ရှန်ဟိုင်း ဒစ္စနီ ဥယျာဥ် ပြန်ဖွင့်တာ နမူနာ ယူစရာ ဖြစ်လာမလား

ရေးသားခဲ့သည်။

ရှန်ဟိုင်း ဒစ္စနီ ပွဲခင်း (Shanghai Disneyland) ကို ပြန်ဖွင့်နိုင်တယ်ဆိုရင် လော့ဒေါင်းချပြီးတဲ့နောက်ပိုင်း ပြန်စဖို့ လုပ်နေကြတဲ့ ကုမ္ပဏီတွေအတွက် အသုံးကျစရာ အတွင်းကျကျ သိမြင်နိုင်တာတွေကို ပေးနိုင်ပါလိမ့်မယ်။

တရုတ်နိုင်ငံမှာ ၃ လ ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ အဲဒီ ပျော်စရာ အပန်းဖြေနိုင်စရာ ဥယျာဥ်ကို လာရောက်မယ့် ဧည့်သည်တွေ အတွက် ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းသစ်တွေနဲ့ အတူ နောက်သီတင်းပတ်အတွင်းမှာ ပြန်ဖွင့်တော့မှာပါ။

နှာခေါင်းစည်းတပ်တာ၊ ပိုးကူးလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ကွင်းဆက်နောက်ကြောင်း၊ ကိုယ်အပူချိန် စတာတွေ စစ်ဆေးဖို့က စည်းမျဥ်းသစ်တွေထဲမှာ ပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားတာကို ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်။

လူကိုယ်တိုင် တန်းစီစရာ မလိုတဲ့ နည်းပညာသုံး တန်းစီစနစ် အပါအဝင် တခြား နည်းပညာတွေကိုလည်း စဉ်းစားထားတယ်လို့ ပြောပါတယ်။

တရုတ်မှာ ဗိုင်းရပ်စ်ကပ်ဆိုက်ချိန်ကစလို့ ပိတ်ထားခဲ့ရတဲ့ ဒီ ဥယျာဉ်ပြန်ဖွင့်ရင် တကမ္ဘာလုံးက အာရုံစိုက်စရာ လုပ်ဆောင်မှုတခုလည်း ဖြစ်လာမှာပါ။

အပြောင်းအလဲ အကြီးအမားတွေထဲက တခုက ဘာဖြစ်လာမလဲဆိုတော့ အရင် တနေ့ကို လူ ၈ သောင်းလောက် လက်ခံနေတဲ့ ဒီဥယျာဥ်ထဲမှာ လာလည်မယ့် လူအရေအတွက်ကို သိသိသာသာ လျှော့ချပစ်မှာပါ။

တရုတ်အစိုးရက တနေ့ကို လူ ၂ သောင်း ၄ ထောင်ထက်ပိုပြီး လက်မခံဖို့ သတ်မှတ်သလို ဒစ္စနီ ဘက်ကလည်း သူတို့ လုပ်ငန်းအစီအစဥ်တွေ လုပ်ဆောင်နေဆဲမို့ ဧည့်သည်အရေအတွက်ဟာ အဲ့ဒီအရေအတွက်ထက် နည်းမှာပါလို့ ဆိုပါတယ်။

ဝင်ပေါက်မှာ တန်းစီတာမျိုး မဖြစ်ရအောင် ဝင်ခွင့်လက်မှတ်တွေကို ကြိုစာရင်းပေး ရမှာပါ။

ဧည့်သည်ဟာ ပိုးရှိသူနဲ့ ထိတွေ့ထားတာရှိမရှိ ဆန်းစစ်မယ့် QR ကုဒ်ကိုလည်း သူ ဥယျာဥ်ထဲ မဝင်ခင်မှာ စစ်ဆေးမှာပါ။

နောက်ပြီး ဥယျာဉ်ထဲမှာ အစားအစာ စားချိန်ကလွဲလို့ အမြဲတမ်း နှာခေါင်းစည်း တပ်ထားဖို့လည်း ကြပ်မတ်နေမယ်လို့ ဆိုပါတယ်။

လူတွေ ခပ်ခွာခွာနေကြဖို့ စည်းမျဥ်းကလည်း အဓိက လုပ်ဆောင်မယ့် စည်းမျဥ်းတွေထဲမှာ ပါဝင်ပြီး ဥယျာဥ်ထဲမှာ၊ စားသောက်ဆိုင်ထဲမှာ၊ ဟိုတယ်တွေထဲမှာ လူစုစု စုစု မဖြစ်အောင် ဒစ္စနီ ဝန်ထမ်းတွေက လိုက်ပြီး ကြပ်မတ်ပါမယ်။

ဒစ္စနီ ဥယျာဥ်ရဲ့ ကျန်းမာရေးအရာရှိချုပ် ဒေါက်တာ ပမ်မလာ ဟင်မဲလ်က လူတွေ ခပ်ခွာခွာ နေနိုင်အောင် ကူညီမယ့် သူတို့ကိုယ်ပိုင် နည်းပညာသုံးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

သန့်ရှင်းရေးနဲ့ ပိုးသတ်ပေးရေး နည်းနာတွေကိုလည်း အဆင့်မြှင့်ထားတယ်လို့ သူက ပြောပါတယ်။

သူတို့ ပျော်ပွဲဥယျာဥ်တွေ ပိတ်ထားရတဲ့အတွက် ဝေါလ် ဒစ္စနီ ကုမ္ပဏီက သူတို့ ဒီနှစ် ပထမ ၃ လပတ်အတွင်း အမြတ်ငွေ ထိခိုက်မှုက ဒေါ်လာ ၁.၄ ဘီလီယံ ရှိတယ်ဆိုတာကို ဒီသီတင်းပတ် အစောပိုင်းလောက်တုန်းက ကြေညာခဲ့ပါတယ်။

ဟောင်ကောင်၊ တိုကျိုနဲ့ အမေရိကန်တို့က ဒစ္စနီဥယျာဥ်တွေကတော့ ဆက်ပြီး ပိတ်ထားရဆဲပါ။