လော့ဒေါင်း ကာလမှာ နယူးဇီလန်မှာ ကားအများအပြား ခိုးယူခံလိုက်ရ

ဓာတ်ပုံ ရင်းမြစ်, Jucy
မော်တော်ယာဥ် အငှား ဝန်ဆောင်မှု လုပ်ငန်း က ကားတွေ တသီတသန်းကြီးရပ်ထားပြီး သော့တွေကလည်း အဆင်သင့် ဆိုတော့ သူခိုးတွေ အတွက် အချိုရှာ သကာတွေ့ ဆိုသလိုပါပဲ။
ပြီးတော့ နယူးဇီလန်မှာက ကိုရိုနာ ကာလ အတွင်း တင်းကျပ်တဲ့ တားဆီး ကန့်သတ်မှုတွေ ချမှတ်ထားလို့ လမ်းပေါ်မှာ လူသူကလည်း မရှိသလောက် ဖြစ်နေပါတယ်။ ဒါဟာ သူတို့ အတွက် အလုပ်လုပ်ဖို့ အချိန်ကောင်း ပေါ့။
ကားခိုးသူတွေဟာ အော့်ကလန် မှာရှိတဲ့ ဂျူစီ ကားအငှားဝန်ဆောင်မှုလုပ်ငန်းရဲ့ ခြံစည်းရိုတွေကို ဖြတ်တောက် ဝင်လာခဲ့ကြပြီး၊ ပင်မဂိတ်တံခါးကို မဖွင့်ကာ ကားတွေကို တစ်စီးပြီး တစ်စီး မောင်းထွက်သွားခဲ့ကြပါတယ်။
လော့ဒေါင်းကြောင့် လူသူကင်းမဲ့ တိတ်ဆိတ်နေမှုဟာ ကားသူခိုးတွေအတွက် လုံးဝ ကို ခိုးရလွယ်ကူတဲ့ အခွင့်ကောင်းကြီး တစ်ခုပါပဲ။ ပထမအကြိမ်၊ ဒုတိယ အကြိမ် နဲ့ ကားတွေကို တစ်စီးပြီး တစ်စီး မောင်းယူပြီး၊
ကားစုစုပေါင်း ၉၇ စီးကို ခိုးယူသွားခဲ့ကြပါတယ်။
ဒီလို ကားခိုးယူမှုတွေကို ရက်သတ္တပတ်ပေါင်းများစွာ လူသူကင်းရှင်းနေတဲ့ လမ်းတွေပေါ်မှာ မောင်းပြီး ခိုးယူမှုတွေ လုပ်ခဲ့ကြတာပါ။
ဒါဟာ အရှိုက်ကို ကန်ခံရတာနဲ့ အလားသဏ္ဍန်တူတယ်လို့ ကားငှားလုပ်ငန်း ဝန်ဆောင်မှု အကြီးအကဲ ဖြစ်သူ တွမ် ရက်ဒန်ကလော့ပ် က ဆိုပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ကာလမှာ တစ်နိုင်ငံလုံးမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဖေးဖေးမမ ရှိနေချိန်မှာ ဒီလို ကားခိုးယူ ခံရမှုအတွက် လုံးဝ ယုံနိုင်စရာ မရှိဘူးလို့လည်း ပြောပါတယ်။
တခုခုတော့မှားနေပြီ
နယူးဇီလန်မှာ ဂျူစီ ကားအငှား ဝန်ဆောင်မှုလုပ်ငန်းက လူသိများတဲ့ လုပ်ငန်းတစ်ခုပါ။ အဲဒီကို သွားရောက်လည် ပတ်မယ် ဆိုရင် ရှုခင်းတွေ ကြည့်ဖို့ နဲ့ လှည့်လည် သွားလာဖို့ အတွက် ခရီးသွားတွေဟာ ဒီကုမ္ပဏီက အိပ်စင် ပါတဲ့ ကားတွေ နဲ့ တခြား ကားပုံစံ အမျိုးအမျိုးကို ငှားလေ့ ရှိကြပါတယ်။
