အာဖဂန် ကလေး ၇ သန်းကျော် အငတ်ဘေးကြုံနိုင်

ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ကလေးငယ်ပေါင်း ၇ သန်းကျော်ဟာ ကိုရိုနာကပ်ဘေးကာလ စားသောက်ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် ငတ်မွတ်ခေါင်းပါးမယ့် အန္တရာယ် ရှိနေတယ်လို့ အစီရင်ခံစာတစောင်က သတိပေးထားပါတယ်။

နိုင်ငံတကာက တခုခုသာ မဆောင်ရွက်ကြရင် အငတ်ဘေး၊ ရောဂါနဲ့ သေဆုံးမှု အကုန်စုပြုံပြီး အင်မတန် ဆိုးရွားတဲ့ အခြေအနေကို ကြုံတွေ့ရလိမ့်မယ်လို့ Save the Children အဖွဲ့တဖွဲ့ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ကလေးငယ် ၇.၃ သန်းအပါအဝင် အာဖဂန်လူဦးရေရဲ့ သုံးပုံတပုံဟာ ရိက္ခာမလုံမလောက်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

အငတ်ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ နိုင်ငံစာရင်းထဲမှာ အာဖဂန်နစ္စတန်ကို ကုလသမဂ္ဂက မကြာခင်ကပဲ ထည့်သွင်းလိုက်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတော့ ကမ္ဘာကြီးဟာ အငတ်ဘေးကပ်ကြီးကို ကြုံနေပြီလို့ သတိပေးပါတယ်။

၂၀၀၁ ခုနှစ်ကစပြီး အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက တာလီဘန်ကို တိုက်ခိုက်ခဲ့တဲ့ အတွက် အာဖဂန်နစ္စတန်ဟာ နှစ်ပေါင်း ၂၀ နီးပါး စစ်မြေပြင်ဖြစ်ခဲ့ပါတယ်။ စစ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ပျက်စီးချို့တဲ့ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ချိန်မှာ အစိုးရက မြို့တော်ကာဘူးကို ပိတ်လိုက်ပါတယ်။ မတ်လကုန်မှာတော့ တခြားမြို့တွေလည်း လိုက်ပိတ်ပါတယ်။ မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့မှတပါး အပြင်ထွက်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်လိုက်သလို မြို့ချင်း ကူးသန်းသွားလာခွင့်ကိုလည်း ပိတ်လိုက်ပါတယ်။

အစီရင်ခံစာက ဘာပြောသလဲ

ကလေးတွေရဲ့ ကိုယ်ခံအားမြှင့်တင်ပေးဖို့အတွက် အာဟာရလိုအပ်နေချိန်မှာပဲ စားသောက်ကုန်စျေးနှုန်းက မြင့်တက်လာတယ်လို့ Save the Children က ဆိုပါတယ်။

ကပ်ရောဂါ မဆိုက်ခင် ကတည်းက အာဖဂန်နစ္စတန် ကလေးသူငယ် ၅ သန်းကျော်ဟာ လူသားချင်းစာနာတဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေပြီးသားပါ။

ကုလသမဂ္ဂရဲ့ နောက်ဆုံး စစ်တမ်း အရဆိုရင် အသက် ၅ နှစ်အောက် ကလေးသူငယ် ၂ သန်းလောက်ဟာ အလွန်အမင်း ငတ်မွတ်နေကြပြီလို့ ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားတာက ဂျုံနဲ့ စားသုံးဆီစျေးဟာ ပြီးခဲ့တဲ့ တလ အတွင်း ၂၃ ရာနှုန်းအထိ မြင့်တက်သွားခဲ့ပြီး ဆန်၊ သကြားနဲ့ ပဲမျိုးစုံစျေးကတော့ ၇ ရာနှုန်းနဲ့ ၁၂ ရာနှုန်းကြား မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဆတိုး ဆိုးစေတဲ့အချက်ကတော့ ပိတ်ဆို့မှုတွေ လုပ်ပြီးနောက် လုပ်ခတွေ ကျဆင်းလာသလို အလုပ်လက်မဲ့တွေတိုးလာတဲ့ အချက်ပါပဲ။

အာဖဂန်နစ္စတန် လုပ်သားထုရဲ့ ရာခိုင်နှုန်းအများစုဟာ ကျပန်းအလုပ်တွေကိုသာ မှီခိုကြရတဲ့ အတွက် အလုပ်ရှားပါးချိန်မှာ သူတို့အတွက် အကာအကွယ်ပေးနိုင်တာတွေလည်း မရရှိတော့ဘူး လို့အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန်မှာ လူတသောင်းအတွက် ဆရာဝန် ၃ ယောက်နှုန်းသာရှိလို့ အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေကို အသက်ကယ်ကုသမှုရရှိဖို့ကလည်း ခက်ခဲပါတယ်လို့ Save the Children က ဆိုပါတယ်။

