပါတယ်။