ကိုရိုနာဗိုင်းရပ်စ် - မြောက်ကိုရီးယားက မွေးစားသား ၁၀ ယောက်ကို အိမ်မှာ စာသင်တဲ့ အဖေ

ဓာတ်ပုံ ရင်းမြစ်, Kim Tae-hoon
ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကြောင့် ကမ္ဘာတဝန်းက မိဘ သန်းပေါင်းများစွာဟာ ကိုယ့်ကလေးတွေကို အိမ်မှာပဲ စာသင်ပေးနေရတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က အမျိုးသားတစ်ဦးအတွက်ကတော့ သူတို့တွေထက် ပိုအခက်အခဲ ကြုံရမှာပါ။
ကင်မ် တေဟွန်း ဆိုတဲ့ အသက် ၄၅ နှစ်အရွယ် အဲဒီတောင်ကိုရီးယား အမျိုးသားဟာ မိဘတွေမပါဘဲ ဘက်ပြောင်း ခိုလှုံလာတဲ့ မြောက်ကိုးရီးယား လူငယ် ၁၀ ယောက်ကို သူ့အိမ်မှာ စောင့်ရှောက်ထားတာပါ။
အငယ်ဆုံးက ၁၀ နှစ်အရွယ်ပဲ ရှိသေးပြီး အကြီးဆုံးက ၂၂ နှစ်ပါ။
ခါတိုင်း ဒီအချိန်မှာ ၂၂ နှစ်အရွယ် ဂွန် ဆီယွန်း က တက္ကသိုလ်၊ ကျန်တဲ့ကလေးတွေက ကျောင်းတွေ တက်နေကြမှာ ဖြစ်ပါတယ်။
ဒါပေပမဲ့ ပြီးခဲ့တဲ့လကစလို့ တောင်ကိုရီးယားမှာ ကျောင်းသူကျောင်းသားတွေ အွန်လိုင်းကနေပဲ စာသင်ကြားနေကြရပါတယ်။
ဝေးလံတဲ့အရပ်မှာ ပထမဆုံးအကြိမ် အွန်လိုင်း စာသင်ကြားမှု စစချင်း မနက်မှာပဲ အင်တာနက်လိုင်း အမိဆုံးရတဲ့ အိမ်အပေါ်ထပ်က စားပွဲကြီးတခုမှာ လူငယ်လေးတွေအားလုံးကို စုထိုင်ခိုင်းရင်း ကင်မ်က ဘီဘီစီကို ဗီဒီယို လင့်ခ်ကနေတဆင့် စကားပြောခဲ့ပါတယ်။
မနက်ခင်း ကျောင်းအစည်းအဝေးမှာ အသံတွေ ရှုပ်ထွေးဝင်လာနိုင်တဲ့အတွက် နားကြပ်တွေ တပ်ထားကြဖို့ ကင်မ်က ကလေးတွေကို ပြောပါတယ်။
ထင်တဲ့အတိုင်း အစပိုင်းမှာ ပြဿနာ တချို့ ရှိခဲ့ပါတယ်။ သိပ်အကျွမ်းမဝင်တဲ့ အွန်လိုင်းစနစ်ကို ဒေသန္တရ ပညာရေးရုံးကနေ ငှားထားတဲ့ နည်းပညာ စက်ပစ္စည်းတွေနဲ့ မနည်း အလုပ်ဖြစ်အောင် လုပ်ရတာကလည်း အခက်အခဲတစ်ခုပါ။
အတန်းတူ ကလေးနှစ်ဦးရဲ့ log-in တွေ ရောထွေး မှားခဲ့သလို မြောက်ကိုရီးယားကနေ ရောက်လာတာတစ်နှစ်ပဲ ရှိသေးတဲ့ ၁၅ နှစ်အရွယ် ဂီယွမ် ဆီယွန်း က တခြားသူတွေထက် အကူအညီ ပိုလိုခဲ့ပါတယ်။သူက အွန်လိုင်းကနေ အိမ်စာတွေ တင်ရတာမျိုး သိပ်မကျွမ်းသေးပါဘူး။ တခါ အငယ်ဆုံးကလေးဂျန် ဆီယွန်း က သူ့ရဲ့တက်ဘလက်ပေါ်မှာ ယူကျူ့ဘ် ကြည့်နေလို့ အဆူခံ ရပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Kim Tae-hoon
