ဟိန္ဒူဘုရားပွဲကျင်းပသူတွေကို အိန္ဒိယမှာ တရားစွဲဆို

ဟိန္ဒူဘုရားပွဲမှာ ပန်းရထားနဲ့ဘုရားလှည့်လာစဉ်

ဓာတ်ပုံ ရင်းမြစ်, ANI

ဓာတ်ပုံ ပုံစာ, ဟိန္ဒူဘုရားပွဲမှာ ပန်းရထားနဲ့ဘုရားလှည့်လာစဉ်
ရေးသားခဲ့သည်။

ဟိန္ဒူဘုရားပွဲ ပြုလုပ်ခွင့်ပေးခဲ့တဲ့ အတွက် ဧပြီ ၁၆ ရက် ကြာသပတေးနေ့မှာ ဒေသန္တရတရားသူကြီးတဦးနဲ့ ရဲအရာရှိတဦးကို ရာထူးကရပ်နားလိုက်ပါတယ်။

အဲဒီဟိန္ဒူဘုရားပွဲဟာ ပန်းရထားနဲ့လှည့်လည်ခဲ့တာဖြစ်ပြီး ပါဝင်ဆင်နွှဲသူအများအပြားရှိခဲ့ပါတယ်။

ဘုရားဂေါပကလူကြီးတွေနဲ့ တခြားလူပေါင်း ၂၀ ကိုလည်း အမှုဖွင့်ထားတယ်လို့ ရဲက ဘီဘီစီကို ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ဘုရားပွဲ လူအုပ်ကြီးရဲ့ ဓာတ်ပုံတက်လာတဲ့အခါ လူအများအပြားကို ဒေါသထွက်စေခဲ့ပါတယ်။

မြို့တော်ဒေလီမှာ မူဆလင် ဘာသာရေး အခမ်းအနားတခုကြောင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ဖြစ်ခဲ့ကြောင်း သိရှိခဲ့ရပြီးနောက် သီတင်းပတ် အနည်းငယ်အကြာမှာ အခုဟိန္ဒူဘုရားပွဲ ကျင်းပခဲ့တာပါ။

ဘုရားပွဲလုပ်ခဲ့တဲ့ ကာဘူရာဂီခရိုင် ရီဗူး ကျေးရွာကို အခုချိပ်ပိတ်လိုက်ပါပြီ။ အထူးဆေးအဖွဲ့တဖွဲ့လည်း အမြန်သွားရောက်ပြီး အရေးပေါ်ဖျားနာကုသဆေးခန်း ဖွင့်လှစ်ထားတယ်လို့ ခရိုင်လက်ထောက်ကော်မရှင်နာက ဘီဘီစီကို ပြောပါတယ်။

ကာဘူရာဂီခရိုင်ဟာ အိန္ဒိယမှာ ကိုရိုနာထိပြီး ပထမဆုံးလူသေဆုံးခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ထိန်းချုပ်နယ်မြေအဖြစ် ပထမဆုံးကန့်သတ်ပြီး ရောဂါကူးစက်တဲ့ ကျေးရွာအချို့ ကို အဦးဆုံး ပိတ်ဆို့ချိပ်ပိတ်ခဲ့ရတဲ့ နေရာလည်းဖြစ်ပါတယ်။

ရီဗူးနဲ့ ရွာနီးချင်းကျေးရွာဟာလည်း ၂ နှစ်သားကလေးငယ်တဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တဲ့အတွက် ကျေးရွာကို ချိပ်ပိတ်ထားရပါတယ်။

ဘုရားဂေါပကလူကြီးတွေဟာ ဘုရားပွဲမလုပ်တော့ပါဘူးလို့ ကြိုတင်အာမခံထားပြီးကာမှ လုပ်ခဲ့တာလို့ ပြည်နယ်လွှတ်တော်အမတ် ပရီယန့်ခါဂီက ဘီဘီစီကို ပြောပါတယ်။

ဗုဒ္ဓဟူး ညနေပိုင်းအထိဘာသာရေးခေါင်းဆောင် ဂေါပကအနည်းငယ်နဲ့အတူ ပုံမှန်နေ့စဥ်ဝတ်ပြုပွဲကို လူအနည်းငယ်နဲ့ လုပ်ခဲ့ပါတယ်။

နောက်တနေ့မနက်မှာတော့ ဘုရားပင့်ဆောင်ထားတဲ့ ပန်းရထားဟာ ဘုရားကျောင်းထဲကထွက်လာခဲ့ပါတယ်။ ပန်းရထားကို လူပေါင်း ရာနဲ့ချီပင့်ဆောင်ခဲ့တယ်လို့အရာရှိတဦးကပြန်ပြောပြပါတယ်။

ဘုရားပွဲပါဝင်ဆင်နွှဲသူစုစုပေါင်းဟာလည်း ၁၀၀၀ လျော့လျော့လောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။