အစိမ်းရင့်ရောင် အရောင်အသွေးရှိတဲ့ ကုမ္ပဏီက ကားတွေဟာ ထင်သာ မြင်သာရှိပြီး၊ ခိုးယူ မောင်းသွား ရင်တောင် အလွယ်တကူ မိသွား သိသွားနိုင်တာကြောင့် ဒီကားတွေကို ဘယ်သူတွေက ခိုးယူမှာလဲ။ ဒါပေမဲ့ အခိုးခံရတဲ့ ကားအများစုက ရိုးရိုးမြို့တွင်းသွားကား တွေဖြစ်ပြီး အနည်းအကျဥ်းကသာ အိပ်စင်ကားတွေပါ။
နောက် ဘာဖြစ်သလဲဆိုတော့ ကုမ္ပဏီဘက်က သူတို့ကားတွေ ခိုးယူခံရတယ် ဆိုတာ သိတောင် မသိပါဘူး။ ဧပြီလမှာ လော့ဒေါင်း အချိန် ဆိုတော့ ကားတွေကို ဝန်းထဲမှာ တန်းစီ ရပ်ထားခဲ့ပြီး သွားရောက် စစ်ဆေး တာမျိုးလည်း မရှိခဲ့ပါဘူး။ ရဲက လာအကြောင်းကြားမှပဲ သိခဲ့ရတာပါ။

ဓာတ်ပုံ ရင်းမြစ်, jucy.com
ပိတ်ဆို့မှုတွေ ချမှတ်ထားလို့ လမ်းပေါ်မှာ လူက ကင်းမဲ့နေပါတယ်။ ဒါပေမယ့် ကင်းလှည့်နေတဲ့ ရဲကား တွေတော့ ရှိပါတယ်။
အဲဒီလို အချိန်ကြီးမှာ အငှားကား ကုမ္ပဏီ က ကားတွေ လမ်းပေါ်မှာ တွေ့ရလို့ သံသယ ဖြစ်မိပြီး နောက်က လိုက်မေးရင်းမှ ကားခိုးလာတာ ဆိုတာကို သိရတာလို့ ရဲအုပ် မတ် ဆာဟွိုင်က ဘီဘီစီကိုပြောပါတယ်။
နောက်မှ ကုမ္ပဏီဘက်ကို အကြောင်းကြားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
လူတွေရဲ့ ပံ့ပိုးမှုအများအပြားရှိခဲ့
ပုံမှန် အချိန်မှာ ကားတွေကို ခိုးယူတယ် ဆိုရင်တောင်မှ တော်တော်ဆိုးတဲ့ အခြေအနေပါ။ ကပ်ရောဂါ ဘေးကြီး အတွင်းမှာ ကားတွေကို ခိုးယူတယ်ဆိုတာကတော့ ဆိုးရွားလွန်းပါတယ်လို့လည်း ရဲ တာဝန်ရှိသူက ဆိုပါတယ်။
နယူးဇီလန်မှာ အကြီးဆုံး ကားခိုးယူမှု ဖြစ်သွားတဲ့ အတွက် စိတ်ပျက်ရတယ်လို့လည်း ရဲအုပ် မတ် ဆာဟွိုင် က ပြောပါတယ်။ လော့ဒေါင်း ကာလ ကို အခွင့်ကောင်းယူပြီး ခိုးမှု ကျူးလွန်တဲ့ အတွက် စိတ်မကောင်း ဖြစ်ရတယ် လို့လည်း သူက ဖွင့်ဟ ဝန်ခံပါတယ်။
အဲဒီ အချိန်က နိုင်ငံတွင်းမှာ လော့ဒေါင်း အဆင့်သတ်မှတ်ချက် ၄ အထိ တိုးမြှင့်ထားတာပါ။ ဒါက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပိတ်ပင် ထားတဲ့ တခြား နိုင်ငံတွေထက် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှု ဖြစ်ပါတယ်။
ဒီလို ကားတွေ ခိုးယူခံရတယ် ဆိုတဲ့ သတင်းတွေ ဆိုင်းဘုတ်ကြီးတွေနဲ့ နေရာ အနှံ့အပြားမှာ ဖော်ပြ ခဲ့ပြီးနောက်မှာ လူတွေက ရဲတွေဆီကို တိုင်ကြားမှုတချို့ လုပ်လာကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jucy