ဒါပေမဲ့ နှစ်ရက်လောက်အကြာမှာတော့ သူ့ရဲ့ မျက်ခြည်မပြတ် စောင့်ကြပ်မှုအောက်မှာ ကလေးတွေ အွန်လိုင်း ကနေ စာသင်ယူရေး အဆင်ပြေ နေသားကျသွားကြတယ်လို့ ကင်မ်က ပြောပြပါတယ်။
ကင်မ် တာဝန်ယူ စောင့်ရှောက်နေတဲ့ လူငယ်တွေထဲက ၈ ယောက်ဟာ လူကြီးတွေ မပါဘဲ တစ်ယောက်တည်း ဒါမှမဟုတ် မောင်နှမတွေနဲ့ မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေး ခိုလှုံလာကြတာ ဖြစ်ပြီး တောင်ကိုရီးယားမှာ တခြားမိသားစု ဆွေမျိုး ရှိသူတွေ မဟုတ်ကြပါဘူး။
မြောက်ကိုရီးယားကနေ ကလေးတွေချည်း ထွက်ပြေးလာကြရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အတူနေ အဘိုးအဘွားတွေက အသက်အရွယ်ကြီးရင့်နေတာကြောင့် အတူ လိုက်မလာနိုင်တာ၊ မိဘတွေ တကွဲတပြား နေနေရပြီး မိသားစုတစ်ခုလုံး အတူ ထွက်ပြေးဖို့ မဖြစ်နိုင်တာ စတဲ့ အကြောင်းရင်းတွေ ပါဝင်ပါတယ်။
"ကလေးတွေရဲ့ဘဝ ပိုကောင်းအောင် ဆိုပြီး မိဘတွေက တောင်ကိုရီးယားကို လွှတ်လိုက်တာပါ၊ ကလေးက အရမ်းငယ်နေရင် ပွဲစားရဲ့ ကျောပေါ်မှာ ကုန်းပိုး တင်လွှတ်ပေးလိုက်တတ်ကြပါတယ်" လို့ ကင်မ်က ရှင်းပြပါတယ်။
၂၀၂၀ ခုနှစ် မတ်လမှာ မြောက်ကိုရီးယားနိုင်ငံကနေ ဘက်ပြောင်း ခိုလှုံလာသူ ၃၃၆၅၈ ဦး ရှိပြီး အဲဒီထဲက ၁၅ ရာခိုင်နှုန်းဟာ အသက် ၁၉ နှစ် ဒါမှမဟုတ် အဲဒီအောက် ငယ်သူတွေ ဖြစ်တယ်လို့ ကိုရီးယား နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ တောင်ကိုရီးယား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၁၇ ခုနှစ်တုန်းက မိဘတွေမပါဘဲ ကလေး ၉၆ ဦး နိုင်ငံထဲ ရောက်လာတာကို တောင်ကိုရီးယားအစိုးရက သိကြောင်း ထုတ်ပြန်ခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီလူငယ်လေးတွေကို တာဝန်ယူစောင့်ရှောက်ရတဲ့သူ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ကင်မ် မတွေးမိခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကင်မ်ဟာ ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းမှာ လုပ်နေတာပါ။ သူ့အားလပ်ချိန်တွေမှာတော့ ဆိုးလ်မြို့က ဟာနာဝန် ပညာပေးစခန်းမှာ စေတနာ့ဝန်ထမ်း သွားကူပေးလေ့ ရှိပါတယ်။
အဲဒီစခန်းဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေကို တောင်ကိုရီးယား လူမှုအသိုင်းအဝိုင်းထဲ ဝင်ဆံ့နိုင်အောင် လေ့ကျင့်ပြင်ဆင်ပေးတဲ့ သင်တန်းပေးဖို့ ၃ လကြာ ထားလေ့ရှိတဲ့ စခန်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kim Tae-hoon
