သတ်မှတ်ချက်တွေအတိုင်း ဖြေလျှော့သွားမယ်လို့ ဘောရစ်ဂျွန်ဆင်ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ကန့်သတ်ထားမှုတွေကို ဖြေလျှော့ပေးသွားနိုင်မယ့် အစီအစဉ်ကို ဝန်ကြီးချုပ်ဘောရစ် ဂျွန်ဆင်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်တွေဟာ အခြေအနေအကြောင်းအရာတွေအပေါ် အများကြီး မူတည်မှာ ဖြစ်ပြီး လိုအပ်လာရင် ဖြေလျှော့မှုတွေကို ပြန်ရုပ်သိမ်းဖို့လည်း တွန့်ဆုတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အဓိက ပြောင်းလဲသွားတဲ့ သတင်းစကားကတော့ ယူကေမှာ အခုအထိ ရှိနေခဲ့တဲ့ အိမ်ထဲမှာ နေကြပါဆိုတဲ့ မှာကြားချက်အစား သတိရှိရှိဆက်နေကြပါ ဆိုတဲ့ မှာကြားနှိုးဆော်ချက်ပါပဲ။ လက်ရှိအခြေအနေမှာ လူတွေကို တစ်နေ့ကို တစ်နာရီပဲ လေ့ကျင့်ခန်းလုပ်ဖို့ အပြင်ထွက်ဖို့ မှာကြားထားပေမယ့် ဗုဒ္ဓဟူးနေ့ကစလို့ အပြင်မှာ ပိုပြီး နေနိုင်ဖို့ ခွင့်ပြုသွားမယ်လို့လည်း ပြောပါတယ်။
မေလ ၁၁ ရက် တနင်္လာနေ့ကစပြီး အိမ်မှာ အလုပ်လုပ်ဖို့ မဖြစ်နိုင်သူတွေ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖြစ်နိုင်သမျှ အများပြည်သူသုံး ခရီးသည်ပို့ဆောင်ရေးစနစ်တွေ မသုံးကြဖို့နဲ့ လူချင်းခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းကမ်းချက်တွေကိုလည်း ဆက်လိုက်နာကြဖို့ မစ္စတာဂျွန်ဆင်က သတိပေးပါတယ်။
အစောဆုံး ဇွန်လ ၁ ရက်နေ့မှာ မူလတန်း အတန်းတချို့ကို ဖွင့်လှစ်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ စျေးဆိုင်တချို့ကို ပြန်ဖွင့်ဖို့လည်း မျှော်လင့်ပေမယ့် အဲဒီလို ဖွင့်ဖို့ကို ဖွင့်နိုင်မယ်ဆိုတဲ့ အချက်အလက်တွေက ကိုက်ညီမှ ဖြစ်မယ်လို့ ပြောပါတယ်။
စားသောက်ဆိုင်တွေကိုတော့ ဇူလိုင်လမတိုင်ခင် ဖွင့်နိုင်ဦးမှာ မဟုတ်သေးဘဲ ဒါကလည်း နောက်ထပ်ရရှိမယ့် အချက်အလက်တွေအပေါ် မူတည်မယ်လို့ ပြောသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အချက် ၅ ချက်ကို ကြည့်သွားမယ်
ယူကေအနေနဲ့ လော့ခ်ဒေါင်းချထားတာကို ချက်ခြင်းပြန်ဖွင့်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘဲ ရှေ့ကို လုပ်သွားမယ့် အစီအစဉ်ကို တိုင်းတာဖို့ အချက် ၅ ချက်ရှိတယ်လို့ သူက ပြောပါတယ်။ အဲဒါတွေကတော့
၁။ ယူကေ ကျန်းမာရေးဌာန NHS အနေနဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်စွမ်းရှိဖို့
၂။ သေဆုံးသူနှုန်း ဆက်တိုက် လျော့နည်းလာတာတွေ့ရဖို့
၃။ ကူးစက်မှုနှုန်းကလည်း ကိုင်တွယ်နိုင်စွမ်းရှိတဲ့ အနေအထားရောက်ဖို့
၄။ ပီပီအီးလို့ခေါ်တဲ့ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ နောင်လိုအပ်လာမယ့် ပမာဏအတိုင်း ရရှိနိုင်ဖို့
၅။ လျှော့ပေါ့ပေးလိုက်လို့ ပိုးကူးစက်မှုနှုန်း နောက်တစ်ကြိမ် မြင့်မတက်လာဖို့
ဆိုတဲ့ အချက်တွေကို ကြည့်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ မစ္စတာဂျွန်ဆင်က ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ဟာ မရေမရာ သတင်းစကားတွေ ပါဝင်နေပြီး လူတွေ သိချင်တဲ့အချက်တွေ ရသွားရမယ့်အစား မေးခွန်းတွေပဲ ပိုများသွားစေတယ်လို့ အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဆာကီယာစတမ်းမာက ဝေဖန်ပါတယ်။
ယူကေဆိုပေမယ့် အင်္ဂလန်အတွက်ပဲ ဖြစ်မယ်
အိမ်မှာနေကြပါဆိုတဲ့ သတင်းစကားအစား သတိဆက်ရှိကြပါလို့ ဒီအချိန်မှာ ပြောင်းလဲလိုက်တာကို စကော့တလန်ဝန်ကြီးချုပ် နီကိုလာစတာဂျင်ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ သူတို့ စကော့တလန်မှာတော့ အပြောင်းအလဲမရှိ လူတွေကို အိမ်ထဲမှာ ဆက်နေခိုင်းထားမယ်လို့ သူက ဆိုပါတယ်။
ယူနိုက်တက်ကင်းဒမ်းထဲ အပါအဝင်ဖြစ်ကြတဲ့ ဝေလပြည်နယ်နဲ့ မြောက်ပိုင်းအိုင်ယာလန်အစိုးရတွေကလည်း သူတို့ဒေသတွေမှာ သူတို့ စည်းမျဉ်းအတိုင်းပဲ ဆက်လုပ်သွားမယ်လို့ ပြောကြပါတယ်။