အဲဒါကတော့ အင်တာနက်မှာ တန်ဖိုးနည်း တဲ့ ကားတွေ ရောင်းချဖို့ ကြော်ငြာတင်ထားတာ တွေ့ရတယ်လို့ ပြောလာကြတာပါ။ ဒီကြော်ငြာတွေက သံသယ ဖြစ်စရာ ကောင်းနေတယ်လို့လည်း သူတို့တွေက ပြောပြ ကြပါတယ်။
ရဲနဲ့ လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကားတွေ ပြန်ရ
လော့ဒေါင်းကြောင့် အလွယ်တကူ ခိုးယူ ခံရတဲ့ ကားတွေကို ခြေရာခံလိုက်ရာမှာ လော့ဒေါင်းကြောင့်ပဲ လွယ်ကူလျှင်မြန်စွာ နဲ့ ပြန်ရှာနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ တဝန်ရှိသူက ပြောပါတယ်။
တစ်စီးပြီး တစ်စီး ခြေရာခံ လိုက်ခဲ့ရာမှာ ကားအတော်များများကို ပြန်ရခဲ့ပါတယ်။ နောက်ဆုံးမှာ ကား စုစုပေါင်း ၈၅ စီးကို ကုမ္ပဏီဘက်ကို ပြန်ပေးနိုင်ခဲ့ပါတယ်။ ကားခိုးယူမှုမှာ ပါဝင်တဲ့ လူ ၂၉ ယောက်ကိုလည်း ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ပါတယ်။
အဲဒီလူတွေဟာ ဒေသတွေင်းက လူဆိုးဂိုဏ်း တွေနဲ့ ဆက်နွှယ်နေတဲ့ လူတွေ ဖြစ်ပါတယ်။ ကားတွေ ခိုးဖို့ သေချာ စီစဥ် ခဲ့ပုံလည်း မရပါဘူး။
ကားကုမ္ပဏီဘက်ကတော့ သင်ခန်းစာ အကြီးအကျယ် ရခဲ့ပါတယ်။ ဒါပေမယ့် ကား အတော်များများ ပြန်ရတဲ့ အတွက် လုပ်ငန်း ပြန်လည် လည်ပတ်ဖို့တော့ အသင့်အနေအထား ရှိနေပါပြီ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ် နိင်ခဲ့တဲ့ နယူးဇီလန် ဟာ အခုတော့ လမ်းတွေ ပြန်ဖွင့်ပေးလိုက်ပြီး၊ စီးပွားရေး လုပ်ငန်းတွေလည်း ပြန်လည် လည်ပတ်နေပါပြီ။
ကားအငှားလုပ်ငန်းတွေလည်း လုပ်ငန်း ပြန်စတင်ဖို့ တာဆူနေပါပြီ။ ကားခိုးခံရတဲ့ အတွက် ထိခိုက်မှုတော့ ရှိခဲ့တာ အမှန်ပဲလို့ ဂျုစီ ကားအငှားလုပ်ငန်း တည်ထောင်သူ တင် အပ်လ် က ဆိုပါတယ်။
ဒါပေမယ့် လူတွေရဲ့ ကူညီမှုကတော့ အံ့မခန်းပဲလို့ သူက ပြောပါတယ်။ ရဲတွေနဲ့ အကူအညီပေးခဲ့ကြတဲ့ လူတွေကို ကျေးဇူး တင်တယ်လို့လည်း သူက ပြောပါတယ်။
လောလောဆယ်မှာ ကား ၈၅ စီး ကို ပြန်ရပါပြီ။ ကျန်တဲ့ ၁၂ စီးကိုလည်း ပြန်မရနိုင်စရာ မရှိဘူးလို့ ရဲအုပ် မတ် ဆာဟွိုင်က ယုံကြည်နေပါတယ်။