အဲဒီမှာ အမေနဲ့အတူ သင်တန်းပြီးလို့ ပညာပေးစခန်းကနေ ပြောင်းသွားတဲ့ ဟာ ရီယွန် ဆိုတဲ့ ကောင်လေးတို့ သားအမိနဲ့ ကင်မ် တွေ့ခဲ့ပါတယ်။
သူ့အမေက အလုပ်ရှာလို့ ရခဲ့ပေမဲ့ အလုပ်က အိမ်နဲ့ အရမ်းဝေးပြီး ၁၀ နှစ်အရွယ် သားငယ်ကို အိမ်မှာတစ်ယောက်တည်း ထားခဲ့ရတာမို့ သူမရှိတုန်း သားကို ကြည့်ပေးဖို့ ကင်မ်ကို အကူအညီ တောင်းခဲ့ပါတယ်။
အဲဒီကနေ ကင်မ်တစ်ယောက် ဒီအလုပ်ကို အမြဲလုပ်ဖို့ ဖြစ်လာခဲ့တာပါ။ ဒါကို ကင်မ်ရဲ့မိဘတွေက လုံးဝ မနှစ်မြို့ခဲ့ကြဘဲ နှစ်ပေါင်းအတော်ကြာ ကင်မ်နဲ့ အဆက်အသွယ်ဖြတ်ခဲ့ကြပါတယ်။
အဲဒီကစလို့ မြောက်ကိုရီးယား လူငယ်လေးတွေကို တစ်ယောက်ပြီးတစ်ယောက် ကင်မ် တာဝန်ယူ စောင့်ရှောက်လာခဲ့ပါတယ်။
အဲဒီထဲမှာ ခုချိန်ထိ ကင်မ်နဲ့ အချိန်အကြာဆုံး နေနေသူကတော့ ချီယိုလ် ဂွမ်းဆိုတဲ့ လူငယ်လေးပါ။ ချီယိုလ် ဂွမ်း ဟာ ၂၀၁၂ ခုနှစ် ခရစ်စမတ်စ် အကြိုနေ့မှာ တောင်ကိုရီးယားကို ရောက်လာခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက အသက် ၁၁ နှစ်ပဲ ရှိပါသေးတယ်။
ကနဦးမှာ သူနဲ့ သူ့အစ်မဟာ အမေနဲ့အတူ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ အစောင့်တွေက ဖမ်းမိသွားပြီး ထိန်းသိမ်းထားလိုက်ပါတယ်။
အဲဒီနောက် သူ့ကို တစ်ယောက်တည်း ပြန်လွှတ်ပေးခဲ့ပြီး အစ်မဖြစ်သူကိုတော့ ၃ လအကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
အမေကတော့ ဘယ်တော့မှ ပြန်ပေါ်မလာတော့ပါဘူး။
အဲဒီနောက်မှာ ချီယိုလ် ဂွမ်းနဲ့ သူ့အစ်မ တောင်ကိုရီးယားကို ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ သူစောင့်ရှောက်တဲ့ ကလေးတွေ များလာတဲ့အခါ ကင်မ်ဟာ မိဘမဲ့ ကလေးတွေကို စောင့်ရှောက်တဲ့ ဂေဟာငယ် တစ်ခု ထောင်ဖို့ တောင်ကိုရီးယား ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ခဲ့ပါတယ်။
"ဒါပေမဲ့ ကျွန်တော့်ကလေးတွေကတော့ ဂေဟာလို့ မသတ်မှတ်ကြပါဘူး။ သူတို့ရဲ့ တကယ့်အိမ်လို့ မှတ်ယူထားကြပါတယ်" လို့ ကင်မ်က ပြောပါတယ်။
ကင်မ်ရဲ့ မိဘတွေကလည်း နောက်ဆုံးမှာ သူ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ကြပါတယ်။ အခုဆိုရင် သူ့မိဘတွေက သူ့ကို အားအပေးဆုံးသူတွေ ဖြစ်လာပြီး ကလေးတွေကို ကိုယ့်မြေးတွေလို ဆက်ဆံလာကြပါတယ်။