အာဖဂန်နစ္စတန်မှာ ရောဂါကပ်ဘေးရဲ့ အကြီးဆုံးထိုးနှက်ချက်က ဗိုင်းရပ်စ်မဟုတ်ဘဲ အငတ်ဘေးဖြစ်နေတယ်လို့ Save the Children ရဲ့ အာဖဂန်နစ္စတန်ဒါရိုက်တာ တင်မသီဘစ်ရှော့က ဆိုပါတယ်။

"နိုင်ငံတကာကသာ ကူညီဆောင်ရွက်မှုတွေ မလုပ်ဘူးဆိုရင် အငတ်ဘေး၊ ရောဂါနဲ့၊ သေခြင်းတရားတို့ စုပေါင်းပြီး အဆိုးဆုံးအခြေအနေတခု ဖြစ်လာမှာကို ကျွန်တော်တို့ အလေးအနက် စိုးရိမ်ပူပန်နေပါတယ်"လို့လည်း သူကဆိုပါတယ်။

"ကလေးသူငယ်တွေဟာ ဆာလောင်မှုကြောင့် သေနိုင်တဲ့ အန္တရာယ်ကို တကယ့်ကို ကြုံနေရပါပြီ။ ဒီနိုင်ငံထဲက အဆိုးဆုံးနေရာတွေဆီကို နိုင်ငံတကာက အစားအသောက်တွေ အမြန်ဆုံးပို့ဆောင် ပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ။ အာဖဂန်နစ္စတန် အစိုးရ အနေနဲ့လည်း တနိုင်ငံလုံး ပိတ်ထားပေမယ့် အစားအသောက်တွေကိုတော့ အမြန်ဆုံးထောက်ပံ့ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းနေပါတယ်။"

"အာဖဂန်နစ္စတန်က ကလေးငယ်တွေခံစားရတဲ့ ဒုက္ခဟာ သိပ်များလွန်းနေပါပြီ။ ကလေးငယ် အများစုဟာ သူတို့ဘဝတလျှောက်လုံးမှာ စစ်ပွဲအကြောင်းကလွဲပြီး ဘာမှ မသိကြတော့ပါဘူး။ သူတို့ရဲ့ အနာဂတ်ကို ကိုဗစ်-၁၉ ကထပ်ပြီး လုယူသွားမှာ ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး။" လို့လည်း သူက ဆိုပါတယ်။

အာဖဂန်နစ္စတန်ရဲ့ ကိုဗစ် ၁၉ အခြေအနေ

အာဖဂန်နစ္စတန်မှာ ရောဂါကူးစက်သူ ၂၁၇၁ ယောက်ရှိပြီး သေဆုံးသူက ၆၄ ယောက်ဖြစ်တဲ့ အတွက် အဆိုးဆုံးနိုင်ငံတွေထဲမှာ မပါသေးပါဘူး။ ဒါပေမဲ့ အာဖဂန်နစ္စတန်ဟာ များများဆေးစစ်နိုင်တဲ့ နိုင်ငံမဟုတ်လို့ တကယ်ဖြစ်နေတဲ့ အရေအတွက်ဟာ ဒီ့ထက်များမှာပဲလို့ ယုံကြည်နေကြပါတယ်။

ကူးစက်သူအရေအတွက် ရုတ်တရက်သာ မြင့်တက်လာရင် အာဖဂန်ရဲ့ ယိုင်နဲ့နဲ့ ကျန်းမာရေး စနစ်ဟာ မြန်မြန်ပြိုလဲသွားနိုင်တယ်လို့ ကျန်းမာရေး အထူးကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။

ကျောက်ဆောင်၊ တောတောင် ထူထပ်လို့ အဆီးအတားမရှိ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်တဲ့ နယ်စပ်တွေကနေ ဗိုင်းရပ်စ်တွေ အစစ်ဆေးမဲ့ ဝင်ရောက်လာကြမှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်။

မတ်လအတွင်းမှာ အာဖဂန်နစ္စတန်နိုင်ငံသား တသိန်းခွဲလောက် အီရန်ကပြန်လာကြပါတယ်။

အီရန်မှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေဆိုးဝါးလာလို့ ပြန်လာကြတာပါ။ ပါကစ္စတန်ကနေ လောလောဆယ် ပြန်လာတဲ့လူတွေဟာလည်း သောင်းချီရှိနေပါတယ်။

ပထမဆုံးရောဂါကူးစက်မှုကို တွေ့ခဲ့တာက အီရန်နယ်စပ် ဟဲရက်ပြည်နယ်မှာ ဖေဖော်ဝါရီလတုန်းက တွေ့ခဲ့တာဖြစ်ပါတယ်။

ဒီလစောစောပိုင်းတုန်းက အာဖဂန်နစ္စတန် သမ္မတအိမ်တော်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့သူ ဆယ်ဂဏန်းတချို့အထိရှိခဲ့တယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

အာဖဂန်နစ္စတန်အစိုးရကတော့ ဘာမှ မှတ်ချက်မပေးပါဘူး။ သမ္မတ အာရှရက်ဖ်ဂါနီကိုယ်တိုင် ရောဂါကူးစက်ခံရမှုရှိမရှိကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။