ဂွန် ဆီယွန်း က ပထမတော့ ကင်မ်ကို ကြောက်ခဲ့မိတယ်လို့ ပြန်ပြောပြပါတယ်။
သူ့ကို စတွေ့တွေ့ချင်းတုန်းက လူဆိုးကြီးတစ်ယောက်လို့ ထင်ခဲ့မိတယ်၊ မြောက်ကိုရီးယားမှာဆိုရင် ဗိုက်ပူပူနဲ့ လူတွေက အစိုးရ အရာရှိကြီးတွေချည်းပဲလေလို့ ရှက်ရှက်နဲ့ ပြန်ပြောပြပါတယ်။ ခုချိန်ထိ သူစကားပြောတာ မြောက်ကိုရီးယားသံ အတော်ဝဲနေတုန်းပါပဲ။
ကင်မ်က သူလုပ်ဆောင်နေရတာတွေမှာ စိန်ခေါ်မှု အခက်အခဲတွေ ရှိနေပေမဲ့ သူကိုယ်တိုင်ပဲ သိမ်းကျုံးလုပ်တယ်လို့ အခုလို ပြောပြပါတယ်။
"အခက်ဆုံးက မီးဖိုချောင် စားသောက်စရာ ဈေးဝယ်တာပါ၊ ကလေးတွေက ကြီးကောင်ဝင်လာကြတဲ့အရွယ်တွေဆိုတော့ အရမ်းစားကြတယ်၊ ဘယ်လောက် တပုံကြီးပဲ ဝယ်ထားဝယ်ထား နောက်တစ်နေ့ဆို ကုန်ရော ဆိုတော့ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး" လို့ ပြောပြပါတယ်။
အစားအစာတွေကို ရေခဲသေတ္တာ ၆ ခုနဲ့ ထည့်ထားရပါတယ်။ တစ်နေ့ကို အဝတ်လျှော်စက် နှစ်လုံးနဲ့ အဝတ်တွေ မပြတ်လျှော်ရပါတယ်။ တစ်အိမ်လုံးကို ကင်မ်ကိုယ်တိုင် ဖုန်သုတ်စက်နဲ့ တစ်နေကုန် သန့်စင်ပါတယ်။
ဒါပေမဲ့ ကလေးတွေကိုတော့ လုံးဝမခိုင်းဘူးလို့ ကင်မ်က ပြောပါတယ်။
"ကလေးတွေကို လိမ္မာယဥ်ကျေးစွာ ကြီးပြင်းလာဖို့ကလွဲလို့ ဘာမှ ကျွန်တော် မတောင်းပါဘူး၊ ဒါက အရေးကြီးဆုံးပါပဲ၊ ကျွန်တော့်မိဘတွေကလည်း ဒီလိုပဲ သွန်သင်ခဲ့တာပါ" လို့ ကင်မ်က ပြောပါတယ်။
ကင်မ်အတွက် လုပ်စရာတွေက များလွန်းလို့ တခြားပုံမှန်ဝင်ငွေရတဲ့ အလုပ်တစ်ခု ထွက်မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အစိုးရဆီက ထောက်ပံ့ကြေး တချို့နဲ့ အဖွဲ့အစည်းတွေဆီက ငွေအကူအညီ ခံစားခွင့် ရခဲ့ပါတယ်။
ငွေကြေးအကူအညီ ယူရတာကို စိတ်မသက်မသာ ဖြစ်မိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့လည်း ငွေကြေး အမှီအခိုတချို့ ကင်းအောင် လုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ သိပ်မကြာသေးခင်ကပဲ ကဖေးဆိုင်လေးတစ်ခု ဖွင့်လိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kim Tae-hoon
ဒါပေမဲ့ ကင်မ်နဲ့ ကလေးတွေ ကြုံနေရတာက ငွေကြေး အခက်အခဲ တစ်ခုတည်း မဟုတ်ပါဘူး။
မြောက်ကိုရီးယားကနေ ဘက်ပြောင်း ခိုလှုံလာသူတွေအပေါ် မနှစ်မြို့စိတ်တွေ တောင်ကိုရီးယားလူမျိုး အတော်များများမှာ ရှိနေပါတယ်။
အိမ်ငှားခ တိုးတောင်းတဲ့အတွက် ဒါမှမဟုတ် ကလေးတွေ ပိုများလာလို့ နေရာပိုလိုလာတဲ့အတွက် အစပိုင်းမှာ ကင်မ် အိမ်ခဏခဏ ပြောင်းခဲ့ရပါတယ်။
အဲဒီလို အိမ်ပြောင်းတဲ့အခါတိုင်း မလိုလားမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရလေ့ ရှိပါတယ်။
"ဘယ်နေရာပြောင်းပြောင်း၊ တနည်းနည်းနဲ့ အိမ်နီးချင်းတွေ သိသွားကြပါတယ်၊ ဘက်ပြောင်းခိုလှုံလာတဲ့ မြောက်ကိုရီးယားတွေကို သိုသိုသိပ်သိပ်နဲ့ ထားဖို့ တချို့က ကျွန်တော့်ကို သတိပေးစာ ပို့တာတွေတောင် ရှိပါတယ်" လို့ ကင်မ် က ပြန်ပြောပြပါတယ်။
တစ်ကြိမ်မှာဆိုရင် ကင်မ်ရဲ့အိမ်ကို ရဲတွေ လာရှာတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကင့်မ် အိမ်က ကလေးတစ်ယောက်ကို မြောက်ကိုရီးယားရဲ့ သူလျှို ဆိုပြီး သူ့အတန်းဖော်က တိုင်လိုက်လို့ပါ။
ဒါက အတော်လေးကို ကြီးတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒါမျိုး ခဏခဏ မဖြစ်ရင်တောင် မြောက်ကိုရီးယားကလေးငယ်တွေကို "စစ်ဖန်တီးတဲ့ ကောင်တွေ" လို့ ခေါ်ဝေါ် လှောင်ပြောင်တာတွေ ရှိနေပြီး ကျောင်းသစ် စတက်တဲ့အခါတွေမှာ ပိုဆိုးလေ့ ရှိပါတယ်။
"တစ်ယောက်ယောက်ကို မြောက်ကိုးရီယားလူမျိုးဆိုတာ သိလိုက်တာနဲ့ အဲဒီလူကို နှိမ်တဲ့အကြည့်နဲ့ တောင်ကိုရီးယားတွေက ကြည့်တတ်ကြတယ်၊ တချို့ဆို ရန်လိုကြတယ်၊ ကျွန်တော့်ကလေးတွေက ဆယ်ကျော်သက်အရွယ်လေးတွေပဲ ရှိသေးတာဆိုတော့ အရမ်းဝမ်းနည်းစရာကောင်းတယ်၊ သူတို့လေးတွေကို နိုင်ငံရေးအမြင်နဲ့ မကြည့်သင့်ကြပါဘူး" လို့ ကင်မ်က ပြောပါတယ်။
"ပုံမှန်နေ့ကျောင်းမဟုတ်တဲ့ တခြားကျောင်းတွေက မကောင်းဘူးလို့ ကျွန်တော်မပြောပါဘူး၊ ကျွန်တော့်ကလေးတွေကို အိမ်ကနေ ကျွန်တော် အပြည့်အဝ အားပေးနေတဲ့အတွက် ကျွန်တော်တို့အတွက် ဒီလိုကျောင်းမျိုးတွေ မလိုပါဘူး။ သာမန်ကျောင်းမှာပဲ တောင်ကိုရီးယား သူငယ်ချင်းတွေနဲ့ အမှတ်ရစရာတွေ ဖန်တီးနိုင်မယ်ဆိုရင် ဒီကလေးတွေအတွက် အခွင့်ကောင်းကြီးတစ်ရပ် ဖြစ်ပါလိမ့်မယ်"
လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ကင်မ် စောင့်ရှောက်နေတဲ့ လူငယ်လေးတွေထဲက ဂျင် ဘီယောမ် ဆိုတဲ့ လူငယ်လေးက ကျောင်းသားအဖွဲ့ ဥက္ကဌ အဖြစ်အရွေးခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဆရာဖြစ်သူက ကင့်မ်ကို ဖုန်းလှမ်းဆက်ပြီး ဒီအတွေ့အကြုံကနေ လူငယ်လေး စိတ်ဒဏ်ရာ ရသွားမှာ စိုးတယ် လို့ ပြောပါတယ်။
ကင်မ်က ဆရာဒီလို ဖုန်းဆက်ပြောတာကိုသာ ဂျင် ဘီယောမ် သိရင် ဒါ့ထက် ပိုနာကျင်ဝမ်းနည်းလိမ့်မယ်လို့ဆရာ့ကို ပြန်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုကြားကနေ ဂျင် ဘီယောမ် ကို ဥက္ကဋ္ဌအဖြစ် ကျောင်းသားတွေက မဲပေးခဲ့ကြပါတယ်။

နှစ်စဥ်နှစ်တိုင်း ကင်မ်နဲ့ ကလေးတွေ အတူတူတွဲ စီမံကိန်းချပြီး အစီအစဉ်တစ်ခု လုပ်လေ့ရှိပါတယ်။တခါတလေ ပန်းချီပြပွဲ၊ တခါတလေတော့ သီဆိုတီးမှုတ်ပွဲ လုပ်ပါတယ်။ မကြာသေးခင်တုန်းကတော့ ကလေးတွေ ရိုက်ထားတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ရှုခင်း ဓာတ်ပုံတွေကို ခင်းကျင်း ပြထားတဲ့ ခရီးသွားမှတ်တမ်းစာအုပ်တစ်ခု ဖန်တီးခဲ့ကြပါတယ်။
"ကျွန်တော့်ကလေးတွေက တောင်ကိုရီးယား လူမှုအသိုင်းအဝိုင်းထဲ မဝင်ခင် ဟာနာဝန် ပညာပေးစခန်းမှာ ရှိနေတုန်းမှာ သူတို့ သိချင်တာ နှစ်ခု ရှိခဲ့တယ်လို့ ပြောပါတယ်"
"တစ်ခုက တောင်ကိုရီးယားနိုင်ငံက ဘယ်လိုပုံမျိုးလဲ ဆိုတာရယ်၊ နောက်တစ်ခုက တကယ်လို့ တောင်ကိုရီးယားက လူတွေက ကျွန်တော့်တို့ကို မကြိုက်ခဲ့ရင် ဘယ်လို ဖြစ်မလဲ ဆိုတာရယ်ပါ"
"ဒါကြောင့် အပြင်ထွက် လျှောက်လည်ကြတဲ့အခါ တောင်ကိုရီးယားနိုင်ငံရဲ့ ရှုခင်းပုံတွေကို မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်" လို့ ကင်မ်က ပြောပြပါတယ်။
ရည်ရွယ်ချက်က ဟာနာဝန်ပညာပေးစခန်းက ကလေးတွေ ဘာမှန်းမသိ ကြောက်နေတာကို ပျောက်သွားအောင် ကူညီတဲ့အနေနဲ့ အဲဒီမှတ်တမ်းစာအုပ် မိတ္တူတွေ လှူပေးဖို့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kim Tae-hoon
ကင်မ်ရဲ့ စောင့်ရှောက်မှုကို ခံရတဲ့ ကလေးတွေက သူတို့ရဲ့ အနာဂတ်အတွက် စိတ်လှုပ်ရှားပျော်မြူးနေကြပါတယ်။
သူတို့ရဲ့ ရည်ရွယ်ချက် ပန်းတိုင်တွေထဲမှာ ကာတွန်းဆရာ၊ ဗိသုကာ၊ အားကစားသမား ဖြစ်ချင်တာတွေ ပါပါတယ်။
ကင်မ် ပထမဆုံး တာဝန်ယူစောင့်ရှောက်ခဲ့တဲ့ ကလေးငယ် ဟာရီယွန်း ဆိုရင် သူ့အိမ်မှာ မနေတော့ပါဘူး။ လူမှုဗေဒ ပညာရပ်နဲ့ တက္ကသိုလ်မှာ နောက်ဆုံးနှစ် ပညာသင်ကြားနေပါတယ်။
ဒါပေမဲ့ အနာဂတ်မှာ ဘာပဲ ဖြစ်လာကြပါစေ၊ သူကတော့ သူ့အိမ်တံခါးကို အမြဲ ဖွင့်ထားမယ် လို့ ကင်မ်က ပြောပါတယ်။
"ကျွန်တော်တို့အားလုံး မိသားစုအဖြစ် ဆက်ရှိနေကြမှာပါ"လို့ သူက ပြောပါတယ်။








